
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ကပ်လျက်တည်ရှိသည့် မကွေးတိုင်း၊ ဆောမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရက်ဆက် ရှိနေသဖြင့် အရပ်သား၂ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင် ၁၇ ရက် ညသန်းခေါင်တွင် မင်းတပ်မြို့နယ် အနောက်ဘက်တွင်ရှိသည့် တိုက်နယ် ၁၂ မှ ကျေးရွာတစ်ရွာကို လေတပ်က တိုက်ခိုက်ရာ အမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားကြောင်း သိရသည်။
ဇူလှိုင် ၁၈ ညပိုင်း၊ ဇူလိုင် ၁၉ နံနက်ပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ကြုံတွေ့နေရကြောင်း မင်းတပ်မြို့ဒေသခံများက ပြောသည်။
ဇူလိုင် ၁၉ နံနက် ၅ နာရီဝန်းကျင်တွင် မင်းတပ်မြို့ အနောက်ဘက်သို့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကျရောက်ခဲ့သည်၊ ထိုနေရာအနီးတစ်ဝိုက်ကိုပင် Y 12 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။
“Y 12 နဲ့ အလုံး ၅၀ ကျော် ကြဲတယ်။ ဂျက်ဖိုက်တာနဲ့လည်း လာကြဲတယ်” ဟု မင်းတပ်ဒေသခံ အမျိုးသားတစ်ဦးက ဇူလိုင် ၁၉ တွင် ပြောသည်။
မင်းတပ် မြို့တွင်းမြို့ပြင်မှ ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။
“မြို့အနီးအနားကရွာတွေ အကုန်ရှောင်ကြတယ်။ တိုက်နယ် ၂၊ ၃၊ ၄ ဘက်က ရွာတွေက တခြား ရှောင်ကြတယ်။ မြို့နဲ့က တစ်တောင်ပဲ ကွာတာ၊ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း။ မြို့ပေါ်ကလူတွေလည်း အကုန်ရှောင်ကြတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် မင်းတပ်မြို့နှင့် ၁၈ မိုင်ခန့်သာ ကွာဝေးသည့် စစ်ကောင်စီအခြေစိုက်စခန်းတစ်ခုဖြစ်သည့် ကျောက်ထုအမြောက်တပ်ကလည်း ဇူလိုင် ၁၅ ရက်မှစတင်ကာ ချင်းတောင်တန်းနှင့် နယ်နိမိတ်ထိစပ်နေသည့် နေရာအပါအဝင် အနီးဝန်းကျင်နေရာများသို့ပါ လက်နက်ကြီးများဖြင့် ညစဉ်ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဆောမြို့နယ်အတွင်း သေဆုံး၊ ဒဏ်ရာရမှု
ဇူလိုင် ၁၇ ရက်နေ့က ဆောမြို့နယ်၊ ကျောက်ထု အမှတ် (၃၆၈) အမြောက်တပ်၏ ပစ်ခတ်မှုကြောင့် တပ်နှင့် ၅ မိုင်ခန့်အကွာ ကြန်တောရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးကာ သူ၏ မိသားစုဝင် ၂ ဦး ဒဏ်ရာရသွားသည်။
သေဆုံးသူ အသက် ၅၅ နှစ်အရွယ် ဦးဝင်းအောင်မှာ ဦးခေါင်းထိမှန်ခဲ့ခြင်း ဖြစ်သည်၊ ၎င်း၏ ဇနီးဖြစ်သူ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးမှာ ခြေ၊ လက်၊ တင်ပါးနှင့် ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်၊ ၎င်း၏ အစ်ကိုဖြစ်သူ အသက် ၆၃ နှစ်အရွယ် ဦးဌေးဝင်းမှာ ကျောကုန်း၊ ပခုံးနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရထားသည်ဟု သိရသည်။
“ဆုံးသွားတဲ့ ဦးလေးက လက်နက်ကြီးစမှန်ပြီး နောက်စေ့ကနေ ဖောက်ထွက်ပြီး ဒဏ်ရာရတော့ နာရီဝက်လောက်အကြာမှာ ဆုံးသွားတာ။ အဲ့ဒီ ဦးလေးရဲ့အကိုကတော့ ရင်ဘတ်၊ ကျောကုန်းဘက်တို့မှာ လက်နက်ကြီးစမှန်ပြီးတော့ ပြင်းထန်ဒဏ်ရာရတယ်။ လက်နက်ကြီးစ ကျန်မှာစိုးလို့ ပြင်းထန်ဒဏ်ရာဖြစ်နေတော့ ဒီမနက်တော့ ဆေးရုံလွှဲလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကိုင်ခုခံတော်လှန်ရေးအားကောင်းရာ ချင်းပြည်နယ်တွင် မင်းတပ်မြို့ အနောက်ဘက်ရှိ စစ်ဗျူဟာအခြေချ တပ်စခန်းနှင့် တပ်ရင်းနှစ်ခုအခြေစိုက်ထားသော မတူပီမြို့၊ တောင်ဘက်ရှိ ကျင်ဒွေးမြို့တို့ကို အာရက္ခတပ်တော်နှင့် နီးစပ်သည့် ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့် လပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။
မင်းတပ်မြို့ရှိ ခြေလျင်တပ်ရင်း ၂၇၄ တွင်လည်း စစ်တပ်က စစ်အင်အား၊ လက်နက်အင်အားများ ဖြည့်တင်းထားပြီးနောက်၊ ဆောမြို့နယ် ကျောက်ထုအမြောက်တပ်တွင်လည်း စစ်အင်အားများ ဖြည့်တင်းထားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
“မင်းတပ်အတိုက်ခံရမယ်လို့ ကြားတယ်။ အနောက်ဘက်က မတူပီဗျူဟာလည်း အသိမ်းခံထားရပြီဆိုတော့။ သူတို့က စစ်အင်အားဖြည့်တင်းနေတယ်။ လူအင်အားလည်း ဖြည့်တင်းထားတဲ့အပြင်ကို အတွဲလိုက်ပစ်ဒုံးတွေရော၊ ဒရုန်းတွေရော ထပ်ပြီး အားဖြည့်ထားတယ်။ အဲ့ဒီအင်အားဖြည့်ပြီးခါမှ တောက်လျှောက်ကို ခံစစ်အတွက်ပြင်တဲ့အနေနဲ့ ပတ်ချာလည်ကို တောက်လျှောက် ရှင်းတော့တဲ့ သဘောပါ” ဟု CDF မင်းတပ်မှ ရဲဘော်တစ်ဦးက သုံးသပ်သည်။

ယမန်နေ့ (ဇူလိုင် ၁၈) ရက် နံနက်ပိုင်းနှင့် ညပိုင်းကလည်း ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီးဖြင့် မင်းတပ်နှင့် ယောနယ်စပ်အပါအဝင် အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“၄ ချက်က ချင်းအစပ်ဘက်ကို ထုတယ်။ နောက် ၄ ချက်က ကြန်တောရွာဘက်ကို တည်ပြီးထုတာ။ ကြန်တောရွာဘုန်းတော်ကြီးကျောင်းမြောက်ဘက် ကပ်ကျတော့ တံခါးပေါက်မှန်တွေ ပွင့်ထွက်သွားတာ” ဟု ကျောက်ထုဒေသခံက ပြောသည်။
ဇူလိုင် ၁၆ ရက်နေ့ကလည်း ကျောက်ထုအမြောက်တပ်က ပစ်သည့် လက်နက်ကြီးကျည်မှာ မြောက်ဘက်ရှိ ပန်ဆန်းရွာထဲ ကျရောက်ပေါက်ကွဲပြီး စာသင်ကျောင်းကို ထိမှန်ကာ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် ကျောက်ထုအမြောက်တပ်အနီးရှိ ကျေးရွာများဖြစ်သည့် ကြန်တောရွာ၊ ယောမြို့၊ ကံကြီး၊ ရင့်ရဲကျေးရွာတို့တွင် ဒေသခံအများအပြား တိမ်းရှောင်နေကြသော်လည်း လယ်ယာလုပ်ငန်းခွင်အတွက် အိမ်ပြန်သူများလည်း ရှိသည်။
“လောလောဆယ်က ကောက်စိုက်တဲ့အချိန်၊ စပါးစိုက်ရမယ့်အချိန်ဆိုတော့ တောင်သူတွေက စပါးစိုက်မှ ဆန်ရမှာကိုး။ လယ်သမားဖြစ်နေတော့ ဒီအလုပ်က မလုပ်လို့ မရဘူးဖြစ်နေတော့ ကောက်စိုက်တဲ့အချိန်ဆိုတော့ ပြန်တဲ့အချိန်မှာ ဖြစ်သွားတာ။ လက်နက်ကြီးနဲ့ ဆက်တိုက်ထုလို့ အများစုက ရှောင်နေကြတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းရာ ချင်းတောင်တန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဆောမြို့နယ်သည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုကောင်းသည့် ဒေသဖြစ်ပြီး ပြီးခဲ့သည့်လပိုင်းကလည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု များပြားခဲ့သည်။
ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဒါဇင်ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် ရက်ပိုင်းအကြာတွင် ဆောမြို့နယ်၊ တောမရွာတွင် ထောက်ပံ့ရေးပစ္စည်းများပေးဝေရန် လူစုနေချိန် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ်အပါအဝင် ၇ ဦး သေဆုံးခဲ့သည်။