သတင်း

တက္ကသိုလ်ကျောင်းသား ၁၀ ဦး ထောင် ၃ နှစ်စီချခံရ

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသည့် တက္ကသိုလ်ကျောင်းသား ၁၀ ဦးကို ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းအထူးတရားရုံးက မတ်လနောက်ဆုံးပတ်အတွင်း အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်သည်။

၎င်းတို့မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၅ ဦး၊ အဖွဲ့ဝင်ဟောင်း အလွတ်တန်းသတင်းထောက် ၁ ဦး၊ ကျောင်းသား ၄ ဦးတို့ ဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ဒီဇင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း (ခ) လင်းလင်းနှင့် အလွတ်တန်းသတင်းထောက် ကိုဇော်လင်းထွဋ်(ခ) ဖိုးသားတို့ကို မတ် ၃၁ တွင် အမိန့်ချသည်။

စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့်ရက်များကို ချုပ်ရက်အဖြစ် သတ်မှတ်ခံရခြင်း မရှိဟု ၎င်းတို့၏ရှေ့နေက ပြောသည်။

“ရမန်စယူတဲ့ရက်ကဆိုရင် ၂ လလောက်တော့ ချုပ်ရက်ရတယ်။ ဖမ်းသွားပြီး စစ်ကြောရေးရောက်တဲ့ကာလ မပါဘူး” ဟု ၎င်းတို့၏ရှေ့နေက ပြောသည်။

မလင်းလင်းကိုမူ စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပုဒ်မ ၂ ခုဖြင့် ထပ်မံစွဲဆိုထားသည်ဟု ထိုသူက ဆက်ပြောသည်။

မလင်းလင်း၏ လက်ကျန်နှစ်မှု အသေးစိတ်အခြေအနေကို မသိရပေ။ ထိုနှစ်ဦးစလုံး၏ ကျန်းမာရေးကောင်းမွန်သည်ဟု ရှေ့နေက ပြောသည်။ ကိုဇော်လင်းထွဋ်သည် ၂၀၁၉ ခုနှစ်အတွင်း “ဒေါင်းတို့မျိုးဆက်” သံချပ်ဖျော်ဖြေမှုကြောင့် စစ်တပ်၏ ရန်ရှာမှုကို ခံရဖူးသူဖြစ်သည်။ ထိုစဉ်က ထောင် ၂ နှစ်ချခံခဲ့ရပြီး ၂၀၂၀ ဇွန်လတွင်မှ ကိုဇော်လင်းထွဋ် ပြန်၍ လွတ်လာသည်။

ကိုဖိုးသားနှင့် မလင်းလင်း။

ထိုနှစ်ဦးနှင့်အတူ တစ်ရက်တည်း အမိန့်ချခံရသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဥက္ကဋ္ဌ ကိုခန့်သူအောင်၊ ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး၊ သမဂ္ဂအဖွဲ့ဝင် ကိုဖြိုးကျော်နိုင်၊ သမဂ္ဂအဖွဲ့ဝင်ဟောင်း ကိုမင်းဟိန်းခန့်တို့သည်လည်း ချုပ်ရက် ထုတ်နုတ်ခံစားခွင့်ရသည်ဟု ၎င်းတို့၏ ရှေ့နေထံမှ သိရသည်။

ထို ၄ ဦးအနက် မယဉ်မြတ်နိုးဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်တွင် ပုဒ်မ ၅၀၅-ကဖြင့်ပင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသေးသည်။ 

“သူက (မယဉ်မြတ်နိုးဦး) ၂ မှုစွဲခံရပြီး ၂ မှုလုံးနဲ့ ထောင်ချတယ်။ တာမွေနဲ့ မင်္ဂလာတောင်ညွန့် နှစ်မြို့နယ်လုံးမှာ ၅၀၅-ကနဲ့ စွဲခံရတာပါ” ဟု ရှေ့နေ ဦးသက်နောင်က ပြောသည်။ 

ယမန်နှစ် ဧပြီ ၁၃ ညနေက တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးရှေ့တွင် အဖမ်းခံခဲ့ရသည့် ထို ၄ ဦးစလုံး ကျန်းမာရေးကောင်းမွန်သော်လည်း ကိုခန့်သူအောင်ကမူ ၎င်း၏လုံခြုံရေးကို စိုးရိမ်နေသည်ဟု ဦးသက်နောင်က ဆက်ပြောသည်။

“သူ့သတင်းကို နားစွင့်ထားပေးဖို့ ပြောတယ်။ သူ့ကို တစ်ခုခုလုပ်မှာ စိတ်ပူနေတယ်။ သူနှိပ်စက်ခံရတယ်လို့ အရင်ကလဲ ကြားတယ်။ ကျန်တဲ့သူတွေကို တရားစခန်းဘက် (အင်းစိန်ထောင်တွင်းရှိအဆောင်) မှာ ထားပေမဲ့ သူ့ကို ပင်မဆောင်မှာ ထားတယ်” ဟု ၎င်းက ဆက်ပြောသည်။ အသေးစိတ်ကိုမူ မသိရပေ။

ရန်ကုန်မြို့ အင်းစိန်ထောင်ရှိ တရားရုံးမှ မတ်လနောက်ဆုံးပတ်အတွင်း အလားတူ ပြစ်ဒဏ်ချခံရသူများထဲတွင် ဒဂုံတက္ကသိုလ် ဇီဝဓာတုဗေဒဌာန ကျောင်းသား ကိုကျော်လင်းထွဋ်၊ ရှေးဟောင်းသုတေသနပညာဌာန ကျောင်းသူ မဆုမွန်တို့ပါဝင်သည်။

ထို့ပြင် ထိုတက္ကသိုလ်မှ ရုက္ခဗေဒဌာနကျောင်းသား ကိုဇင်လင်းအောင်နှင့် သတ္တဗေဒဌာနကျောင်းသား ကိုမောင်မင်းခန့်တို့လည်း ယင်းသို့ပင် အမိန့်ချခံရသည်။ ထိုလေးဦးမှာ ယမန်နှစ် ဇွန်လအတွင်း ဖမ်းခံရခြင်းဖြစ်သည်။

အင်းစိန်အကျဉ်းထောင်တွင် ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ အယောက် (၃၀) ကျော် ရှိနေပြီး သေဒဏ်၊ တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံထားရသူများပါဝင်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ 

ယခုအမိန့်ချခံရသော ကျောင်းသားကျောင်းသူများ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း၊ စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲဝင်ရန် ထောင်ကျကျောင်းသားများက သတင်းစကားပါးကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်- ရွာသာကြီးနယ်မြေ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုလပြည့်က ပြောသည်။

“ဒီခေတ်ဆိုးကြီးမှာ ထောင်ထဲဝင်ရတာ မဆန်းဘူး၊ ထွက်လာရင်လည်း ဆက်တွန်းလှန်မယ်၊ အပြင်ကလူတွေကလည်း ဒီတာဝန်ကို အတူတူထမ်းရွက်ဖို့ သူတို့ပြောထားပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်သို့ ဒဏ်ရာဗရပွဖြင့် ရောက်လာသော၊ နိုင်ငံရေးပုဒ်မတပ်ခံထားရသောသူများ လုံလောက်သည့် ဆေးကုသခွင့်နှင့် ဆေးဝါးမရ၍ နိုင်ငံရေးအကျဉ်းသားများက ပြင်ပသို့ အကူအညီတောင်းခံရေးသားပေးပို့ထားသည့် စာတစ်စောင်ကို ကျောင်းသားသမဂ္ဂများက ဖေဖော်ဝါရီ ၁၇ ရက်နေ့က Facebook တွင် ဖော်ပြခဲ့သည်။

အာဏာသိမ်းမှု တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက မျိုးစုံဖိနှိပ်နေသော်လည်း ဆန့်ကျင်သည့် လှုပ်ရှားမှုမျိုးစုံကို နိုင်ငံအနှံ့တွင် လူငယ်တို့က ဦးဆောင်ပြုလုပ်နေကြဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button