
(ရန်ကုန်) — ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ်၊ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးကိုကိုနိုင်ထံမှ အထွေအထွေလျော်ကြေး နစ်နာကြေး ကျပ်သိန်း ၂ဝ,ဝဝဝ ရလိုမှုဖြင့် ၎င်းဌာနမှပင် အငြိမ်းစားယူသွားသည့် အရာရှိဟောင်းကြီးတစ်ဦးက မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် သြဂုတ် ၃ဝ ရက်နေ့က အမှုဖွင့် တရားစွဲဆိုခဲ့သည်။
တရားလိုမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အငြိမ်းစား ညွှန်ကြားရေးမှူး ဦးမြင့်ဌေးဖြစ်ပြီး ၎င်းကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် ဦးကိုကိုနိုင်က ပြောဆိုခဲ့ခြင်းကြောင့်ဟု ဆိုသည်။
တရားလို ဦးမြင့်ဌေးသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားမှူးအဆင့်ဖြင့် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် လုပ်သက်ပြည့် အငြိမ်းစားယူခဲ့ကြောင်း၊ ၎င်း အငြိမ်းစား မယူမီ ရက်ပိုင်းအတွင်း ဌာနတွင်းလုပ်ဖော်ကိုင်ဖက်များနှင့် နှုတ်ဆက်ပွဲပြုလုပ်ခဲ့ကြောင်း၊ ထိုပွဲတွင် ရောက်ရှိနေသော ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဦးမြင့်ဌေးသည် ဝန်ထမ်းဘဝ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံစားသောက်စဉ်က အဝတ်အစားမပါဘဲ ကကုန်ခဲ့သည်ဟု မမှန်မကန်ပြောဆိုခဲ့ကြောင်း တရားလို၏ ရုံးတော်သို့လျှောက်ထားချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ နစ်နာကြေးသိန်း ၂ဝ,ဝဝဝ ကို ရလိုကြောင်းနှင့် ထိုငွေကို ဩဂုတ်လ ၂၉ ရက်နေ့တွင် နောက်ဆုံးထား၍ ပေးရန် အကြောင်းကြားစာကို နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေ သည့် ဦးကိုကိုနိုင်ထံသို့ ဩဂုတ်လ ၂၄ ရက်က ပေးပို့ခဲ့သော်လည်း အကြောင်းမပြန်သည့်အတွက် တရားရုံး၌ အမှုဖွင့်ခြင်း ဖြစ်သည်ဟု တရားလိုရှေ့နေ ဦးနေလက Myanmar Now ကို ပြောသည်။
“တရားပြိုင်(ဦးကိုကိုနိုင်)က ကိုယ်တိုင်မြင်ခဲ့တာလည်း မဟုတ်ဘဲ တစ်ဆင့်ကြားစကားနဲ့ တစ်ဖက်လူရဲ့ဂုဏ်သိက္ခာ မှေးမှိန်ကျဆင်းစေမယ်ဆိုတာသိလျက်နဲ့ တမင်ရည်ရွယ်ပြီး ကျွန်တော့် အမှုသည်ကို သိက္ခာကျအောင် ပြောကြားတာပါ။ ဒါက နာမည်ကောင်းနဲ့ အငြိမ်းစားယူမယ့်သူ ဝန်ထမ်းကောင်းအတွက် အင်မတန် ထိခိုက်နစ်နာစေတယ်။ ဘဝတစ်ခုလုံးကို ထိခိုက်တာ” ဟု တရားလွှတ်တော်ရှေ့နေဖြစ်သည့် ၎င်းက ပြောသည်။
ဦးမြင့်ဌေးသည် တရားရေးဌာနတွင် အရာရှိငယ်အဆင့်မှ အဆင့်မြင့်အရာရှိဘဝအထိ ၃၃ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်သူ့ဝန်ထမ်းတံဆိပ် ချီးမြှင့်ခံရဖူးကြောင်း တရားရုံးသို့ လျှောက်ထားသည့် လျှောက်ထားလွှာတွင် ဖော်ပြထားသည်။
တရားလိုဘက်ကမူ ဦးကိုကိုနိုင်အပေါ် ရာဇဝတ်ကြောင်းအရပါ တရားထပ်စွဲဦးမည်ဟု ပြောသည်။
“တရားမကြောင်းနဲ့ဆို (နစ်နာမှုဖြစ်ပြီးနောက်) တစ်နှစ်အတွင်းမှာ တရားစွဲဆိုရမှာဖြစ်တဲ့အတွက် တရားမကြောင်းနဲ့ အရင်ဖွင့်တာ။ လောလောဆယ်အလုပ်တွေလည်း အရမ်းရှုပ်နေလို့။ ရာဇဝတ်ကြောင်းအရ နောက်ထပ် တရားစွဲဖို့လည်း အစီအစဉ်ရှိတယ်။ ရာဇဝတ်မှုဆိုတာ ဘယ်အချိန်ဖွင့်ဖွင့် ဖွင့်လို့ရတယ်” ဟု ဦးနေလက ဆိုသည်။
အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင် တာဝန်မထမ်းဆောင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး တပ်ဘက်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်။
ယခု အမှုအား မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က တရားမကြီးအမှု အမှတ် ၃၈/၂ဝ၁၈ ဖြင့် ယမန်နေ့က လက်ခံခဲ့သည်။ ယခုအမှုနှင့်ပတ်သက်၍ ဦးကိုကိုနိုင်အား ဆက်သွယ်၍ မရခဲ့ပေ။