သတင်း

စစ်ကိုင်းမြို့၊ ညောင်ပင်ရှည်ရွာကို စစ်တပ် မီးရှို့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ညောင်ပင်ရှည်ရွာကို ယနေ့ (ဧပြီ ၂၂) နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်စီးနင်းသည့် စစ်တပ်က မီးရှို့လိုက်သည်ဟု မြို့နယ်သတင်းပြန်ကြားရေးအဖွဲ့နှင့် ဒေသခံအချို့က အတည်ပြုသည်။

မြို့အနောက်မြောက်ဘက် မူးမြစ်နံဘေး အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိ ထိုရွာကို နံနက် ၆ နာရီဝန်းကျင်မှစ၍ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်း ဝင်လာကာ ရွာမြောက်ဘက်ပိုင်းမှစကာ ၃ နေရာခွဲ၍ မီးရှို့နေသည်ဟု ရွာခံအမျိုးသားတစ်ဦးက မွန်းလွဲပိုင်းတွင် ပြောသည်။

ထိုဖြစ်စဉ်အတွင်း ရွာသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရထားသည်ဟု ကနဦးသိရသော်လည်း ပျက်စီးမှု၊ ထိခိုက်၊ သေဆုံးမှုအသေးစိတ် အတည်မပြုနိုင်သေးဟု ဒေသခံတို့က ပြောသည်။

စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ စစ်သားများ၊ ရဲများ၊ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) တို့ ပါဝင်သည့် ထိုစစ်ကြောင်းမှာ ညောင်ပင်ရှည်ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည်ဟု ဒေသခံ သတင်းရင်းမြစ်တို့က အတည်ပြုသည်။

“တချို့ အဖမ်းခံထားရတယ်။ ရွာမြောက်ဘက်ကနေ လက်နက်ကြီးပစ်ကူပြီး ဝင်လာတာ” ဟု စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

ယမန်နေ့ (ဧပြီ ၂၁) က ညောင်ပင်ရှည်နှင့် ရွာနီးချုပ်စပ် ဘုရားလှရွာမှ ဒေသကာကွယ်ရေးအဖွဲ့(LDF) မှ တပ်ဖွဲ့ဝင်ဟု ယူဆရသူတစ်ဦးကို ဖမ်းဆီးရန် ဒေသတွင်းသို့ ထိုစစ်ကြောင်းရောက်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယမန်နေ့က ဝင်စီးစဉ် အလိုရှိသူကို မမိ၍ ဖခင်ကို ဖမ်းသွားပြီးနောက် အိမ်ခြေ ၃၀ နီးပါးရှိ ဘုရားလှရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု စစ်ကောင်စီ၏ လုပ်ရပ်များကို မှတ်တမ်းတင်နေသည့် စစ်ကိုင်းမြို့နယ်သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဘုရားလှရွာကို ဝင်စီးစဉ် LDF ဘက်မှ တိုက်ခိုက်ခဲ့၍ ထိခိုက်၊​ သေဆုံးမှုရှိသည့် စစ်တပ်က ယနေ့တွင် ညောင်ပင်ရှည်ရွာကို ရန်ရှာခြင်းဖြစ်ကြောင်း အထက်ပါ စစ်ကိုင်းမြို့ခံက သုံးသပ်သည်။

“မနေ့က ဘုရားလှရွာဝင်စီးတဲ့ (စစ်တပ်) ကို ညောင်ပင်ရှည်ဘက်ကနေ ရှော့တိုက်ဒုံး ၂ ဆင့်ကွဲနဲ့ ၃ ချက် ထုလိုက်ပါတယ်။ (စစ်တပ်) ဘက်က ၄၀ မမ နဲ့ တစ်ချက်ပြန်ထုပါတယ်။ (စစ်တပ်) ဘက်က ထိပါတယ်။ ပြန်မထွက်ရဲဘဲ (ဘုရားလှရွာ) စာသင်ကျောင်းထဲ ခိုဝင်နေပြီး ဒီမနက်မှ စီးတာပါ” ဟု ၎င်းက ပြောသည်။

ယမန်နေ့ကတည်းက ထိုသို့ ပစ်ခတ်မှုများရှိနေ၍ လူဦးရေ ၁၀၀၀ ကျော်ရှိသည့် ညောင်ပင်ရှည်ရွာမှ ဒေသခံအများစုမှာ ကြိုတင်တိမ်းရှောင်နေကြရာ ယနေ့ (ဧပြီ ၂၂) မွန်းလွဲပိုင်းအထိ စစ်တပ်ရှိနေသဖြင့် ကျေးရွာအတွင်း ပြန်မဝင်နိုင်ကြသေးဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

ထိုဖြစ်စဉ်များကြောင့် အနီးအနားကျေးရွာများဖြစ်သည့် သာဇင်ရွာ၊ သာစည် လေးရွာတို့မှ ဒေသခံများပါ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ၎င်းတို့က ပြောသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ထိုဒေသတွင်းအခြေအနေများကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍မရသေးပါ။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ မြင့်တက်နေရာ စစ်ကိုင်းတိုင်းသည်လည်း ထင်ရှားစွာပါဝင်နေသည်။

ပျူစောထီးအားကိုးဖြင့် ခုခံသူများကို အရှိန်မြှင့်နှိမ်နင်းမည်ဟု မတ်လအတွင်း ကြုံးဝါးပြီးနောက်တွင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ရွာစဉ်လှည့် မီးရှို့မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်။  

၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ် ဧပြီလအထိ နိုင်ငံအနှံ့ အိမ်ခြေ ၉၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကာ ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှဖြစ်သည်ဟု Data for Myanmar အဖွဲ့က ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ 

ထိုဖြစ်ရပ်များကို ၎င်းတို့ လက်ချက်မဟုတ်ဟု စစ်ကောင်စီက အစဉ်တစိုက်ငြင်းဆိုလေ့ရှိသည်။ 

သို့သော် ရခိုင်ပြည်နယ်တွင် ၂၀၁၆၊ ၂၀၁၇ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း အလားတူဖြစ်စဉ်များကို ဘူးကွယ်ခဲ့ဖူးသည့် စစ်တပ်မှာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို ရင်ဆိုင်နေရသည်။

မြန်မာစစ်တပ်သည် ရခိုင်တွင် လူမျိုးသုဉ်းသတ်ဖြတ်သည့် ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း မတ် ၂၁ ရက်တွင် ဝါရှင်တန်ဒီစီ၌ ထုတ်ဖော်ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button