
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လာဘို့ရွာမှ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်၊ တရားရေးဌာနတို့က မတ် ၂၈ နေ့လယ်ပိုင်းတွင် စစ်ဆေးရာ အဆိုပါ သတ်ဖြတ်ခံရမှုကို မသိကြောင်း စွပ်စွဲခံရသူတို့က ထွက်ဆိုခဲ့သည်ဟု သိရသည်။
အသတ်ခံရသူတို့မှာ မြို့အနောက်ဘက် ၈ မိုင်ကျော်အကွာရှိ လာဘို့ရွာမှ Hero Tiger Force အမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) မှ ၆ ဦး၊ အရပ်သား ၂ ဦး၊ မီးသတ်သမား ၂ ဦးတို့ ဖြစ်သည်။
သတ်ဖြတ်သည်ဟု စွပ်စွဲခံရသူတို့မှာ ဒေသတွင်း တော်လှန်ရေးခေါင်းဆောင် ဗိုလ်သံမဏိဦးဆောင်သည့် ယင်းမာပင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ဖြစ်သည်။
စွပ်စွဲခံရသူတို့က ၎င်းတို့မှာ အမိန့်အရ သွားရောက် ဖမ်းဆီးခဲ့ကြောင်းသာ ထွက်ဆိုကြသည်ဟု အွန်လိုင်းစစ်ဆေးမေးမြန်းမှုတွင် ကိုယ်တိုင်ကြားနာခဲ့သူတစ်ဦးကို ကိုးကား၍ နွေဦးတော်လှန်ရေးသံဃာကွန်ရက်မှ ဦးဆောင်ဆရာတော် ဦးဝါယမက မိန့်သည်။
ဖမ်းဆီးရန် စေခိုင်းသူအမည်ကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဟု ဆရာတော်က မိန့်သည်။
“လာဘို့က ကလေးတွေကို သတ်တဲ့ကိစ္စကို မေးတဲ့အခါမှာ ဘူးလုံးဝခံတယ်” ဟု ဆရာတော် ဦးဝါယမက မိန့်သည်။
“သူတို့မသိဘူး၊ ချုပ်ထားတဲ့အထိတော့ သိတယ်၊ ကျန်တာ သတ်တာ ဖြတ်တာတွေ မသိဘူးပေါ့။ ချုပ်ဖို့အတွက် ဖမ်းခေါ်သွားတယ်၊ ကားပေါ်မှာ ခေါ်သွားတယ်ပေါ့၊ ကျန်တဲ့ကိစ္စတွေတော့ မသိဘူးလို့ ထွက်တယ်တဲ့”
စစ်ဆေးမေးမြန်းမှုအတွက် ၅ ဦးကို ချိန်းဆိုခဲ့သော်လည်း တပ်စိတ်မှူးဖြစ်သူ တိုက်ကောင်း ရောက်မလာကြောင်း၊ ဖောက်ခွဲရေးတာဝန်ခံ မောင်ဦးနှင့် ဖောက်ခွဲရေးအဖွဲ့ဝင် ၃ ဦးတို့သာ လာရောက်ကြားနာကြောင်း ဆရာတော်က မိန့်သည်။
အမှုမှာ နိုဝင်ဘာ ၂၆ ရက်နေ့က လာဘို့ရွာခံ ယင်းမာပင်မီးသတ်တပ်ဖွဲ့ဝင် ၂၅ နှစ်အရွယ် ကိုသက်ပိုင်ထွန်း၊ လုပ်ဖော်ကိုင်ဖက် ၂၃ အရွယ် ကိုစိုးကိုကို၊ ခရိုင်မီးသတ်ဦးစီး၏သား ၁၈ နှစ်အရွယ် ကိုကောင်းခန့်ကျော်နှင့် ၂၅ နှစ်အရွယ် ကိုအောင်နိုင်လင်း (ခ) ဖိုးအဲ တို့ကို တိုက်ကောင်းဆိုသူ ဦးဆောင်သည့်အဖွဲ့က ပြောင်းပြာရွာနှင့် လက်လှုပ်ရွာကြားတွင် ဖမ်းဆီးရာမှ အစပြုခဲ့သည်။
ထို ၄ ဦးထဲမှ ၁ ဦး အာမခံနှင့် ပြန်လွတ်လာရေးအတွက် ညှိနှိုင်းရန် ချိန်းဆိုသည့် နေရာသို့ သွားကြသော Hero Tiger Force မှ တပ်ဖွဲ့ဝင် ၆ ဦးလည်း အဖမ်းခံလိုက်ရသည်။
ဤသို့ဖြင့် ဖမ်းဆီးခံရသူ ၁၀ ဦးလုံး သေဆုံးသွားသည်ဟု သတင်းထွက်လာသည်။
ထို ၁၀ ဦးမှာ နားလည်မှုလွဲမှားပြီး အငြိုးအတေးထားမှုများကြောင့် မှားယွင်းစွပ်စွဲသတ်ဖြတ်ခံခဲ့ရသည်၊ ဒီဇင်ဘာ ၃ မှစ၍ ဗိုလ်သံမဏိ၊ နစ်နာသူမိသားစုဝင် ၁၁ ဦး၊ အခြားသက်သေ ၈ ဦးကို စုံစမ်းစစ်ဆေးခဲ့သည်၊ ပြစ်မှုကျူးလွန်သူများကို အရေးယူသွားမည်ဟု NUG ၏ မတ် ၂၆ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ထုတ်ပြန်ပြီး ၂ ရက်အကြာတွင် စွပ်စွဲခံရသူများထဲမှ ၄ ဦးကို အွန်လိုင်းမှ ကြားနာစစ်ဆေးခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုသည် ထွက်ပြေးတိမ်းရှောင်နေသည့် တိုက်ကောင်းကို စစ်ဆေးမေးမြန်းပြီးမှသာ အပြီးသတ်ဖွယ်ရှိသည်ဟု ဦးဝါယမက မိန့်သည်။
NUG အစိုးရအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်နေသည့် ကာလအတွင်း ခိုင်မာသည့် တရားစီရင်ရေးစနစ်ရှိကြောင်း ပြသည့်အနေဖြင့် ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ဦးဝါယမက ယူဆသည်။
“အမှန်အတိုင်းသိသွားလို့ ဒီပြဿနာတွေက မကြီးသွားဘူးဗျ။ အမှန်အတိုင်းပြောဆိုကြပြီးတော့မှ အာဏာရူးကို စုပေါင်းပြန်တိုက်တဲ့စနစ်မျိုးကို လုပ်ယူရမှာလေ။ ဒါမှ ကျန်တဲ့အဖွဲ့အစည်းတွေက တရားရေးက ခိုင်မာသားပဲ၊ NUG ဟာ ဘက်မလိုက်သားပဲ ဆိုတဲ့ အများအမြင်ကို ခံစားရမှာလေ” ဟု ဆရာတော်က မိန့်သည်။
စစ်ကိုင်းတိုင်းဒေသအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့၏ ဥပဒေမဲ့သတ်ဖြတ်မှုဟု ယူဆရသည့် အဆိုပါ ဖြစ်စဉ်ကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်ဖွဲ့၍ စစ်ဆေးနေပြီး များမကြာမီ အစီရင်ခံစာထုတ်ပြန်မည်ဟု NUG ၏ တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောသည်။
ယနေ့တွင် နောက်ဆုံးသက်သေများကို စစ်ဆေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီထံ တင်ပြ၍ ယင်းကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း တရားစီရင်သွားမည်ဟု ဝန်ကြီး ဦးသိန်းဦးက Myanmar Now ကို ပြောသည်။
“အခုက ကော်မရှင်နဲ့ စစ်ပြီးတော့ လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီကို တင်ပြရမယ်။ အဲဒါက တစ်ရက်၊ နှစ်ရက်အတွင်း တင်ပြမယ်။ သူတို့ဆီက ထွက်လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ရမှာ“ ဟု ဝန်ကြီးက ပြောသည်။
ယင်းဖြစ်စဉ်မှာ ဖောက်ခွဲရေးပစ္စည်းများ မှားယွင်းပေါက်ကွဲမှုမှ အခြေတည်ကာ လက်စားချေသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများက ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်ဟု တရားရေးဝန်ကြီးဌာနက မတ် ၂၈ တွင် ထုတ်ပြန်ထားသည်။
ယင်းအမှုနှင့် ပတ်သက်၍ ဗိုလ်သံမဏိက ၎င်းအနေဖြင့် သတ်ဖြတ်ရန် အမိန့်ပေးခဲ့မှုမျိုး မရှိခဲ့သော်လည်း “တချို့သော လက်အောက်ငယ်သား တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ ဒေါသမထိန်းနိုင်လို့ ဒီလိုဖြစ်ရပ်မျိုးကို ကျူးလွန်မိတာ ဖြစ်နိုင်ကြောင်း၊ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပြစ်ဒဏ်ချမှတ်ခံရရင်လည်း ဒီဖြစ်စဉ်ရဲ့ အကျိုးဆက်တွေကို မိမိအနေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ” ဟု ပြောဆိုသည်ဟု တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အပြစ်မဲ့အရပ်သားများကို အသက်အန္တရာယ်ပြုခြင်းနှင့် သတ်ဖြတ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်ဟု NUG က ကြေညာထားသည်ဟု တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတ်ဖြတ်မှုအတွက် စွပ်စွဲခံရသူများကို Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)