
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံအနီးတွင် စစ်ဆေးတပ်ဖွဲ့မှ ဗိုလ်ကြီးနှင့် တပ်ကြပ် စီးနင်းလာသည့် အိမ်စီးကားတစ်စီး မတ် ၂၁ ရက် ည ၈ နာရီဝန်းကျင်တွင် မိုင်းဆွဲခံရ၍ နှစ်ဦးစလုံးသေသည်ဟု စစ်ဘက်အရာရှိတစ်ဦးက အတည်ပြုသည်။
ပွဲချင်းပြီးသေဆုံးသူမှာ တကောင်းတိုက်နယ်ဆေးရုံတွင် တာဝန်ကျနေသည့် တပ်မတော်ဆေးတက္ကသိုလ် အပတ်စဉ် ၁၅ မှ ဗိုလ်ကြီးဝင်းသွင်စိုးဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုစစ်တပ်သတင်းရင်းမြစ်က ပြောသည်။
မောင်းကုန်းရွာအနီး ထိုတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့သည့် တပ်ကြပ်ကို ဆေးရုံတစ်ရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ယနေ့(မတ် ၂၂) နံနက်ပိုင်းက သေဆုံးသည်ဟု ဒေသအခြေစိုက် Special 9 ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက အတည်ပြုသည်။
“ကျွန်တော်တို့ ဒီစစ်ဆရာဝန် ရောက်နေတာ ကြာပြီလို့ သတင်းရထားတာ၊ စောင့်နေတာလည်း ကြာပြီ။ မနေ့ညကမှ မိတာ” ဟု ၎င်းက ပြောသည်။
မော်တော်ယာဉ်မိုင်းဆွဲခံရသည့် နေရာသို့ စစ်သားများ ရောက်လာစဉ် ကြိုတင်ထောင်ထားသည့် မိုင်းနှစ်လုံးအနက် တစ်လုံးကို ဖောက်ခွဲနိုင်ခဲ့၍ ခြောက်ယောက်ထက်မနည်း ထပ်မံဒဏ်ရာရသည်ဟုလည်း Special 9 ပြောက်ကျားဘက်က ဆိုသည်။
အထက်ပါ တိုက်ခိုက်မှုဖြစ်စဉ် နှစ်ခုစလုံးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီထံသို့လည်း မေး၍မရသေးပါ။
တကောင်းမြို့တည်ရှိရာ မန္တလေးတိုင်း သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဆက်စပ်ဒေသများအတွင်း စစ်ကောင်စီကို ခုခံနေသည့် ဒေသကာကွယ်ရေးအဖွဲ့များရှိပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုများမှာ ထီးချိုင့်မြို့နယ်အတွင်း ပိုမိုပြင်းထန်ပြီး စစ်တပ်က လေကြောင်းပါသုံး၍ တုံ့ပြန်တိုက်ခိုက်ဖူးသည်။
လက်နက်အင်အားမယှဉ်သာသည့် ဒေသကာကွယ်ရေးအဖွဲ့တို့က မိုင်းကို အဓိကထား၍ စစ်ကောင်စီကို တုံ့ပြန်နေပြီး စစ်ယာဉ်တန်းမိုင်းဆွဲခံရမှုများ ထိုဒေသအတွင်း အမြဲတစေပေါ်ပေါက်နေရာ တိုက်ခိုက်ခံရသည့် နေရာအနီးရှိ ကျေးရွာများကို မီးရှို့သည့်နည်းကိုပင် စစ်တပ်က သုံးနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)