
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ ရွာနန်းကျေးရွာကို ဧပြီ ၇ ရက်တွင် စစ်တပ် ဝင်ရောက်စီးနင်းစဉ် ရွာခံ ၅ ဦး သေဆုံးခဲ့ရပြီး ကလေး ၃ ဦး ပျောက်ဆုံးနေကာ ရွာလုံးကျွတ်နီးပါး မီးလောင်သွားသည်ဟု ဒေသခံနှင့် PDF အဖွဲ့ထံမှသိရသည်။
ထိုနေ့ နံနက် ၅ နာရီခန့်တွင် စစ်သားအင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က ဗုံးသီးများ ပစ်၍ ဝင်လာကြောင်း၊ တစ်နာရီခန့် အကြာတွင် ရွာ၏ တောင်ဘက်မှစ၍ တစ်အိမ်တက်ဆင်း မီးရှို့၍ မွန်းလွဲပိုင်းတွင်မှ ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းတို့က ပြောသည်။
သေဆုံးသူများမှာ အသက် ၆၀၊ ၇၀ ဝန်းကျင်ရှိကြသော အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦး၊ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်သည်ဟု ဝက်လက် PDF တပ်ရင်း ၂ မှ တာဝန်ရှိသူက ပြောသည်။
မီးကျွမ်းနေသည့် ရုပ်အလောင်းများကို စစ်ဆေးရာ သက်ကြီးရွယ်အိုများတွင် ဒဏ်ရာမတွေ့သဖြင့် မီးရှို့ခံရ၍ သေဆုံးသည်ဟု ခန့်မှန်းရကြောင်း၊ လူလတ်ပိုင်းအမျိုးသား၏ အလောင်းတွင်မူ လည်ပင်း၌ ကျည်ဖောက်ထွက်ဒဏ်ရာတွေ့ရ၍ ပစ်သတ်ပြီးမှ မီးရှို့သည်ဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။
ပျောက်ဆုံးနေသူ ၃ ဦးမှာ အသက် ၁၀ နှစ်ကျော်သာရှိသည့် ကလေးများဖြစ်ပြီး ရုပ်အလောင်းမတွေ့သဖြင့် စစ်တပ်က ဖမ်းသွားသည်ဟု ယုံကြည်ကြောင်း၊ စစ်တပ်ဝင်မွှေစဉ် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားကြသည့် မိဘများနှင့် မတွေ့ရသေး၍ အသေးစိတ်မသိရသေးကြောင်း ဝက်လက် PDF တာဝန်ရှိသူက ဆိုသည်။
မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိ ရွာနန်းရွာမှ ၅၀၀ ဝန်းကျင် ပျက်စီးဆုံးရှုံးသွားကြောင်း ယနေ့ (ဧပြီ ၈) မွန်းလွဲပိုင်းတွင် ၎င်းက အတည်ပြုသည်။
အုန်းတောရွာတွင် အခြေစိုက်သည့် တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်း ဝင်မွှေခြင်းဖြစ်သည်ဟု အထက်ပါ PDF တာဝန်ရှိသူနှင့် ဒေသခံတစ်ဦးက ပြောသည်။
“ဒီကောင်တွေ(စစ်သားတွေ) စစ်ကြောင်းထိုးတာလားတော့ မသိဘူး။ စစ်ကြောင်းထိုးရအောင်လည်း ဒီဘက်ကြောမှာ ငြိမ်နေတာကနေ အခုလို လာပြီး မီးရှို့နေတာ” ဟု ရွာနန်းကျေးရွာနှင့် ကပ်လျက်ရှိ ညောင်ပင်ကြီးတောရွာသားတစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း အင်တာနက်လိုင်းများ ဖြတ်တောက်နေသည်ဖြစ်၍ ဓာတ်ပုံ၊ ရုပ်သံ သက်သေအထောက်အထားများ မရေသေးပေ။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။
မီးရှို့မှုများမှာ PDF တို့၏ လက်ချက်ဖြစ်သည်ဟု စစ်တပ်က တုံ့ပြန်လေ့ရှိသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများလည်း ပါဝင်သည်။
လက်လုပ်မိုင်း၊ သေနတ်တို့ကို အဓိကသုံး၍ အန်တုနေသည့် စစ်ကိုင်းဒေသခံတို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့်ပါ တုံ့ပြန်နေပြီး ရွာစဉ်လှည့်မီးရှို့မှုများ မကြာခဏကျူးလွန်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။ ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ အားကိုးဖြင့် စစ်ကိုင်းတိုင်းတွင် စစ်ရှိန်မြှင့်မည်ဟု စစ်ကောင်စီက ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)