
ရန်ကုန်မြို့ အလုံမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် KGL Family အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ကုမ္ပဏီအတွင်းသို့ ဝင်ရောက်ပြီး မန်နေဂျာဖြစ်သူအား ဖမ်းဆီးခေါ်ဆောင်သွားရာတွင် ပါဝင်သည်ဟု သံသယမှုဖြင့် ၅ ဦးကို ဖမ်းဆီးထားပြီး ၃ ဦးကို ရှာဖွေနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ရဲတပ်ဖွဲ့က အဆိုပါအဖြစ်အပျက်ကို “မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်” ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ရည်ညွှန်းလိုက်ပြီး အကြွေးတောင်းသည့် ပြဿနာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့၏အဆိုအရ ယမန်နေ့ ညနေက တုတ်၊ ဓားများ ကိုင်ဆောင်ပြီး ကုမ္ပဏီအတွင်းသို့ လိုက်ထရပ်ကားဖြင့် ဝင်ရောက်လာသူများက မန်နေဂျာကိုပါ ဖမ်းခေါ်သွားသည်ဟု မန်နေဂျာ၏ ညီက အရေးပေါ်နံပါတ် ၁၉၉ သို့ ခေါ်ဆိုအကြောင်းကြားခဲ့သည်ဟု ဆိုသည်။
အနောက်ပိုင်းခရိုင်မှ ရဲတပ်ဖွဲ့များက အခင်းဖြစ်ပွားသည့်နေအိမ်အတွင်းမှ အသက် ၄၂ နှစ် နှင့် ၃၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကို ချက်ချင်းဖမ်းမိခဲ့ပြီး ဓားစာခံကိုလည်း ပြည်လမ်းမပေါ်ရှိ နိုဗိုတယ်ဟိုတယ်ရှေ့တွင် ရဲက ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
ခြံဝင်းအတွင်း ဖမ်းဆီးရမိသူနှစ်ဦး၏ ထွက်ချက်အရ ၎င်းတို့ကိုစေခိုင်းသူမှာ လှဝင်းဆိုသူဖြစ်ပြီး ဒေါ်လာ ဈေးကစားနေသူတစ်ဦးထံမှ အကြွေးသွားတောင်းရာ၌ လိုက်ပါပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် သဘောတူကာ လိုက်ခဲ့ခြင်းဖြစ်ကာ လူငါးဦးစုဆောင်းပေးနိုင်ပါက တစ်ဦးလျှင် ကျပ်ငါးသိန်းစီ ပေးမည်ဟု လှဝင်းက ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ လှဝင်းကို စေလွှတ်လိုက်သူမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၄ ရပ်ကွက် အဝေရာလမ်းနေ မျိုးမြင့်အောင် ခေါ် အရှည်ကြီးဆိုသူဖြစ်သည်ဟုလည်း ၎င်းတို့က ထွက်ချက်ပေး သည်။ ယင်းနောက် အဆိုပါအမှုတွင် ပါဝင်ပတ်သက်ကြောင်း သံသယမှုဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ ၁၃၄ ရပ်ကွက်နေ ဇော်ထူး(ခ) ကရင် ၄၈ နှစ် ၊ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာနေ စောသန်းဦး (ခ)သန်းဦး ၂၉ နှစ် နှင့် သုံးဆယ်မြို့နယ်၊ ပေစင်ကုန်းရပ်ကွက်နေ ထွန်းထွန်း ၄၂ နှစ်တို့အား ထပ်မံဖမ်းဆီးထားကြောင်း ရဲက ဆိုသည်။
အဆိုပါအမှုတွင် အဓိက ပါဝင်ပတ်သက်သည်ဟု ရဲက ယူဆနေသည့် အခြား သုံးဦးဖြစ်သည့် လှဝင်း၊ စွမ်းဆောင်ဦး၊ မျိုးမြင့်အောင်(ခ)အရှည်ကြီး တို့ကိုလည်း ရှာဖွေနေကြောင်း ရဲက ဆိုသည်။
ယခုအမှုကို ခရိုင်အဆင့်ရှိ ရဲမှူးကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်နေပြီး မြို့နယ်ရဲစခန်းအနေဖြင့် အထက်အဆင့်အဆင့်ကို တင်ပြထားပြီးဖြစ်ကြောင်း၊ အမှုဖွင့်ဆောင်ရွက်မှုများကိုတော့ မြို့နယ်ရဲစခန်းတွင် ဖွင့်ထားပေမယ့် မည်သည့်အကြောင်းအရာကြောင့်၊ မည်သူက အကြွေးတောင်းသည်ကို တိတိကျကျ လတ်တလော မပြောနိုင်သေးကြောင်း အလုံမြို့နယ်ရဲစခန်း တာဝန်မှူးဖြစ်သူက Myanmar Now ကို ပြောသည်။