
မကွေးတိုင်း၊ ဆောမြို့နယ်ထဲက အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းကို မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး လူ ၃၀ဝန်းကျင် ထိခိုက်၊ ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေဟာ မင်းတပ်- ပခုက္ကူကားလမ်းဘေးမှာရှိတဲ့ အကြည်ပန်းပလွန်းရွာပတ်ဝန်းကျင်က ဒေသခံတွေ ဖြစ်ကြပါတယ်။ အများစုဟာ မီးလောင်ကျွမ်းပြီး သေဆုံးသွားတာကြောင့် သေဆုံးသူတွေဟာ ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာကို ဒီကနေ့အထိ ၈ ဦးပဲ အတည်ပြုနိုင်ပါသေးတယ်။ သူတို့တွေကတော့ အသက် ၃၆ နှစ်အရွယ် ဒေါ်ပြုံးပြုံးသီ၊ အသက် ၄၀ အရွယ် ဒေါ်မိုးမိုး၊ အသက် ၅၅ နှစ်အရွယ် ဦးလှမြင့်ဆွေ၊ အသက် ၄၂ နှစ်အရွယ် ဦးတင်အောင်လွင်၊ အသက် ၃၅ နှစ်အရွယ် ဦးငဗွေ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ချိုမာဝင်း၊ အသက် ၅၃ နှစ်အရွယ် ဒေါ်တိုးကြည်နဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်ခင်ချိုဝင်းတို့ ဖြစ်ကြပါတယ်။ အဲ့ဒီအထဲကမှ ဒေါ်ပြုံးပြုံးသီဟာ CDM ကျောင်းဆရာမတစ်ဦးဖြစ်သလို ဒေါ်ခင်ချိုဝင်းဟာလည်း CDM ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ကနဦးသိရှိရပါတယ်။



