သတင်း

ချင်း-မကွေးနယ်စပ်တွင် တိုက်ပွဲဆက်နေ

ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် မြို့နယ်များဖြစ်သည့် လောင်းရှည်နှင့် ကျောက်ထုမြို့နယ်များတွင် မတ် ၂၀ ရက်မှစ၍ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတော်လှန်ရေးအဖွဲ့များက ပြောသည်။

လောင်းရှည်နှင့် ဆောမြို့နယ်ကြား တောထဲတွင် လှည့်လည်နေသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မတ် ၂၀ ရက်တွင် လောင်းရှည်၊ ဆော၊ စလင်းနှင့် ဆိပ်ဖြူမြို့နယ်တို့မှ PDF အဖွဲ့များ၊ The Youth Force(Saw, Kyauk Htu) နှင့် စွန်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။​

လက်လုပ်စိန်ပြောင်းနှင့် မိုင်းများ အသုံးပြုတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးထက်မနည်း သေမည်ဟု ဆော – PDF  ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ခန့်မှန်းသည်။

“သူတို့ (စစ်ကောင်စီ) က တောလမ်းအတိုင်းဖြတ်လာမဲ့ဟာကို ချုံခိုတိုက်ခိုက်လိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။

ထိုစစ်ကြောင်းမှာ လောင်းရှည်မြို့တောင်ဘက် ၆ မိုင်ခန့်အကွာရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ အမှတ် ၂၅ မှဖြစ်ပြီး လပို့တောင်ကြောတွင် ဒေသကာကွယ်ရေးအဖွဲ့များက စောင့်ကြို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆော – PDF ဘက်က ပြောသည်။

နောက်တစ်ရက် (မတ် ၂၁) မွန်းလွဲပိုင်းတွင် ထိုစစ်ကြောင်းမှာ ဆောမြို့သို့ ပြန်ဝင်သွားသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

ချင်းပြည်နယ်နှင့် မကွေးတိုင်း ဆက်စပ်ဒေသများမြေပုံ။

မတ် ၂၃ ရက်တွင် ချင်းပြည်နယ် မင်းတပ်မြို့၊ ကန်ပက်လက်မြို့များနှင့် နယ်နိမိတ်ထိစပ်နေသည့် ကျောက်ထုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ပွဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ကျောက်ထုမြို့နှင့် အနည်းငယ်သာဝေးသည့် ရွှေအောင်သာရွာဘက်သို့ တက်လာသည့် မြို့ပေါ်ရှိ အမြောက်တပ်မှ အင်အား ၉၀ ခန့်ပါသည့် စစ်ကြောင်းနှင့် မွန်းလွဲ ၁ နာရီခန့်တွင် ကြီးကျေးရွာအနီး ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ကျောက်ထု – PDF ထံမှ သိရသည်။

ထိုတိုက်ပွဲတွင် PDF ဘက်က လက်လုပ် ၆၀ မမ စိန်ပြောင်းသုံးခဲ့ပြီး စစ်တပ်ဘက်မှ အကျအဆုံးများနိုင်သည်ဟု ကျောက်ထု – PDF မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်ဝေလက ခန့်မှန်းသည်။

တိုက်ခိုက်ခံရသည့် ထိုစစ်ကြောင်းမှာ ကြီးကျေးရွာ၌ ညအိပ်ပြီးနောက် ယနေ့ (မတ် ၂၄) နံနက်ပိုင်းတွင်မှ ရွှေအောင်သာရွာရှိ စစ်စခန်းနှင့် ပူးပေါင်းရန် ထွက်သွားသည်ဟု ၎င်းထံမှ သိရသည်။

“ရွာက ရှောင်နေကြတော့ အိမ်တွေဝင်၊ ပစ္စည်းတွေယူ၊ ကြက်တွေဘာတွေ သတ်စားပြီးမှ ဒီနေ့မှ ပြန်ထွက်သွားတယ်” ဟု ဗိုလ်ဝေလက ဆိုသည်။

ယနေ့ (မတ် ၂၄) တွင်မူ  ချင်း-မကွေးနယ်စပ်၌ တိုက်ပွဲမရှိဘဲ ငြိမ်သက်နေကြောင်း၊ အထက်ပါ တိုက်ပွဲများအတွင်း ၎င်းတို့ဘက်မှ ထိခိုက်သူမရှိဟု ဆောနှင့် ကျောက်ထု PDF အဖွဲ့များက ပြောသည်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းရာ ချင်းပြည်နယ်နှင့် မကွေးတိုင်းကို ဆက်စပ်ထားသည့် ကျောက်ထု-မင်းတပ်-မတူပီလမ်းကို မကြာခဏအသုံးပြု၍ စစ်ကောင်စီက စစ်ရေးလှုပ်ရှားနေရာ ဒေသကာကွယ်ရေးအဖွဲ့တို့နှင့် တိုက်ပွဲများ မကြာခဏဖြစ်နေသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button