အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြန်ပေးဆွဲခံရသည်ဆိုသော ပညာရေးဝန်ထမ်းနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခေါ်စစ်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက်အတန်ကြာ ပျောက်ဆုံးနေပြီး ပြန်ပေးဆွဲခံရသည်ဆိုသော ပညာရေးဝန်ထမ်းနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခေါ်ယူစစ်ဆေးနေသည်ဟု မြန်မာဘက်ခြမ်း အုပ်ချုပ်ရေးတာဝန်ရှိသူထံမှ သိရသည်။

မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာတွင် တာဝန်ကျသည့် မူလတန်းလွန်ကျောင်းအုပ် ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်မှာ ဇွန် ၁၆ ရက်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကာ ယနေ့ (ဇွန် ၂၃) တွင် ပြန်လည်လွတ်မြောက်လာပြီး ထိုသို့ ခေါ်ယူစစ်ဆေးခံရခြင်းဖြစ်သည်။ 

ထိုပညာရေးဝန်ထမ်းနှစ်ဦးကို ယမန်နေ့ ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ နတ်မြစ်ကမ်းဘေးရှိ ခြံချောင်းကျေးရွာအနီးတွင် ပြန်လွှတ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်သို့ ပြန်ရန် ပြင်ဆင်နေစဉ် ထိုသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူက ပြောသည်။​

“ဒီနေ့ ဘင်္ဂလားအစိုးရက ခေါ်သွားပါတယ်။ ‌ခေါ်သွားတာက နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်ပြီး ‌ဆောင်ရွက်ဖို့အတွက် ခေါ်သွားတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျောင်းအုပ်နှင့် ကျောင်းဆရာမကို ဘင်္ဂလားဒေ့ရှ်ငွေ တာကာသိန်း ၅၀ (မြန်မာငွေ ကျပ် သိန်း ၁၀၀၀ ခန့်) ဖြင့် ရွေးရန် ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် တာကာငွေ သိန်း ၃၀ ဖြင့် ညှိနှိုင်းနိုင်ခဲ့သည်ဟု ဒေသခံများက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ 

ကျောင်းအုပ်ဆရာ ဦးဘိုဝင်း၏ မိသားစုဝင်တစ်ဦးဖြစ်သူ အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူးဟောင်း ဦးသိန်းထွန်းအောင်ကမူ သေချာတွက်ကြည့်ပြီးမှသာ ပိုက်ဆံမည်မျှ ပေးရွေးခဲ့ရသည်ကို ပြောနိုင်မည်ဟု ယနေ့ နံနက်တွင် ပြောသည်။

ပညာရေးဝန်ထမ်းနှစ်ဦးကို ပြန်လည်လွှဲပြောင်းပေးမည်ဟု ကြားသိရ၍ မိသားစုဝင်များနှင့် လိုက်ပါဆောင်ရွက်ပေးနေသူများ ယနေ့နံနက်ပိုင်းတွင် နှစ်နိုင်ငံနယ်စပ်အနီးရှိ ငါးခူရကျေးရွာသို့ သွားရောက် စောင့်ဆိုင်းခဲ့ကြသည်။

ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း၊ မိသားစုဝင်များထံမှ ရရှိသော ငွေကို မောင်တောခရိုင်အုပ်ချုပ်ရေးပိုင်းက ပြန်ပေးသမားများထံ ငွေလွှဲပေးခဲ့ကြောင်း မောင်တောမြို့ခံတစ်ဦးထံမှ သိရသည်။ 

“ငွေက ပြန်ပေးဆွဲခံရသူတွေရဲ့ မိသားစုဝင်တွေက စိုက်ထုတ်ပေးတဲ့ငွေလို့ သိရတယ်။ သူတို့မိသားစုနဲ့ ရင်းနှီးတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက စိုက်ထုတ်ပေးပြီးတော့ အဲဒါကို ခရိုင်အုပ်ချုပ်ရေးပိုင်းက တာဝန်ယူပြီး လွှဲပေးတာလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ပျောက်ဆုံးနေသော ပညာရေးဝန်ထမ်းနှစ်ဦးကို ဒေသခံများလိုက်လံရှာဖွေစဉ် ဇွန် ၁၉ ရက်က မောင်တောမြို့နယ်၊ ကွမ်းသီးပင်ကျေးရွာနှင့် ရဲအောင်ချောင်းကြား မဲဒီကျေးရွာပျက်အနီး သေနတ်ဖြင့် ပစ်ခတ်ခံရသည်။

ထိုသို့ ပစ်ခတ်ခံရသဖြင့် ခုံတိုင်ကျေးရွာမှ အသက်၂၇ နှစ်အရွယ် စနီအောင်ဆိုသည့် မြိုလူငယ်တစ်ဦး ခြေထောက်တွင် ရှပ်ထိဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်မှုနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ မသိရပေ။

ပညာရေးဝန်ထမ်းနှစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်ရဲများက ကူညီရှာဖွေပေးခြင်း မရှိကြောင်း ဒေသခံများက ထုတ်ဖော်ပြောဆိုထားသည့်နည်းတူ ARSA အဖွဲ့က ပြန်ပေးဆွဲခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူကလည်း ပြောဆိုခဲ့သည်။

ထိုပြောဆိုချက်ကို ARSA အဖွဲ့က ငြင်းဆန်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် စစ်တပ်က လူမျိုးရေး ဘာသာရေး ပဋိပက္ခပေါ်ပေါက်လာစေရန် ဖန်တီးနေခြင်းကို သတိပြုရန် AA က ဇွန် ၂၁ တွင် ထုတ်ပြန်ချက်ဖြင့် သတိပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button