သတင်း

မောင်တောတွင် ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံထားရဟုဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဇွန် ၁၆ နေ့လယ်ပိုင်းက စတင်ပျောက်ဆုံးသွားသော ကျောင်းအုပ်ဆရာတစ်ဦးနှင့် ဆရာမတစ်ဦးကို ဒေသခံများ၊ ပညာ‌ရေးဝန်ထမ်းများ လိုက်လံရှာဖွေနေကြသည်ဟု သိရသည်။  

ပြည်နယ်အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အဆိုပါ နယ်စပ်မြို့တွင် ပျောက်ဆုံးနေသူတို့မှာ သင်္ဘောလှကျေးရွာ မူလတန်းလွန်ကျောင်းအုပ် ဦးဘိုဝင်း၊ လက်ထောက်ကျောင်းဆရာမ မဥမ္မာကျော်တို့ ဖြစ်သည်။

ကျောင်းအုပ်ကြီးမှာ ပုဏ္ဏားကျွန်းဇာတိဖြစ်ပြီး ဆရာမမှာ စစ်တွေမြို့နယ် ကြံတောရွာဇာတိဖြစ်သည်ဟု သိရသည်။

ကျောင်းဆရာတစ်ယောက်က ဆရာမ မဥမ္မာကျော်၏ ဖုန်းကို ဆက်သွယ်ရာတွင် အမျိုးသားတစ်ဦးက လက်ခံဖြေဆိုခဲ့ကြောင်း၊ ထိုသူ၏ပြောဆိုချက်အရ ထိုနှစ်ဦးကို ၎င်းတို့ ပြန်ပေးဆွဲထားသည်ဟု ယူဆရကြောင်း မောင်တောမှ ပညာရေးဝန်ထမ်းတစ်ဦးက ဇွန် ၁၇ ရက်နေ့တွင် ပြောသည်။ 

“မနက်ကတော့ မောင်တောက ဆရာတစ်ယောက်က ပျောက်နေတဲ့ ဆရာမဖုန်းကို ဆက်ကြည့်တော့ ကိုင်တယ်လို့ ပြောတယ်။ ယောက်ျားတစ်ယောက်က ရခိုင်စကားနဲ့ ဖုန်းကိုင်ပြီး ပညာရေးမှူးနဲ့ တွေ့ချင်တယ်လို့ ပြောတယ်လို့ ဆိုပါတယ်” ဟု ထိုပညာရေးဝန်ထမ်းက ပြောသည်။

“သူပြောပုံအရဆိုရင် ဖုန်းနဲ့ စကားပြောတာက မွတ်စလင်တစ်ယောက်လို့ ပြောပါတယ်။ မွတ်စလင်တွေ ရခိုင်စကားကို ကောင်းကောင်းပြောနိုင်တဲ့လူတွေရှိတယ်လေ”

ဒေသတွင်း စစ်ကောင်စီတပ်က ပျောက်ဆုံးနေသူများကို လိုက်လံရှာဖွေခြင်း မရှိကြောင်း၊ မွတ်စလင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားမှုဖြစ်စဉ်ကို အရပ်သားများ လိုက်လံ ရှာဖွေ ရှင်းလင်းပါက လူမျိုးရေးပြဿနာဖြစ်နိုင်သည်ကို သိသဖြင့် လက်ရှောင်နေခြင်းဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။ 

ကျောင်းဆရာမ၏ မိခင်ဖြစ်သူ ဒေါ်ကျန်အေးစိန်လည်း မောင်တောသို့ ရောက်ရှိနေသည်။ 

“ကျွန်မတို့က သတင်းကြားလို့ လိုက်လာတာ။ အခုမှ ရွာကရောက်လာတုန်းပဲ ရှိသေးတယ်။ ကျွန်မတို့ ဘာမှ မသိရသေးဘူး။ သတင်းလည်း မရသေးဘူး။ သမီးနဲ့လည်း အဆက်အသွယ်မရသေးဘူး။ မြို့နယ်ပညာရေးမှူးတို့ကလည်း ရှာဖို့သွားမယ်ဆိုပြီး ဆွေးနွေးနေကြပါတယ်။ ပြီးတော့ သမီး (တာဝန်) ကျတဲ့ သင်္ဘောလှရွာကို သွားကြမှာပါ” ဟု ဒေါ်ကျန်အေးစိန်က ဇွန် ၁၇ တွင် ပြောသည်။

“လိုင်းပေါ်မှာတော့ သတင်းအမျိုးမျိုးတက်နေပါတယ်။ နိုင်ငံခြားရောက်နေတဲ့ သူ့တူလေးတွေကတောင် လှမ်းမေးနေကြပြီ။ ကျွန်မတို့ကလည်း ဘာမှ မသိရသေးဘူး”

ပျောက်ဆုံးနေသူများ ဘေးကင်းစေရေး၊ အိမ်ပြန်ရောက်ရေးအတွက် ကျေးရွာသားများနှင့် တိုင်ပင်နေသည်ဟု မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က ဇွန် ၁၇ တွင် ပြောသည်။

“အဆက်အသွယ်ရတယ်လို့တော့ သတင်းရပါတယ်။ နောက်မှပြောပါမယ်။ အခုက ရွာသားတွေကို ခေါ်ပြီးတော့ စည်းရုံးပြီးတော့ ညှိနှိုင်းတိုင်ပင်မယ်ဆိုပြီးတော့ မိသားစုတွေလည်း ရောက်နေတယ်။ မိသားစုတွေကလည်း မောင်တောရောက်နေတော့ မိသားစုတွေကို ခေါ်ပြီးတော့ ဒီဟာကို ဘယ်လိုတည်တည်ငြိမ်ငြိမ်နဲ့ ဆန္ဒမစောဘဲနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဟိုအထဲကို ရောက်နေတော့ သူတို့ကို အန္တရာယ်တစ်ခုခုပေးမှာကိုလည်း စိုးရိမ်နေရတယ်မလား” ဟု ၎င်းက ပြောသည်။

ဒေသတွင်း စစ်ကောင်စီတပ်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ အပြင်သို့ပင် မထွက်ကြသဖြင့် လိုက်လံရှာဖွေရေးအစီအစဉ်တွင် အားကိုးရခြင်းမရှိဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ခါတိုင်းဆိုလို့ရှိရင် စစ်တပ်က ဗျူဟာမှူးတောင် အပြင်ထွက် သွားနေတာ တွေ့တယ်။ အခု အရုပ်တောင် မမြင်ရဘူး။ အခု နယ်ခြားစောင့်ရဲပါ၊ စစ်တပ်ပါ ဘယ်သူမှ အပြင်မထွက်ကြဘူး။ နယ်ခြားစောင့်တွေမှာလည်း အပြင်တောင် ပေးမထွက်ဘူးလို့ ပြောတယ်” ဟု ထိုပညာရေးဝန်ထမ်းက ပြောသည်။

“အထဲမှာပဲ နေနေကြတယ်။ ဖြစ်တာကို ကြားကတည်း သူတို့ ပိုက်စိပ်တိုက်ရှာရင် တကယ်မတွေ့ဘဲနေပါ့မလား။ အဲဒီနေ့ ညနေပိုင်းမှာ အဲဒီမိန်းကလေး ခေါင်းဘီး၊ ဘီနပ်ကြိုးပြတ်တာကအစ စာအုပ်စာတမ်းတွေပါ အားလုံးတွေ့တယ်လေ။ ဒီတောင်ပြိုက တပ်က တစ်ယောက်မှ ထွက်ရှာတာ မတွေ့ဘူး”

ပျောက်ဆုံးသူနှစ်ဦးနှင့် ပတ်သက်ပြီး သိရှိကြောင်း၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးတာဝန်ရှိသူက ယမန်နေ့တွင် ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ပျောက်ဆုံးနေသူနှစ်ဦး။ (ဓာတ်ပုံများ – ပေးပို့) 

“ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ဆိုင်ကယ်သုံးစီးလာတဲ့အခါ ဆိုင်ကယ်နှစ်စီးကတော့ ရှေ့ကနေသွားပြီးတော့ အဲဒီကျောင်းအုပ်နဲ့ ဆရာမတစ်ယောက်စီးတဲ့ ဆိုင်ကယ်ကတော့ ၁၂ မိနစ်လောက် နောက်ကျသွားတယ်ပေါ့” ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

”သာယာကုန်းဆိုတဲ့ ရွာမှာ ကွမ်းယာစားရင်းနဲ့ နှုတ်ဆက်နေလို့ အဲဒီအချိန်မှာ တောင်ပြို – ချောင်းလမ်း တစ်ဝက်လောက်မှာ သာယာကုန်းရွာအလွန်လောက်မှာ ဖမ်းသွားတယ်ပေါ့လေ။ ဖမ်းသွားတယ်လို့ ပါတာပေါ့။ ပျောက်သွားတယ်ပေါ့၊ ဘယ်သူဖမ်းသွားလဲ မသိဘူးပေါ့”

ရှေ့က ရောက်သွားသည့် ဆိုင်ကယ်နှစ်စီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အဖွဲ့မှာ ရန်အောင်ပြင်ခွံဆုံသို့ အ‌ရောက်တွင် နောက်ကျကျန်ခဲ့သည့် ကျောင်းအုပ်နှင့် ဆရာမကို တစ်နာရီခန့် စောင့်ဆိုင်းနေခဲ့ကြသည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

“သူတို့မလာလို့ ပြန်ပြီးသွားရှာတဲ့အခါ ဇီးပင်ချောင်းဆင်းလမ်းဘက်မှာ ချုံမှာ သူတို့စီးလာတဲ့ဆိုင်ကယ်ကို တွေ့ပေါ့လေ။ အဲဒီလို ပျောက်ဆုံးနေတယ်ဆိုပြီးတော့ သတင်းတင်ပြထားတယ်” ဟု ၎င်းက ပြောသည်။

တာဝန်လစ်ဟာမှု စွပ်စွဲချက်

သင်္ဘောလှကျောင်းတွင် တာဝန်ကျနေသည့် ပညာရေးဝန်ထမ်းများက ကျောင်းတွင် စာမသင်ဘဲ တာဝန်လစ်ဟာမှုရှိနေသည်ဟု စွပ်စွဲကာ ဇွန် ၁၆ မနက်ပိုင်းက လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာထက်တွင် Thet Zaw Khaing ဆိုသည့် အကောင့်ပိုင်ရှင်က တင်ခဲ့သည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင် သင်္ဘောလှကျေးရွာ မူလွန်ကျောင်း ကျောင်းအုပ် ဦးဘိုဝင်း၊ ဆရာမဥမ္မာကျော်တို့ကို ကျောင်းပျက်သည်ဟုဆိုကာ စစ်ဆေးရန် မြို့နယ်ပညာရေးမှူးရုံးက ခေါ်၍ မောင်တောသို့ သွားကြသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျောင်းအုပ်နှင့် ဆရာမ စုစုပေါင်း လူ ၆ ဦးက ဆိုင်ကယ်သုံးစီးဖြင့် သင်္ဘောလှကျေးရွာမှ မောင်တော – တောင်ပြိုကားလမ်းအတိုင်း သွားကြရာ ဇီးပင်ချောင်းကျေးရွာအနီး ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

လူနှစ်ဦး ဆိုင်ကယ်တစ်စီးကျ မောင်တောသို့ လာကြစဉ် နောက်မှ ကျန်ခဲ့သည့် အဆိုပါ ကျောင်းအုပ်နှင့် ဆရာမတို့ကို ရန်အောင်ပြင်‌ကျေးရွာလမ်းခွဆုံ၌ တစ်နာရီခန့် စောင့်ဆိုင်းနေခဲ့ကြသည်ဟု သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရွှေထွန်းက ဇွန် ၁၈ တွင် ပြောသည်။

“အကြာကြီးစောင့်တယ်၊ မရောက်လာဘူး။ ဖုန်းဆက်တယ်၊ ဖုန်းဆက်တော့လည်း အစတုန်းက ဆက်သွယ်မှုဧရိယာပြင်ပလို့ ပြောတယ်။ နောက်ဆုံးမှာ ဖုန်းပိတ်ထားတယ်။ အဲလိုဖြစ်တာနဲ့ ကျွန်တော်တို့က နောက်ပြန်လှည့်ပြီးတော့ ရှာဖို့လာတယ်။ ကျွန်တော်တို့က လမ်းတစ်လျှောက်ရှာတာပေါ့” ဟု ဦးမောင်ရွှေထွန်းက ပြောသည်။

“မောင်တောက ကားတွေ၊ တောင်ပြိုကကားတွေလည်း လာကြတယ်။ အဲဒီကားတွေကိုလည်း စစ်ဆေးပြီးတော့ အဲလိုရှာပြီး လာကြတယ်။ နောက်ဆုံးမှာ ဆိုင်ကယ်ကို တွေ့တယ်။ ဆိုင်ကယ်ကို ကျွန်းပေါက်ပြုစုနဲ့ ကျွန်းပေါက်ဆင်အိုး ကြားမှာ တွေ့တာပါ။ ကျွန်း‌ပေါက်ဆင်အိုးတံတားနဲ့ သိပ်မနီးမဝေးမှာ တွေ့တာ”

အလားတူ တခြားဒေသခံတစ်ဦးကလည်း မောင်တောမြို့မှ မြို့နယ်ပညာရေးမှူးရုံးက ခေါ်သည့်အတွက် သွားကြရာ၌ လမ်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“ဆိုင်ကယ်သုံးစီးနဲ့ သွားကြတယ်။ သွားတဲ့အချိန်မှာ သူတို့က နောက်ဆုံးက။ မိန်းမလေးပါတော့ အေးဆေး မောင်းသွားတာ။ လမ်းကလည်း ကြမ်းတယ်ဆိုတော့လေ။ နောက်ဆုံးကျန်ခဲ့တဲ့ ဆိုင်ကယ်ကို ဆွဲသွားတာ” ဟု ထိုဒေသခံက ပြောသည်။

“ကျောက်ချောင်းနဲ့ ဇီးပင်ချောင်းရွာဝင်ဝလမ်းကနေ ငါးမိနစ်လောက် လမ်းလျှောက်သွားရင် တောပိန္နဲပင်ကြီးတစ်ပင်ရှိတယ်။ အဲဒီနားမှာ ပျောက်နေတဲ့ လူနှစ်ယောက်စီးသွားတဲ့ ဆိုင်ကယ်ကို တွေ့တယ်”

မြို့နယ်ပညာရေးမှူးရုံး၏ ကိုင်တွယ်ပုံမှာ မူလကတည်းက အားနည်းချက်ရှိသည်ဟု ပညာရေးဌာနမှ အတွေ့အကြုံရှိ ဆရာကြီးတစ်ဦးက ဝေဖန်ထောက်ပြသည်။

“အမှန်မှာ အခင်းဖြစ်ပွားရာနေရာကို ဆင်းလို့ စစ်ဆေးရမယ်။ လိုင်းမှာတက်လာတာကိုလည်း အမှန်အကန်ဆိုရင် မစစ်သင့်ဘူး။ လိုင်းမှာက လူတိုင်းတင်လို့ရတယ်။ တစ်ယောက်ကို တစ်ယောက် မကောင်း ဘယ်သူ့ကိုမဆို အပုပ်ချလို့ရတယ်။ တမင်တကာ စာနဲ့ပေနဲ့ ရပ်ရွာက တိုင်တဲ့ကိစ္စလည်းမဟုတ်ဘူး” ဟု ထိုဆရာကြီးက ပြောသည်။

“အမှန်တကယ်ဟုတ်တယ်ထားအုံး။ စစ်ဆေးချင်တယ်ဆိုရင် ကြောင်းထဲကို ပညာရေးမှူးကိုယ်တိုင် သို့မဟုတ် ခရိုင်ပညာရေးမှူး သို့မဟုတ် ပြည်နယ်ပညာရေးမှူးက အဖွဲ့ဖွဲ့ထားတဲ့အဖွဲ့နဲ့ အဲဒီအခင်းဖြစ်တဲ့ စာသင်ကျောင်းမှာ ကျောင်းတက်ဖို့ မရောက်ဆိုတဲ့ နေရာကို သွားပြီး အမှန်တကယ်စစ်ဆေးသင့်တယ်လို့ မြင်တယ်”

သင်္ဘောလမူလွန်ကျောင်းတွင် ဆရာမ ၃ ဦး၊ ဆရာ ၄ ဦး၊ နေ့စားလပေး ဆရာဆရာမ ၃ ဦးရှိကြောင်း၊ ကျောင်းပျက်သည်ဟူသော စွပ်စွဲချက်အတွက် အံ့သြရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရွှေထွန်းက ပြောသည်။

“ကျောင်းမပြဘဲ စာမသင်ဘဲ နေတာလည်းမရှိပါဘူး။ ကျွန်တော်တောင် သိပ်အံ့သြသွားတယ်။ ဆရာကြီးက မေလကတည်းက ရောက်နေတာ။ ပြီးတော့ ကျောင်းသားတွေကို လက်ခံပြီးတော့ ဇွန် ၂ ရက်နေ့မှာ စတင်ပြီး ကလေးတွေကို စာပြတယ်။ ကျောင်းပျက်တာ တစ်ခုမှ မရှိခဲ့ပါ” ဟု ဦးမောင်ရွှေထွန်းက ပြောသည်။

ပြန်ပေးဆွဲ

ပျောက်ဆုံးနေသည့် ပညာရေးဝန်ထမ်းနှစ်ဦးကို လိုက်လံရှာဖွေနေသော ဒေသခံများကို ဇွန် ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့) 

ပျောက်ဆုံးမှုကြောင့် မောင်တောမြို့နယ်ရှိ ကျေးရွာပေါင်းများစွာနှင့် အနီးအနားကျေးရွာများက လူအင်အားဖြင့် ရှာဖွေနေသည်။ ပထမနေ့တွင် ကျောင်းဆရာမ ဖိနပ်၊ ခေါင်းဘီး၊ စာအုပ်စာတမ်းများကို တောတွင်းတစ်နေရာ၌ တွေ့ရှိရကြောင်း ရှာဖွေနေကြသူများထံမှ သိရသည်။

အဆိုပါ ကျောင်းအုပ်နှင့် ဆရာမတို့မှာ ပြန်ပေးဆွဲခံရခြင်းဖြစ်ပြီး ထိုပြန်ပေးဆွဲအဖွဲ့က ပျောက်ဆုံးနေသည့် ဆရာမဖုန်းဖြင့် မြို့နယ်ပညာရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်ကာ ဘင်္ဂလားငွေ တာကာ သိန်း ၅၀ (မြန်မာငွေ သိန်း ၁၀၀၀ ခန့်) ဖြင့် ရွေးရန် တောင်းဆိုထားသည်ဟု သိရကြောင်း BNA သတင်းဌာန၏ ဇွန် ၁၈ သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြသည်။

ပြန်ပေးဆွဲထားသူများ စကားပြောလိုသည့်အချိန်ကျမှ ဖုန်းဖွင့် ခေါ်ဆိုကြောင်း၊ ကျန်အချိန်များတွင် ဖုန်းကို စက်ပိတ်ထားကြောင်း၊ ပြန်ပေးဆွဲအဖွဲ့က ငွေဖြင့်လာရွေးရန် တောင်းဆိုမှုများရှိသော်လည်း မည်သည့်နေရာ၊ မည်သည့်အချိန် မည်သူနှင့် ရွေးရမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း ပျောက်ဆုံးသူတို့ကို ရှာဖွေရာတွင် ပါဝင်သူတစ်ဦးကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။ 

ပြန်ပေးဆွဲအဖွဲ့က ငွေဖြင့်ရွေးရန် တောင်းဆိုမှုရှိမရှိ မသိရသေးပေ။ ပြည်နယ်ပညာ‌ရေးမှူး ဦးဘထွီးစိန်ကမူ ငွေဖြင့်လာရွေးဖို့ တောင်းဆိုထားသည့် သတင်းကို ကြားသိရကြောင်း ဆိုသည်။

“ဘင်္ဂလာငွေ တာကာ တောင်းတယ်လို့ ကျွန်တော်တို့လည်း ကြားတယ်။ အသေးစိတ်ကို မြို့နယ်ပညာရေးမှူးရုံးကို မေးတာတော့ ကောင်းမယ်ထင်တယ်” ဟု ဦးဘထွီးစိန်က ပြောသည်။

လိုက်လံရှာဖွေသူများ၏ ပြောစကားအရ (ဇွန် ၁၇) ရက်နေ့က ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမတို့၏ အသုံးအဆောင်ပစ္စည်းအချို့ကို ကျောက်ချောင်းကျေးရွာအနီး တောထဲတွင် ရှာတွေ့ခဲ့ကြကြောင်း သိရသည်။

“မနေ့က ကျွန်တော်တို့ သွားရှာကြတယ်။ ပျောက်နေတဲ့ အဲဒီဆရာကြီးနဲ့ ဆရာမ အသုံးအဆောင်ပစ္စည်းအချို့ကို တွေ့တာ ဟုတ်ပါတယ်။ ကျွန်တော်တို့အဖွဲ့က တွေ့တာတော့ မဟုတ်ဘူး။ တခြားအဖွဲ့က တောတွင်းတစ်နေမှာ တွေ့တာပါ” ဟု ဇွန် ၁၇ ရက် လူပျောက်ရှာဖွေရန်သွားခဲ့သည့် ကျောင်းဆရာတစ်ဦးက ပြောသည်။

ပညာရေးဝန်ထမ်းနှစ်ဦး ပျောက်ဆုံးခဲ့သည့် ထိုဒေသတွင် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်ရဲကင်းစခန်းများလည်း ရှိနေသလို စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုလည်း ထိုဒေသတွင် စစ်ရေးလှုပ်ရှားမှုရှိကြောင်း မောင်တော ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

”ခု ပညာရေးဝန်ထမ်းတွေ ပျောက်ဆုံးအဖမ်းခံရတဲ့နေရာက မောင်တောမြောက်ပိုင်းအတွက် အရေးပါတဲ့လမ်းပါ။ အဲဒီနေရာအနီးအနားမှာ AA (ရက္ခိုင့်တပ်တော်) နဲ့ စစ်တပ် တိုက်ပွဲတွေဖြစ်ဖူးသလို အာဆာနဲ့ စစ်တပ်လည်း ဖြစ်ဖူးပါတယ်” ဟု ထိုမောင်တောဒေသခံက ဝေဖန်ပြောသည်။

“အဲဒီနေရာတွေမှာ စစ်တပ်ဘက်က ကင်းစခန်းတွေ၊ အင်အားအများကြီးရှိနေပါတယ်။ ဒီကိစ္စက နိုင်ငံတော်လုံခြုံရေးကို စိန်ခေါ်တာလို့ မြင်ပါတယ်။ လက်ရှိ စစ်ကောင်စီက ပြတ်ပြတ်သားသား တာဝန်ယူဖော်ထုတ်ရမဲ့ကိစ္စဖြစ်ပါတယ်”

အာဆာ

သင်္ဘောလှကျေးရွာမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမတို့နှစ်ဦးကို ပြန်ပေးဆွဲထားခြင်းမှာ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်ဟု အမည်ပေးထားသည့် ARSA အဖွဲ့လက်ချက်ဖြစ်ကြောင်း ၎င်းနယ်မြေခံ AA အဖွဲ့၏ ပြောဆိုချက်ကို ကိုးကားပြီး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရင်းနှီးတဲ့ နယ်မြေခံ AA က တပ်ဖွဲ့ဝင်တစ်ယောက်ကို မေးကြည့်တော့ အာဆာက ပြန်ပေးဆွဲထားတာလို့ ပြောတယ်။ ကြည့်ရတာ အဲဒီကိစ္စ AA ကလည်း လိုက်နေတယ် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

အလားတူ ထိုကျောင်းအုပ်နှင့် ဆရာမကို အာဆာအဖွဲ့က ပြန်ပေးဆွဲသွားသည်ဟု ကြားသိရကြောင်း၊ မြန်မာ- ဘင်္ဂလား နှစ်နိုင်ငံနယ်စပ်တွင် အာဆာတပ်ဖွဲ့ သုံးဖွဲ့အထိ လှုပ်ရှားလျက်ရှိကြောင်း၊ နယ်မြေခံ AA အရာရှိတို့ကလည်း အာဆာအဖွဲ့ကို ဖုန်းဖြင့် ဆက်သွယ်ပြီး မေးမြန်းထားကြောင်း AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ငါတို့လူ မိန်းမတစ်ယောက်၊ ယောက်ျားတစ်ယောက် ဖမ်းထားတာ မင်းတို့အဖွဲ့လား အဲလိုမေးတယ်လို့ သိရတယ်။ မင်းတို့ဖမ်းတာ ဟုတ်တယ်ဆိုရင် မင်းတို့ ငါတို့လူတွေကို မှဲ့တစ်ပေါက်မစွန်းစေနဲ့ ပြန်ပို့ပေး။ ပို့ရင်ပို့ မပို့ရင် မင်းတို့ကို အသေသတ်ပစ်မယ်လို့ ပြောတယ်လို့ သိရတယ်” ဟု ထိုတောင်ပြိုမြို့ခံက ပြောသည်။

“အဲလိုပြောတော့ အဲဒီအာဆာအဖွဲ့က ငါတို့အဖွဲ့မဟုတ်ဘူးလို့ ပြောတယ်။ နောက်ထပ်နှစ်ဖွဲ့ရှိသေးတယ်လို့ ပြောတယ်တဲ့။ ကျွန်တော်တို့အဖွဲ့က ခြံစည်းရိုးနားလောက်ပဲ ရှိတာ အတွင်းကို မဝင်လို့ ပြောတယ်တဲ့”  

AA နှင့် နီးစပ်သူတချို့က အာဆာလက်ချက်ဟု ပြောဆိုနေကြသော်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြန်ပေးဆွဲထားသူများနှင့် ဆက်သွယ်ပြီး ဆောင်ရွက်နေသော်လည်း အကျိုးမထူးသေးကြောင်းနှင့် အပေးအယူကိစ္စနှင့် ပတ်သက်ပြီး ထုတ်ဖော်မပြောချင်သေးကြောင်း ပြန်ပေးအဆွဲခံထားရသည့် ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်း၏ မိသားစုဝင်တစ်ဦးဖြစ်သူ ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး အငြိမ်းစား ဦးသိန်းထွန်းအောင်က ပြောသည်။

“ကျွန်တော်တို့ အခု မောင်တောကို ရောက်နေပါတယ်။ ကျွန်တော်တို့ဆီကတော့ ဆက်သွယ်ပြီးတော့ လုပ်နေကြတာရှိတယ်။ တခုမှ မထူးသေးဘူး။ ကျွန်တော်တို့ အဲဒီကိစ္စ ပြောလို့မရသေးဘူး။ ကျွန်တော်တို့လည်း အရမ်းစိတ်ညစ်နေရတယ်။ အားနာပါတယ်။ ကျွန်တော်တို့ စိတ်ညစ်လို့ ဘာတစ်ခုမှ မပြောချင်ဘူး” ဟု ဦးသိန်းထွန်းအောင်က ပြောသည်။

ယခုဖြစ်စဉ်တွင် ပညာရေးဝန်ကြီးဌာနတွင် အဓိကတာဝန်ရှိပြီး တာဝန်ယူမှုတာဝန်ခံမှု အပြည့်အဝရှိရန် လိုအပ်ကြောင်းနှင့် အကယ်၍ ယခုကိစ္စအား မဖြေရှင်းပေးနိုင်ပါက နောက်ပညာရေးဝန်ထမ်းများအတွက်လည်း စိန်ခေါ်မှုများရှိလာနိုင်သည်ဟု ပညာရေးဌာနက အထက်ပါ အတွေ့အကြုံရှိ ဆရာကြီးတစ်ဦးက မှတ်ချက်ပြုသည်။

“ပညာရေးဝန်ကြီးဌာန မောင်တောမြို့နယ်မှာ ကျောင်းဆရာအဖြစ် နယ်စွန်နယ်ဖျားမှ ပညာဖြန်ဝေဖို့ ရောက်နေတဲ့ ဆရာတွေက အဲလိုဖြစ်တယ်ဆိုရင် ပညာရေးဌာနမှာ တာဝန်ယူမှုတာဝန်ခံမှု အပြည့်အဝရှိဖို့ လိုတယ်။ အဲလိုသာ ရှုပ်ထွေးနေမယ်ဆိုရင် ‌နောက်ပညာရေးဝန်ထမ်းတွေလည်း အာမခံမရှိ ဖမ်းချင်သူဖမ်း ဆီးချင်သူဆီး။ နောက်တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေအတွက်လည်း စိုးရိမ်ရတယ်” ဟု ထိုဆရာကြီးက ပြောသည်။

ထိုနေရာတွင် အမှန်တကယ် ARSA အဖွဲ့နှင့် RSO အဖွဲ့ လှုပ်ရှားမှုရှိမရှိနှင့် လက်နက်ကိုင်အဖွဲ့တစ်ခုက ငွေရေးကြေးရေးရလိုမှု၊ ပြဿနာဖန်တီးလိုမှုနှင့် ရခိုင်နှင့် မွတ်စလင်ကြား ဟာမိုနီဖြစ်အောင် ရက္ခိုင်အမျိုးသားဖွဲ့ချုပ် ရက္ခိုင့်တပ်တော် (AA) က လုပ်ဆောင်နေစဉ် စစ်ကောင်စီအနေဖြင့် ပြဿနာဖန်တီးခြင်းလားဟု ဝါရင့်နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

“ရခိုင်ပြည်မှာ မွတ်စလင်နဲ့ ရခိုင်တွေကြားမှာ ဟာမိုနီဖြစ်အောင် ULA/AA က ကြိုးစားနေတဲ့အချိန်ခါမှာ စစ်ကောင်စီအနေနဲ့ အဲဒီကိစ္စကို ပြဿနာဖန်တီးတာလားပေါ့နော်။ ပြဿနာဖြစ်အောင် ဖန်တီးပြီးတော့ သွေးခွဲဖို့ ကြိုးစားတာလား။ ပြောရမယ်ဆိုရင် သေချာတာက အဲဒီအချက်က ဖြစ်နိုင်တယ်။ အဲဒါကြောင့် နိုင်ငံရေးပယောဂမကင်းလို့ နောက်ပိုင်းမှာ ငါတို့ရခိုင်တွေအတွက် တစ်စုံတစ်ရာရှိတယ်။ အဲဒါကို သတိထားပြီးတော့ စောင့်ကြည့်ရမဲ့ အ‌ရေးကြီးတဲ့အချိန်ဖြစ်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

ကျောင်းသားလူငယ်များကို စာသင်ပြပေးနေသည့် ဆရာဆရာမတို့ကို ယခုကဲ့သို့ ဖမ်းဆီးပြန်ပေးဆွဲမှုများ ပြုလုပ်ခံရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ၎င်းတို့ကို အစိုးရက ပြန်လည်လက်ခံရေးပြုလုပ်မည့်ကိစ္စအတွက်လည်း စဉ်းစားမိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားသည့် မွတ်စလင်ဒုက္ခသည်တစ်ဦးက ပြောသည်။

“ကျောင်းဆရာ ကလေးတွေကို စာသင်တဲ့ ကျောင်းဆရာတွေကို အခုလိုဖမ်းပြီးတော့ ဝှက်လိုက်ကြတာက တစ်ခု စဉ်းစားစရာဖြစ်ပါတယ်။ ဆိုတော့ ဒီကနည်းနည်းပါးပါး တွေးကြည့်တာပေါ့နော်။ ဒီလိုဖြစ်နေရင် ငါတို့ကို ပြန်လည်လက်ခံရေးကိစ္စ ဘယ်လိုဖြစ်မလဲ။ ပြောချင်တာက ဒီလိုပြဿနာဖြစ်ရင် ဘယ်လိုဖြစ်လာမလဲ တွေးမိပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ကူတူးပါလောင်ဒုက္ခသည်စခန်းမှ မွတ်စလင်တစ်ဦးက ပြောသည်။

Show More

Related Articles

Back to top button