![](https://myanmar-now.org/mm/wp-content/uploads/sites/7/drupal/news-images/bo_hla_tint_nug_ambassador_for_asean_photo_bo_hla_tint_fb.jpg)
ပိုမိုအားကောင်းသည့် လူထုလှုပ်ရှားမှု၊ သတင်းစီးဆင်းနိုင်မှုတို့သည် နွေဦးတော်လှန်ရေး၏ အားသာချက်များဖြစ်သည်ဟု NUG ၏ အာဆီယံရေးရာသံအမတ် ဦးဘိုလှတင့်က ပြောသည်။
သွက်လက် ဖြတ်လတ်မှုနဲ့ စွန့်စားမှုတွေအရ နိုင်ငံတကာဟာ ဒီကနေ့ တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်ကို ချက်ချင်းလက်ငင်း တိတိကျကျ မှန်မှန်ကန်ကန် သိရှိနိုင်တဲ့အနေအထားဟာလည်း အင်မတန်မှ ကွာခြားသွားပါပြီ။
မကြာသေးခင်က ဆက်သွယ်မေးမြန်းစဉ် သူက မြန်မာ့အရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်၏ အခြေအနေ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့် ပတ်သက်သည့် သဘောထားအမြင် စသည်တို့ကို ပြောပြထားသည်။
NUG ရဲ့ အာဆီယံသံအမတ်တစ်ယောက်အနေနဲ့ ဘာတွေများ ဆောင်ရွက်နေပါသလဲ။
ကျွန်တော်တို့ အာဆီယံကို ချဉ်းကပ်တဲ့နေရာမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ Bilateral Relations ပေါ့နော်။ တစ်နိုင်ငံချင်းနဲ့ ကျွန်တော်တို့ ချိတ်ဆက်ပြီးတော့ ပိုပြီးတော့ နီးစပ်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်မှု၊ အသင်းအဖွဲ့နဲ့ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်မှုတွေ နှစ်မျိုး ကျွန်တော်တို့ လုပ်ပါတယ်။
အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း အစရှိတဲ့ ဒီနိုင်ငံတွေ မြန်မာပြည်သူတွေဘက်က ရပ်တည်ပြီးတော့ ဒီနွေဦးတော်လှန်ရေးဘက်က ရပ်တည်ပြီးတော့ ပြောကြ ဆိုကြ၊ ရပ်တည်ကြတဲ့ တစ်နိုင်ငံချင်းနဲ့ ဆက်ဆံရေးတွေကတော့ ပိုပြီးတော့ တိုးတက်မှုတွေရှိတယ်။ အောင်မြင်မှုတွေရှိတယ်။ အပြန်အလှန်လေးစားမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်လို့ ပြောရမှာဖြစ်ပါတယ်။
သို့သော် အာဆီယံအသင်းရဲ့ ပင်ကိုအားနည်းချက်တွေကြောင့်ပဲဖြစ်ဖြစ် သူတို့ရဲ့ တွန့်ဆုတ်မှုကတော့ အသင်းအဖွဲ့အနေနဲ့ကတော့ ဒီနေ့အထိ ရှိနေဆဲပါပဲ။
အာဆီယံဟာ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်မစွက်ရေးမူကို ကိုင်ထားတာဖြစ်တော့ မြန်မာ့နိုင်ငံရေးကို ဖြေရှင်းတဲ့နေရာမှာ ဘယ်လောက်ထိ ထိရောက်မှုရှိနိုင်မလဲ။
ဒီအသင်းအဖွဲ့အနေနဲ့က ဒေသတွင်းမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူတို့ဝင်ပြီးတော့ ကူညီဖြေရှင်းဖို့ပေါ့နော်၊ သူတို့က ဒီစကားကို အမြဲသုံးပါတယ်။ သူတို့အနေနဲ့က ပါဝင်ပတ်သက်တာမဟုတ်ဘူး၊ ဒါက ပါဝင်ကူညီဖို့ ကြိုးစားတာပေါ့။
တကယ့်သွားရမဲ့လုပ်ငန်းစဉ်နဲ့ ရလဒ်တွေကတော့ မြန်မာပြည်သူတွေ မြန်မာပြည်မှာရှိကြတဲ့ အဓိကအင်အားစုတွေအပေါ်မှာပဲ မူတည်ပါတယ်တဲ့။ သူတို့အနေနဲ့ ဒါကို ဝင်ပြီးတော့ ကူညီဖြေရှင်းဖို့ ကြိုးပမ်းတာသာဖြစ်တယ်ဆိုတာ အာဆီယံခေါင်းဆောင်တွေက အမြဲတမ်းပြောလေ့ရှိပါတယ်။ အဲဒီတော့ သူတို့က သူတို့ရဲ့ ဖွဲ့စည်းပုံပေါ့်နော်၊ အားလုံးသဘောတူမှ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လို့ရတာမျိုး။ နောက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ရေးဆိုတဲ့ ပေါ်လစီတွေကြောင့် အကန့်အသတ်တွေတော့ အများကြီးရှိပါတယ်။
သို့သော်လည်းပဲ ဒီနေ့ ဒီအချိန်မှာ ASEAN ရဲ့ Charter ထဲမှာ ဖော်ပြတဲ့ လူ့အခွင့်အရေးတန်ဖိုးတွေကို လေးစားဖို့ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအရ အခြေခံဥပဒေတွေကို တိုးတက်မြှင့်တင်ကြဖို့၊ နောက် တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီတန်ဖိုးတွေနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ကြဖို့၊ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းကြဖို့ဆိုတဲ့ အခြေခံတွေနဲ့ ကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ဖြစ်ရပ်တွေက အင်မတန်မှ ကွဲလွဲကွာဟနေတာတွေ တွေ့တဲ့အတွက်တော့ အာဆီယံခေါင်းဆောင်မှုဟာ ဒီကိစ္စမှာ အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရပင်လျှင် ဝင်ပြီးတော့ ပါဝင်ပတ်သက်တယ်လို့ ကျွန်တော်တို့က မူအရ ကြိုဆိုပါတယ်။
လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးမှုကို တိုက်ရိုက်ချိုးဖောက်တာ၊ ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးကိုပါ စိန်ခေါ်နေတဲ့ အခြေအနေတွေကို လက်တွေ့ကျကျ ကူညီဖြေရှင်းပေးဖို့ဆိုရင် အာဆီယံနိုင်ငံများအသင်းရဲ့ လက်ရှိချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အားနည်းချက်တွေကိုလည်းပဲ ပြန်သုံးသပ်ပြီးတော့ မှန်ကန်တဲ့ စုပေါင်းဆုံးဖြတ်ချက်တွေ ရဲရဲချဖို့လိုပါတယ်။
အာဆီယံရဲ့ မူ ၅ ချက်ချထားတာလည်း တစ်နှစ်လောက်ရှိပြီ။ အာဆီယံကလည်း တိုးတက်မှုမရှိဘူးလို့ဆိုတယ်ဆိုတော့ ဒီပုံအတိုင်းဆက်သွားရင် ဘယ်လောက်ထိ တိုးတက်မှုရှိလာနိုင်မယ်လို့ မျှော်မှန်းလို့ရမလဲ။
အာဆီယံခေါင်းဆောင်မှုဟာ အများစုက ဘာတွေပဲ လုပ်ချင်လုပ်ချင် အားလုံးသဘောတူမှ ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်မယ်၊ ပြင်ဆင်ဖို့လိုရင်လည်းပဲ အားလုံးသဘောတူမှ ပြင်ဆင်နိုင်မယ်ဆိုတဲ့ ကျောရိုးနောက်ခံရှိနေတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ နက်နဲရှုပ်ထွေးတဲ့ လူ့အခွင့်အရေးပဋိပက္ခတွေ၊ နိုင်ငံရေးပဋိပက္ခတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေကို အာဆီယံတစ်ဖွဲ့တည်းအနေနဲ့တော့ ထိထိရောက်ရောက် ဘယ်လိုနည်းနဲ့မှ ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့က ဒီလိုပဲ ခံယူပါတယ်။
အာဆီယံဟာ သူ့ရဲ့ နိုင်ငံတကာစကားပြောဖက်တွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့၊ ကုလသမဂ္ဂအပါအဝင်ပေါ့နော်၊ EU အပါအဝင် နိုင်ငံတကာမိသားစုရဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုကို ဖိတ်ခေါ်သင့်တယ်။ ပူးပေါင်းဆောင်ရွက်မှုရရှိအောင် ကြိုးပမ်းသင့်တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ တိုက်တွန်းနေတာကတော့ မြန်မာနိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ထိထိရောက်ရောက်နဲ့ စနစ်တကျ ဖြန့်ဖြူးပေးနိုင်ဖို့ဆိုရင် အာဆီယံရဲ့ AHA Centre လို့ ခေါ်တဲ့ ASEAN Humanitarian Assistance Centre မျိုးဟာ တစ်ယောက်တည်း ဘယ်လိုမှ ဆောင်ရွက်နိုင်စွမ်းမရှိဘူးလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။
အာဆီယံဟာ ဒီလို ကိုယ်တစ်ယောက်တည်း မနိုင်တဲ့ ကိစ္စကို ဆက်လက်ပြီးတော့ ကြိုးပမ်းနေမဲ့အစား ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် အလုပ်ဖြစ်နိုင်တဲ့ ယန္တရားတွေကို ဖန်တီးသင့်တယ်လို့ မြင်ပါတယ်။
တခြားကမ္ဘာ့နိုင်ငံတွေနဲ့ ဒီလိုယန္တရားတွေဖန်တီးဖို့ ဆွေးနွေးထားတာရှိလား။ သူတို့ရဲ့ သဘောထားကရော ဘယ်လိုရှိသလဲ။
ဒါကတော့ ကျွန်တော်တို့ကတော့ အခွင့်အခါသင့်တိုင်းမှာ ဒီကိစ္စတွေကို တိုက်တွန်းပြောဆိုနေပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ကရော။ ကျွန်တော်ကိုယ်တိုင်ကော အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတိုင်းမှာ Dialogue Partners တွေနဲ့ တွေ့ဆုံတိုင်းမှာလည်း အာဆီယံတစ်ခုတည်းကို စုပုံပြီးတော့ မျှော်လင့်နေတာမျိုးထက် လက်တွေ့ကျ ထိရောက်နိုင်တဲ့ စဉ်းစားတွေးခေါ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တဲ့အကြောင်းကို တိုက်တွန်းတင်ပြနေပါတယ်။
အာဆီယံဘုံသဘောတူညီမှု ၅ ရပ်ထဲမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့လည်း ပါပါတယ်ဆိုတော့ ဒီအကူအညီတွေ လိုအပ်သူတွေဆီ ရောက်ဖို့ ဘာတွေလိုမလဲ၊ ဘာတွေလုပ်နေပါသလဲ။
ကျွန်တော်တို့ကတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီများနဲ့ ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ အကူအညီများ ဖြန့်ဖြူးပေးတဲ့အခါမှာ လက်ရှိ အာဆီယံရဲ့ AHA စင်တာရဲ့ အဆင်သင့်မဖြစ်မှုတွေနဲ့ အကန့်အသတ်ရှိမှုတွေကို ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အကူအညီတွေပေးတဲ့အခါမှာ ပိုပြီးတော့ ထိရောက်နိုင်တဲ့နည်းလမ်းဟာ နယ်စပ်ဒေသတွေကို ဖြတ်ကျော်ပြီးတော့ ပေးတဲ့ နည်းလမ်းဟာ ကနေ့ ပကတိမြေပြင်မှာ ဖြစ်ပျက်နေတဲ့ အနေအထားနဲ့ အကိုက်ညီဆုံးနည်းလမ်းဖြစ်တဲ့အတွက် နိုင်ငံတကာအလှူရှင်တွေ ဒါတွေကို ဝိုင်းဝန်းကူညီချင်ကြတဲ့ နိုင်ငံများနဲ့ အာဆီယံနိုင်ငံများ ပူးပေါင်းပြီးတော့ နယ်စပ်ဒေသဖြတ်ကျော်ကူညီတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လက်ရှိ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့၊ အမျိုးသားညီညွတ်ရေးအစိုးရတို့ ခေါင်းဆောင်မှုနဲ့ လေးလေးနက်နက်တိုင်ပင်ပြီးတော့ ဆောင်ရွက်ပေးသင့်တယ်။ အဲဒီဟာကို အာဆီယံက မလုပ်နိုင်ရင်တောင် ကျန်တဲ့ အာဆီယံရဲ့ မဟာမိတ်တွေကတော့ ဒါကို အလေးအနက်ထားပြီးတော့ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ကတော့ တိုက်တွန်းနေပါတယ်။
အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အာဆီယံစင်မြင့်ကို အသုံးချပြီးတော့ မြန်မာ့အရေးကြိုးပမ်းမှုဟာ ဘယ်လောက်ထိ အောင်မြင်မယ်လို့ ယူဆပါသလဲ။
မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မဖိတ်ဖို့၊ အခုဆိုရင် ဝဏ္ဏမောင်လွင်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်ကိုသည်ပင်လျှင် ဖိတ်ဖို့မသင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေချနေတဲ့ အချိန်မျိုးမှာ မစ္စတာဟွန်ဆန်က စစ်ကောင်စီနဲ့ သွားပြီးတော့ တွေ့ဆုံခြင်းအားဖြင့် အဖြေရနိုင်တယ်ဆိုပြီးတော့ စဉ်းစားတွေးခေါ်မှုမျိုးက အံလွဲတဲ့ စဉ်းစားတွေးခေါ်မှုမျိုးလို့ ကျွန်တော်တို့က မြင်ပါတယ်။
စစ်ကောင်စီကိုမှ ဦးစားပေးပြီးတော့ စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိဖို့ အလျှော့ပေးဆက်ဆံခြင်းအားဖြင့်တော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေးအဖြေတွေ ထွက်လာမှာမဟုတ်ဘူးဆိုတာ အရင်တုန်းကလည်း ကျွန်တော်တို့ ပြောပါတယ်။ အခုလည်းပဲ ဒီအတိုင်း ရပ်တည်နေပါတယ်။
NUG ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်။ ဒီအဖွဲ့အစည်းနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်သင့်ဘူးဆိုပြီးတော့ စစ်ကောင်စီက အကြိမ်ကြိမ်ပြောပါတယ်။ ဆိုတော့ ဒီလိုအကြမ်းဖက်အဖွဲ့အစည်းလို့ သမုတ်ခံရတဲ့ NUG အနေနဲ့ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေကို နားလည်လက်ခံတဲ့ ယဉ်ကျေးတဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ စစ်ကောင်စီရဲ့ ပြောဆိုချက်တွေဟာ သူခိုးက လူလိုဟစ်တယ်ဆိုတာမျိုးလိုပဲ ပြောင်းပြန်ဖြစ်နေတယ်ဆိုတာမျိုး ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ စစ်ကောင်စီ ဘာပဲပြောပြော အလေးအနက်မထားဘူး၊ ဂရုလည်းမစိုက်ပါဘူး။ ကျွန်တော်တို့ကို ပြည်သူလူထုက ပေးအပ်ထားတဲ့ Mandate ကို ကျွန်တော်တို့က အလေးအနက်ထား တန်ဖိုးထားတယ်။ နိုင်ငံတကာရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့အညီ ကျွန်တော်တို့ဟာ တစ်ခုတည်းသော မြန်မာနိုင်ငံရဲ့ Legitimate Government တရားဝင်အစိုးရအနေနဲ့ နိုင်ငံတကာကို ဆက်ဆံနေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံတကာနယ်ပယ်မှာ ကုလသမဂ္ဂနယ်ပယ်မှာဖြစ်စေ နိုင်ငံတကာ တစ်နိုင်ငံချင်းနဲ့ ဆက်ဆံရေးမှာဖြစ်စေ ဒီတစ်နှစ်အတွင်းမှာ အများကြီးအောင်မြင်မှုရတယ်လို့ ကျွန်တော်တို့ တိုင်းပြည်ကို တိတိလင်းလင်း ပြောလို့ရပါတယ်ခင်ဗျား။
အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်လာတဲ့အခါ NUG နဲ့လည်း တွေ့ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တိုက်တွန်းထားတဲ့အခါကျတော့ စစ်ကောင်စီကလည်း တွေ့ခွင့်မပေးနိုင်ဘူးဆိုတော့ ဒီအခင်းအကျင်းက ရှေ့ဆက် ဘာဖြစ်လာနိုင်မလဲ။
တကယ်တမ်းပြောရမယ်ဆိုရင် NUG ပဲဖြစ်စေ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပဲဖြစ်စေ အာဆီယံရဲ့ လက်အောက်ခံအဖွဲ့အစည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားမှုကြောင့် နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတယ်။ နွေဦးတော်လှန်ရေးရဲ့ အသီးအပွင့်အဖြစ် ပေါ်ထွက်လာတဲ့ ခေါင်းဆောင်မှုအဖွဲ့အစည်းတွေ အင်အားစုတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအဖွဲ့အစည်းတွေနဲ့ တွေ့မှသာလျှင် မြန်မာနိုင်ငံရဲ့ ပြဿနာကို နိုင်ငံရေးအရ ကူညီဖြေရှင်းပေးဖို့ အောင်မြင်နိုင်မယ်ဆိုတာ ဘယ်သူမဆို သဘာဝကျကျ လက်ခံနိုင်တဲ့ကိစ္စဖြစ်ပါတယ်။
ဒီတွေ့ဆုံဖို့ကိစ္စကို အာဆီယံရဲ့ အထူးသံတမန်က မင်းအောင်လှိုင်ဆီမှာကော စစ်ကောင်စီဆီမှာပါ ခွင့်တောင်းစရာ မလိုသလို သူတို့ ငြင်းပယ်သည်ဖြစ်စေ မငြင်းပယ်သည်ဖြစ်စေ အာဆီယံရဲ့ အထူးသံတမန်အနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ လွတ်လပ်စွာ တွေ့ဆုံပိုင်ခွင့်တွေ ရှိတယ်။
ဘာကြောင့်လဲဆိုတော့ NUCC ခေါင်းဆောင်မှုပဲဖြစ်ဖြစ် NUG ခေါင်းဆောင်မှုပဲဖြစ်ဖြစ် သူတို့ဟာ စစ်ကောင်စီရဲ့ အကျဉ်းသားတွေလည်း မဟုတ်ဘူး။ လွတ်လွတ်လပ်လပ် အချိန်မရွေး အာဆီယံခေါင်းဆောင်နဲ့ဖြစ်စေ အာဆီယံအထူးသံတမန်နဲ့ဖြစ်စေ လွတ်လွတ်လပ်လပ်တွေ့နိုင်တဲ့အနေအထားမျိုးမှာ စစ်ကောင်စီက သဘောမတူလို့ မတွေ့ဘူးဆိုတဲ့ ဆင်ခြေမျိုးနဲ့တော့ အာဆီယံဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ရှောင်ရှားသွားလိမ့်မယ် မဟုတ်ဘူးလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
လတ်တလောမှာရော ဆက်သွယ်လာပြီလား။ အဲဒီလုပ်ငန်းစဉ်ကရော ဘယ်အခြေအနေရောက်ပြီလဲ။
အခုအချိန်ထိကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ အထူးသံတမန်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခေါင်းဆောင်မှုနဲ့ မရှိသေးပါဘူး။ ကျွန်တော်တို့ဘက်ကလည်းပဲ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။
ဒါပေမဲ့ တခြားတိုင်းပြည်တွေ ဥပမာအားဖြင့် အာဆီယံရဲ့ Founding Members တွေပေါ့နော်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ အစရှိတဲ့ ခေါင်းဆောင်တွေနဲ့တော့ ကျွန်တော်တို့ စဉ်ဆက်မပြတ် ဆွေးနွေးမှုတွေ တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ဒါကလည်းပဲ ကျွန်တော်တို့အနေနဲ့ ကိုယ်လိုချင်တာရဖို့ထက် အာဆီယံရဲ့ ဂုဏ်သိက္ခာနဲ့အညီ ကျွန်တော်တို့တိုင်းပြည်အရေးမှာ ဂုဏ်သိက္ခာရှိရှိ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့အနေနဲ့ကတော့ အခုအချိန်ထိ အာဆီယံရဲ့ အထူးသံတမန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ မရှိသေးပေမဲ့လို့ ကျန်တဲ့ခေါင်းဆောင်တွေနဲ့တော့ ရှိနေတယ်လို့ ပြောလို့ရပါတယ်ခင်ဗျား။
စစ်ကောင်စီကလည်း NUG ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ ပြောထားတဲ့အခါကျတော့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တွေ့ဖို့ဟာ လက်တွေ့မှာ ဖြစ်လာနိုင်ပါ့မလား၊ ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ။
ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြဿနာဟာ ဒေသတစ်ခုလုံးရဲ့ တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ အာဆီယံအသင်းအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကိုပါ စိန်ခေါ်နေတဲ့ ပြဿနာမျိုး၊ ပဋိပက္ခမျိုး ဖြစ်နေတဲ့အတွက် ဒါတွေကို အာဆီယံခေါင်းဆောင်မှုဟာ လေးလေး နက်နက် ပြန်လည်စဉ်းစားဖို့ လိုအပ်တယ်၊ စဉ်းစားတဲ့အခါမှာလည်းပဲ မဟာဗျူဟာမြောက်စဉ်းစားသုံးသပ်ဖို့ လိုတယ်လို့ ကျွန်တော်တို့ကတော့ လေးလေးနက်နက် ဆက်လက် တိုက်တွန်းနေဆဲဖြစ်ပါတယ်ခင်ဗျား။
ကျွန်တော်တို့နိုင်ငံဟာ အာဏာရှင်တွေလက်ထဲမှာ သံသရာလည်နေတာပေါ့လေ။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာဆိုရင်လည်း အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB ဆိုပြီးတော့ ရှိခဲ့တယ်၊ အခု NUG ဆိုပြီးတော့ အစိုးရတစ်ရပ်ပေါ်လာပြန်တယ်။ NUG ကို NCGUB လိုမျိုး မဖြစ်ဖို့ ဘာတွေလိုမလဲ၊ ဘာတွေလုပ်နေသလဲ။
နွေဦးတော်လှန်ရေးဟာ Generation Z တွေ CDM တွေ အားလုံးသော ပြည်သူလူထုက ဦးဆောင်တဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်ပါတယ်။ NUCC, CRPH, NUG သည် နွေဦးတော်လှန်ရေးရဲ့ အသီးအပွင့်တွေသာလျှင် ဖြစ်ပါတယ်။ကွာဟချက်ဟာ ဒီနေ့မှာ အင်မတန်မှ အားကောင်းတဲ့ အင်မတန်မှ သန္နိဋ္ဌာန်ခိုင်မာတဲ့ လူထုရဲ့ လှုပ်ရှားမှုကြီး ရှိနေတယ်၊ ဒါဟာ ပထမအချက်ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ အခု သတင်းမီဒီယာတွေအပါအဝင် နည်းပညာတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက ကျွန်တော်တို့တိုင်းပြည်အကြောင်း၊ တိုင်းပြည်ရဲ့အနေအထားတွေကို ပြောပြဖို့ ကြိုးစားတဲ့အခါမှာ အင်မတန်မှ အခက်အခဲတွေ၊ အထောက်အထားနဲ့ ပတ်သက်ရင် အများကြီး ရင်ဆိုင်ရပါတယ်။ ခုနေအခါမှာတော့ နည်းပညာအကူအညီအရ သတင်းမီဒီယာတွေရဲ့ သွက်လက် ဖြတ်လတ်မှုနဲ့ စွန့်စားမှုတွေအရ နိုင်ငံတကာဟာ ဒီကနေ့ တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်ကို ချက်ချင်းလက်ငင်း တိတိကျကျ မှန်မှန်ကန်ကန် သိရှိနိုင်တဲ့အနေအထားဟာလည်း အင်မတန်မှ ကွာခြားသွားပါပြီ။
အဲဒီလိုကွာဟချက်တွေကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို အခုလက်ရှိထက်ပိုပြီးတော့ ကျစ်လျစ်ခိုင်မာအောင်၊ ရန်သူတွေက ဘယ်လိုပဲ သပ်သျှိုဖြိုခွဲပေမဲ့ မပြိုကွဲဘဲနဲ့ ဆက်လက်ပြီးတော့ ဇွဲရှိရှိနဲ့ လုပ်သွားမယ်ဆိုရင် မလွဲမသွေ အောင်မြင်ရမယ်လို့ ယုံကြည်ခံယူထားတာ ဖြစ်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)