တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တစ်လကျော်ကြာ ဖမ်းဆီးထားသည့် မိုးကုတ်မြို့စံပြမုန့်တိုက် (SP-Bakery) ပိုင်ရှင် ဦးကျော်ဝင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် ၎င်း၏မိသားစုဝင်တစ်ဦးက ယနေ့ (ဇန်နဝါရီ ၉) တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုလိုက်သည်။
ဦးကျော်ဝင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်း၏ညီဖြစ်သူ ဦးကျော်လင်းက တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဦးကျော်ဝင်းကို ဒီဇင်ဘာ ၄ မနက်ပိုင်းတွင် မိုးကုတ်မြို့နယ် အောင်ချမ်းသာဈေးအနီးတွင် TNLA တပ်ဖွဲ့ဝင်များက သေနတ်ပြခြိမ်းခြောက်၍ ကားတစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးသွားသည်မှာ ရက်ပေါင်း ၃၆ ရက် ရှိပြီဖြစ်သော်လည်း TNLA က ယနေ့အထိ မိသားစုဝင်များကို အဆက်အသွယ် ပြုလုပ်မလာသေးသည့်အပြင် ဦးကျော်ဝင်း၏ ကျန်းမာရေးစိုးရိမ်ရသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း ဦးကျော်လင်းက မီဒီယာများကို ပြောသည်။
“ကျွန်တော့်အနေနဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကိုမှ အပြစ်တင်ဝေဖန်တာလည်း မရှိပါဘူး။ ကျွန်တော်တို့ကတော့ အကောင်းဆုံးဖြစ်မယ့်၊ အားလုံးစိတ်ချမ်းသာနိုင်မယ့် အချိန်တိုအတွင်း အိမ်ပြန်ရောက်ရေးကိုပဲ ရည်ရွယ်ပါတယ်” ဟု ဦးကျော်လင်းက ပြောသည်။
ဦးကျော်ဝင်းသည် TNLA ကို အခွန်ပေးဆောင်ရန် ပျက်ကွက်သည့်အပြင် ၎င်းလုပ်ကိုင်သည့် ကျောက်လုပ်ငန်းများတွင် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှုများ ရှိသည့်အတွက် ဖမ်းဆီးထားရခြင်းဖြစ်သည်ဟု TNLA မှ ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပြောကြားကြောင်း RFA သတင်းဌာန၏ ဒီဇင်ဘာလဆန်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ယနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးကျော်လင်းကို မေးမြန်းခဲ့ရာ ၎င်းသည် ဖမ်းဆီးခံထားရသည့် ဦးကျော်ဝင်း၏ စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်မှုမရှိဘဲ မိသားစုဆက်ဆံရေးသာ ရှိသည့်အတွက် မဖြေကြားနိုင်ကြောင်း၊ TNLA က စံပြမုန့်တိုက်ကို ဆက်ကြေးတောင်းခံခဲ့ခြင်း ရှိမရှိကိုလည်း သေချာမသိကြောင်း တုံ့ပြန်ခဲ့သည်။
ဦးကျော်ဝင်း ပြန်လည်လွတ်မြောက်ရေးအတွက် TNLA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) သို့ ဇန်နဝါရီလဆန်းပိုင်းတွင် မိသားစုဝင်များက စာပေးပို့တောင်းဆိုထားသော်လည်း FPNCC က ပြန်လည်ဆက်သွယ်လာခြင်း မရှိသေးကြောင်း ဦးကျော်လင်းက ပြောသည်။
ဦးကျော်ဝင်းဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ TNLA ၏ ပြောခွင့်ရအရာရှိ ဗိုလ်မှူးတာအိုက်ကျော်ကို Myanmar Now က ယနေ့မွန်းလွဲပိုင်းတွင် ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ သို့သော်လည်း ဦးကျော်ဝင်း၏ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိကြောင်း ဗိုလ်မှူးတာအိုက်ကျော်က Myanmar Now ကို ဒီဇင်ဘာ ၈ တွင် ပြောကြားခဲ့ဖူးသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ တွင် မိုးကုတ်မြို့နေ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို TNLA အဖွဲ့က ပြန်ပေးဆွဲခဲ့ကာ တောထဲတွင် ၉ ရက်ကြာ ဖမ်းဆီးရိုက်နှက်ခဲ့ပြီး ကျပ် သိန်း ၃၄၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့သည်။
ဒီဇင်ဘာလလယ်ပိုင်းတွင် မိုးကုတ်မြို့ခံအချို့သည် TNLA က ဆက်ကြေးတောင်းခံထားသည့် ဖုန်းမတ်ဆေ့များ လက်ခံရရှိခဲ့ပြီး Myanmar Now က ဖတ်ရှုခဲ့ရသည့် ယင်းဖုန်းမက်ဆေ့များတွင် ဆက်ကြေးငွေ ကျပ် ၁၅ သိန်းမှ ၁၈ သိန်းခန့်အထိ အသီးသီးတောင်းခံထားသည်ကို တွေ့ရသည်။
ငွေကြေးတောင်းခံရသည့် ဒေသခံများ၏ နေအိမ်အနီး TNLA တပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီး ၎င်းတို့နောက်ကိုလည်း လိုက်လံစောင့်ကြည့်ခိုင်းထားသည့်အတွက် သတ်မှတ်ရက်အတွင်း ငွေမပေးသွင်းပါက ပြန်ပေးဆွဲခြင်းခံရမည်ဟုလည်း ယင်းဖုန်းမက်ဆေ့များတွင် ရေးသားထားသည်။
မြို့ခံများကို ပြန်ပေးဆွဲခြင်း မလုပ်ရန်၊ ဖုန်းဆက်၊ မက်ဆေ့ပို့၍ ခြိမ်းခြောက်ခြင်းများ မလုပ်ရန်နှင့် မြို့လုံခြုံရေးကို ကာကွယ်ရန် စသည့် စာသားများပါ ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ မိုးကုတ်မြို့ခံအချို့က ဒီဇင်ဘာ ၁၉ တွင် အသံတိတ်ဆန္ဒပြခဲ့ကြသည်။