ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပညာရေးဝန်ထမ်းနှစ်ဦး နယ်စပ်ဖြတ်ကျော်ပြီး ပြန်ပေးဆွဲခံရခြင်းမှာ စစ်ကောင်စီ လုံခြုံရေးမပေးနိုင်၍ ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) က ဝေဖန်လိုက်သည်။
မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းအုပ်ဆရာ ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ ဇွန် ၁၆ တွင် ပျောက်ဆုံးပြီးနောက် ဇွန် ၂၃ ရက်မှသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
စစ်ကောင်စီလက်ထက် ထိုသို့ ပြန်ပေးဆွဲခံရခြင်းမှာ နယ်စပ်လုံခြုံရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ (ဇွန် ၂၅) ညပိုင်းတွင် Myanmar Now ကို ပြောသည်။
“အဲဒီနယ်စပ်တစ်လျှောက်မှာ နေထိုင်ကြတဲ့ အာရက္ခပြည်သားတစ်ယောက်ချင်းစီရဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“မြန်မာစစ်တပ်အနေနဲ့ သူတို့လက်အောက်က ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်ဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြနေတာ ဖြစ်ပါတယ်”
ပညာရေးဝန်ထမ်းနှစ်ဦး လွတ်မြောက်ရေးအတွက် မြန်မာငွေ ကျပ်သိန်းတစ်ထောင်ကျော် (၁,၀၄၁ သိန်း) လွှဲပေးခဲ့ရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြည်နယ်အုပ်ချုပ်ရေးပိုင်းက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သော်လည်း မည်သည့်အဖွဲ့က ပြန်ပေးဆွဲသည်၊ မည်သူ့ကို ပိုက်ဆံပေးရသည်ကို ရှင်းရှင်းလင်းလင်းပြောဆိုခြင်း မရှိပေ။
ထို့အတူ ပညာရေးဝန်ထမ်းနှစ်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
တစ်ပတ်ခန့်ကြာ ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်းနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ယူစစ်ဆေးပြီးနောက် ဇွန် ၂၃ ရက် ညပိုင်းတွင် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များထံ လွှဲပြောင်းပေးခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းအချို့အရ သိရသော်လည်း အသေးစိတ် မသိရပေ။
ပြန်ပေးဆွဲခံရသူများကို ဒေသအခြေစိုက်မီဒီယာများက တွေ့ဆုံမေးမြန်းရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။
နောက်ကွယ်တွင် အကြောင်းတစ်ခုခုရှိနိုင်ပြီး စစ်ကောင်စီက တားဆီးပိတ်ပင်ထားခြင်းလည်းဖြစ်နိုင်သည်ဟု မောင်တောမြို့ခံတစ်ဦးက ယူဆသည်။
“သူတို့ကိုယ်တိုင်ကလည်း ဖွင့်ဟမပြောချင်တဲ့ စိတ်ရှိတယ်လို့ မြင်တယ်။ သူတို့နဲ့ ပတ်သက်တဲ့ ပညာရေးဌာနမှာလည်း အကြီးအကဲတွေရှိတယ်။ အားလုံးက နှုတ်ပိတ်နေကြတယ်။ ပြန်ပေးသမားလက်ထဲက လွတ်လာမှ သူတို့နှစ်ယောက် လုံခြုံရေးအရေးကြီးတဲ့ပုံစံ လုပ်ပြနေတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ မိသားစုဝင်များကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။
မောင်တောမြို့ရှိ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးကမူ စစ်ကောင်စီက ဖိအားပေးသဖြင့် တစ်စုံတစ်ရာ ထုတ်မပြောခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
“မပြောစေချင်လို့ မပြောတာဖြစ်မယ်။ အစိုးရက မပြောစေချင်ရင် အစိုးရလည်း ကြံရာပါဖြစ်မယ်”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)