သတင်း

ဆိပ်ဖြူမြို့နယ် PDF ပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရကာ ၈ ဦး သေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဇန်နဝါရီ ၂ ရက်နေ့က စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးသွားသည်ဟု သိရသည်။ဆိပ်ဖြူမြို့ ဒေသခံကာကွယ်ရေးအဖွဲ့၊ ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၁ ဦးသည် ဆိုင် ကယ် ၁၀ စီးဖြင့် ကျေးရွာများသို့ နယ်မြေစိုးမိုးရေးနှင့် စည်းရုံးရေးအသွား ကျွန်းချောင်းမြို့အစပ် တော လမ်းတစ်နေရာတွင်  ညနေ ၆ နာရီ၌ ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ထိုအဖွဲ့မှ တာဝန်ခံကို ပိုင်က ပြောသည်။

တောလမ်းတွင် ကြိုတင်စောင့်ဆိုင်းနေသည့် ကင်းပုန်းဝပ်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့်က လက်ဦးမှုယူပစ်ခတ်ခဲ့ပြီး အဖွဲ့ခေါင်းဆောင်၏ ပစ္စတိုတစ်လက်ဖြင့်သာ ပြန်လည်ခုခံခဲ့ရသည်ဟု ထိုအဖွဲ့တာဝန်ခံကိုပိုင်က ပြောသည်။

“ကျွန်တော်တို့ဘက်က ပြန်ပစ်ဖို့က တစ်တောင့်ထိုး သေနတ်တွေပဲပါတာဗျ၊ မောင်းပြန် ၂လက်လောက်သာပါရင်၊ ခံပစ်နိုင်ရင် အခုလိုလောက်မကျဘူး” ဟု သူက ပြောသည်။

သေဆုံးသူများထဲတွင် မိန်းကလေး ၃ ဦး ပါဝင်သည်၊  ပစ်ခတ်ချိန် နာရီဝက်ခန့်ကြာပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော် ထိုနေရာမှ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။ ရုပ်အလောင်း ၈ ခုနှင့် ဆိုင်ကယ် ၃ စီး မီးလောင်ထားသည်ကို နောက်တစ်နေ့ သွားရောက် အလောင်းကောက်စဉ် တွေ့ရသည်၊ ဆိုင်ကယ် ၇ စီးကို စစ်ကောင်စီတပ်က ယူဆောင်သွားသည်ဟု ကိုပိုင်က ပြောသည်။  

တပ်ဖွဲ့ခေါင်းဆောင်က ဆုတ်ခွာလျှင် လွတ်မြောက်နိုင်သော်လည်း သူ၏ ပစ္စတိုနှင့် ပြန်လည်ပစ်ခတ်ပြီး ကျန်ခဲ့သည်ဟု ဆိုသည်။

“အဲဒီနေရာက ချိုင့်ခွက်ကြီး။ ကမ်းပါးကတော့ လူနှစ်ရပ်စာလောက်မြင့်တယ်၊ အဲဒီကနေ ဆီးပစ်တာ၊ ကုန်းပေါ်အတက်မှာပစ်တာ။ ခေါင်းဆောင်က လွတ်တယ်၊ သူကအတိုနဲ့။ ရဲဘော်တွေကျန်တော့ ခံပစ်တာ  ကျသွားတယ်” ဟု ကိုပိုင်က ပြောသည်။

“တစ်ယောက်ကိုတော့ ကြိုးချည်ပြီးမီးရှို့ထားတာ တွေ့တယ်၊ ကျန်တာတော့ နေရာတင် သေမယ့် ပုံတွေပါ။ ဘယ်သူက ဘယ်အလောင်းဆိုတာ ခွဲလို့မရဘူး။ ရေလို့ပဲရတာ”  စစ်တပ်က စောင့်ဆိုင်း တိုက်ခိုက်နိုင်ခြင်းမှာ သတင်းကြိုရထားသောကြောင့်ဖြစ်နိုင်သည်၊ ရှေ့ပြေးကင်းထောက်သွားသည့် ကာကွယ်ရေးအဖွဲ့ဝင် အမျိုးသား၂ဦးမှာလည်း တိုက်ခိုက်မှုအစမပြုမီ  ၁ နာရီခန့်အလို ကတည်းက အရှင်ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

သေဆုံးသူကာကွယ်ရေးအဖွဲ့ဝင်အားလုံးမှာ အသက် ၂၀ ဝန်းကျင် တက္ကသိုလ်ကျောင်းသားများဖြစ် သည်ဟု ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။ 

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ဆိတ်ဖြူ၊ ရေစကြို၊ မြိုင်နှင့်ပေါက်မြို့များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ဒေသခံပြည်သူများကို ရိုက်နှက်စစ်ဆေးခြင်း၊သတ်ဖြတ်ခြင်းတို့ တရစပ်လုပ်ဆောင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button