“စစ်အာဏာသိမ်းတာ တစ်နှစ်ကျော်ပြီ၊ လမ်းမပေါ် လူထုသပိတ်တိုက်ပွဲ အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြန်လည်ထွက်ပေါ်လာဖို့ဟာ လူထုရဲ့အားသည် အဓိကပဲ” ဆိုတဲ့ စကားတွေကို အမျိုးသမီးတစ်ဦးဟာ အားအပြည့်မာန်အပြည့်နဲ့ သပိတ်တရားဟောနေပါတယ်။
အင်္ကျီရင်ဖုံးလက်ရှည်၊ ချည်လုံချည်ဝတ်ဆင်ကာ နှင်းဆီပန်းပန်ထားတဲ့ အဆိုပါ အမျိုးသမီးကို ကျေးလက်က လူထုသပိတ်တွေရဲ့ရှေ့ဆုံးမှာ အများဆုံးတွေ့ရပါတယ်။ သူကတော့ အသက် ၂၂ အရွယ် မချောစုဟန်ပါ။
မချောစုဟန်ဟာ လက်ပံတောင်းတောင် ပင်မသပိတ်ဦးဆောင်ကော်မတီမှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ မြေပြင်သပိတ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီးတော့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်တယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ အမျိုးသမီးတွေဟာ ဖေဖော်ဝါရီလဆန္ဒပြပွဲတွေကစလို့ ပြောက်ကျားသပိတ်တွေအထိ ကျရာနေရာက ပါဝင်ခဲ့ကြတယ်။ ဒါ့အပြင် အမျိုးသမီးထုသီးသန့်ပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေကိုလည်း အမျိုးသမီးတွေကပဲ ဦးဆောင်ခဲ့ကြတယ်။
စစ်အာဏာသိမ်းမှု ကာလတစ်လျှောက်လုံးမှာ သပိတ်တွေရဲ့ ရှေ့ဆုံးကနေ ကြွေးကြော်သံတွေ ကြွေးကြော်နေတဲ့ အမျိုးသမီးတွေကို တွေ့ရသလို လူထုသပိတ်တရားဟောသူတွေအဖြစ်လည်း အမျိုးသမီးတွေကို ရှေ့တန်းက မြင်တွေ့ရတယ်။
ဒီအမျိုးသမီးတွေထဲမှာမှ မချောစုဟန်ကတော့ ကျေးလက်ဒေသက သပိတ်တွေကို အသက်ဝင်စေခဲ့သူတစ်ဦးပါ။
သမဂ္ဂကျောင်းသူဘဝမှ တော်လှန်ရေးသမားအဖြစ်သို့
မချောစုဟန် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့နောက် မုံရွာတက္ကသိုလ်မှာ မြန်မာစာမေဂျာ တက်ရောက်ခဲ့တယ်။ အဲဒီနောက် ကျောင်းသားသမဂ္ဂထဲ အခြေချခဲ့ပြီး ကျောင်းသားအရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့တယ်။
စာအုပ်တွေဖတ်၊ ကျောင်းတက်၊ သမဂ္ဂထဲ တာဝန်တွေထမ်းဆောင်နေရင်းနဲ့ ဖြတ်သန်းလာရာကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာတော့ မချောစုဟန်ရဲ့ ဘဝဖြတ်သန်းမှုတွေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတော့တယ်။
စစ်အာဏာသိမ်းချိန်မှာ ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲက စစ်အာဏာသိမ်းမှုအကြောင်း၊ ကျောင်းသားအရေးအခင်းနဲ့ ရှစ်လေးလုံးအရေးတော်ပုံတွေအကြောင်းကို သိရှိပြီးသားဖြစ်တဲ့အပြင် ရွှေဝါရောင်အရေးအခင်းကို ငယ်ငယ်က ကိုယ်တိုင်ကြုံဖူးခဲ့တဲ့အတွက် ရွှေဝါရောင်အရေးအခင်းလို ဖြစ်တော့မှာလားလို့ ခံစားမိခဲ့တယ်။
“အာဏာသိမ်းတော့ လမ်းမပေါ် ထွက်ရတော့မယ်ဆိုတာကို သိထားတယ်။ လမ်းမပေါ် ထွက်ရတော့မယ်ဆိုတဲ့ အသိကြီးနဲ့ အာဏာသိမ်းခြင်းကို တော်လှန်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာခဲ့တယ်” လို့ မချောစုဟန်က ဆိုပါတယ်။
ဖေဖော်ဝါရီ ၆ မှာ တခြားတက်ကြွလှုပ်ရှားသူတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို သံပြိုင်အော်ပြီးတော့ ၇ ရက်နေ့မှာ လူထုသပိတ်ကြီးကို ပူးပေါင်းပါဝင်ပေးကြဖို့ လှုံ့ဆော်တဲ့နေရာမှာ ပါဝင်ခဲ့တယ်။
ဖေဖော်ဝါရီလကစလို့ စစ်အာဏာသိမ်းမှုတစ်နှစ်ကျော်တဲ့ ယနေ့အထိ လမ်းမပေါ်က လူထုသပိတ်တိုက်ပွဲတွေမှာ အချိန်တွေကို ကုန်လွန်စေခဲ့တယ်။
စိတ်ဓာတ်ကို ကားနဲ့တိုက်ပြီး ဖြိုခွင်း၍မရ
ဆန္ဒပြပွဲတွေမှာ တစ်လျှောက်လုံး ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရလုနီးပါးအခြေအနေတွေနဲ့ ခဏခဏ ရင်ဆိုင်ရတယ်။ ဖေဖော်ဝါရီလ ၂၇ က သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်မှာ အရိုက်ခံရပြီး ဘယ်ဘက်မျက်လုံးထိသွားခဲ့တယ်။ အဲဒီနေ့က သေနတ်သံကို ပထမဆုံးကြားခဲ့ရပြီး တုန်လှုပ်မိခဲ့တယ်လို့ မချောစုဟန်က ဆိုတယ်။
“ဒါဟာ စာအုပ်ထဲမှာ ဖတ်ဖူးခဲ့တဲ့ ၈၈ တုန်းက ကျောင်းသားတွေပြေးခဲ့ရတဲ့ဟာ ဇာတ်ကားတွေထဲမှာ ကြည့်ဖူးတဲ့ ပုံစံတွေလိုမျိုးထက် သာလွန်တယ်။ ကိုယ်တိုင်ကြုံတွေ့ခံစားလိုက်ရတဲ့ အနေအထားမျိုးမှာ တော်တော်လေးတော့ တုန်လှုပ်သွားတယ်” လို့ မချောစုဟန်က သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။
ဧပြီလမှာ မုံရွာမြို့သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ကားနဲ့တိုက်ဖမ်းခဲ့ရာမှာ မချောစုဟန်လည်း ခြေထောက်ဒဏ်ရာရခဲ့တယ်။
ကားတိုက်လိုက်တာကြောင့် လဲကျသွားပြီး ကားပေါ်ကဆင်းလာတဲ့ စစ်ဖိနပ်တွေကို ကြည့်ကာ အဖမ်းခံရခဲ့ရင် ခြေထောက်အဖြတ်ခံရလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ခြေထောက်တရွတ်ဆွဲကာ လဲကျရာက ထွက်ပြေးခဲ့တယ်။ အဲဒီနောက် အိမ်တစ်အိမ်ရဲ့ အုတ်တံတိုင်းပေါ်ကျော်၊ အိမ်ရှင်တွေကို အကူအညီတောင်းကာ ခဏဝင်ပုန်းပြီးနောက် ရဲဘော်တွေကို ဖုန်းဆက်ခေါ်ပြီး အဲဒီအိမ်က ထွက်လာခဲ့တယ်။
“ခြေထောက်ကြီးက မလှုပ်နိုင်ဘူးပေါ့၊ သွေးပူနေတဲ့အချိန်မှာတော့ ပြေးနိုင်ခဲ့တယ်။ သွေးလည်းအေးရော ခြေထောက်က ချလို့မရတဲ့အနေအထိပဲ။ လိုက်ဦးမလားပေါ့ သပိတ်တွေ၊ မလိုက်ဘူးပေါ့၊ မလိုက်ဘူးလို့သာ စိတ်ကပြောတာ၊ လူထုအသံတွေ၊ ကြွေးကြော်သံတွေကို ကြားနေရုံနဲ့ကို စိတ်တွေက တက်ကြွနေတာ” လို့ မချောစုဟန်က ခြေထောက်ဒဏ်ရာရစဉ်က အဖြစ်အပျက်ကို ပြန်ပြောပါတယ်။
အဲဒီနောက် ဘုတလင်မြို့ပေါ်မှာ ပြုလုပ်တဲ့ ဆိုင်ကယ်သပိတ်မှာလည်း စစ်တပ်က ကားနဲ့တိုက်ဖြိုခွင်းတာကို ထပ်ပြီးကြုံတွေ့ခဲ့ရတယ်။ မချောစုဟန်အတွက် သပိတ်ထွက်တဲ့အချိန်တိုင်း ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့အတွေးကတော့ ယနေ့အထိ ရှိနေပါသေးတယ်။
ကားနဲ့တိုက်ဖြိုခွင်းခံရပြီးနောက်မှာတော့ မချောစုဟန်မှာ စိတ်ဒဏ်ရာအနေနဲ့ ကားမြင်ရင်ကြောက်တဲ့ စိတ်တွေ ကိန်းအောင်းလာပါတော့တယ်။
ကျေးလက်သပိတ်တွေမှာ ပါဝင်ခဲ့သူ
အဲဒီနောက် သူပြောင်းရွေ့နေထိုင်ခဲ့တဲ့ရွာဟာ သံပုံးတီးတာနဲ့ စစ်ကောင်စီဝင်ဖမ်းမယ်လို့ ကြောက်စိတ်တွေဖြစ်နေခဲ့တဲ့ရွာ ဖြစ်ခဲ့တယ်။
“သူတို့ရဲ့ကြောက်စိတ်ကို ဒါဟာ ကြောက်စိတ်မဟုတ်ဘူး၊ တွန်းလှန်ဖို့ အသင့်ရှိရမယ်ဆိုတဲ့အကြောင်းကို ပြောချင်စိတ်တွေဖြစ်လာခဲ့ပြီး၊ လူထုထံ နိုင်ငံရေးအသိအမြင်တွေ ချပြပြီး ကျေးရွာလူထုရှေ့မှာ သပိတ်တက်ကြွလှုပ်ရှားသူအဖြစ် ဖြစ်လာခဲ့တာ” လို့ မချောစုဟန်က ဆိုပါတယ်။
မချောစုဟန်အနေနဲ့ ကျေးလက်တွေမှာ လူထုတရားဟောတဲ့အခါ သိထားတာတွေကို အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံး ပြောပြကာ ကျေးလက်လူထု သေချာနားလည်နိုင်အောင် ရှင်းပြရတာမျိုးတွေ ပြုလုပ်ပါတယ်။
နောက်ပိုင်းမှာ ချင်းတွင်းမြစ်အနောက်ဘက်ပိုင်းကို ရောက်လာခဲ့ပြီးနောက် ယင်းမာပင်၊ စလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းတွေမှာ ပူးပေါင်းဝန်းရံခဲ့တယ်။
ကျေးလက်ကလူထုကို နိုင်ငံရေးအသိတွေ ဝေမျှပေးဖို့ သွားရောက်တွေ့ဆုံတာ၊ ရှေ့ဆက်လျှောက်မဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းစဉ်တွေမှာ လူထုအနေနဲ့ ဘယ်လိုမျိုးပူးပေါင်းပါဝင်ရမလဲ၊ ဒီလမ်းမပေါ်သပိတ်တိုက်ပွဲတစ်ခုတည်းပဲ အရေးကြီးနေတာမဟုတ်ဘဲ တခြားသော စစ်အာဏာရှင်ကို ဖျက်ဆီးမဲ့ ဒေါက်တိုင်တွေမှာလည်း တတ်နိုင်သရွေ့၊ တတ်အားသရွေ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ လှုံ့ဆော်ခဲ့တယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်မီးရှို့မှုကို ခံရတဲ့ရွာတွေက စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ လူထုကို လှုံ့ဆော်တာ၊ သွားရောက်တွေ့ဆုံ အားပေးတာမျိုးတွေလည်း ဆောင်ရွက်ခဲ့တယ်။
ကျေးရွာတော်လှန်ရေးကနေ မြို့ပြတော်လှန်ရေးကို အောင်မြင်အောင် ဖော်ဆောင်နိုင်ဖို့ဆိုတာ ကျေးလက်လူထုကသာ အဓိကဖြစ်တယ်လို့ မချောစုဟန်က ယုံကြည်ထားပါတယ်။
မြို့ပြသပိတ်တွေကနေ ကျေးလက်သပိတ်တွေဖော်ဆောင်ခဲ့သလို ကျွေးရွာတော်လှန်ရေးကနေ မြို့ပြတော်လှန်ရေးကို ဖော်ဆောင်နိုင်ဖို့ ရေကုန်ရေခန်း တတ်အားသရွေ့လုပ်ဆောင်နေပါတယ်လို့ မချောစုဟန်က ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးသီးသန့်သပိတ်တွေမှာ ပါဝင်သလို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝန်းရံတဲ့ သပိတ်တွေမှာလည်း ပါဝင်လှုပ်ရှားနေတယ်။
“ပြည်သူလူထုကိုယ်တိုင်က လက်ခံယုံကြည်လာလို့၊ မြေပြင်သပိတ် တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ပြည်သူလူထုထံ ရှေ့ဆက်လျှောက်မဲ့လမ်းစဉ်တွေမှန်သမျှ ချမှတ်ပေးနိုင်တာရယ်၊ ပြည်သူလူထုနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို ထွက်ပေးနိုင်တာပါ” လို့ သူက ဆိုပါတယ်။
အိမ်လွမ်းချိန်များ
သပိတ်တွေမှာ ပါဝင်တာကြောင့် ရှောင်တိမ်းနေထိုင်ရတဲ့အတွက် အိမ်ပြန်ချင်တဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ အိမ်နဲ့ အဆင်မပြေတာကြောင့် လွန်ခဲ့တဲ့သုံးနှစ်ကတည်းက အိမ်ကထွက်ခဲ့ပေမဲ့ ကိုယ့်အိမ်ကို ဘယ်အချိန်ပြန်ပြန်ရတယ်ဆိုတဲ့အတွေးရှိခဲ့တယ်။
အာဏာသိမ်းခံလိုက်ရတဲ့ ၂၀၂၁ ဖေဖော်ဝါရီတုန်းက လမ်းမပေါ် ထွက်ခဲ့တုန်းကတော့ အားလုံးကို စွန့်ခွာရကောင်း စွန့်ခွာရလိမ့်မယ်ဆိုတဲ့ အတွေးမျိုးတော့ စိတ်ထဲမှာရှိခဲ့တယ်လို့ မချောစုဟန်က ဖွင့်ဟပါတယ်။
ပြည်သူလူထုရဲ့ ကူညီစောင့်ရှောက်မှုတွေကြောင့် စားဖို့သောက်ဖို့နဲ့ နေဖို့ထိုင်ဖို့ အခက်အခဲတွေတော့ ရင်မဆိုင်ခဲ့ရပါဘူး။
“တစ်ခါတလေမှာ ဝမ်းနည်းလာလို့၊ ငိုချင်လာလို့၊ ရင်ဖွင့်စရာရှိလို့ ရင်ဖွင့်ရမဲ့ မိဘရင်ခွင်နဲ့ ဝေးကွာနေတယ်ဆိုတဲ့ အခက်အခဲလေးတွေပါပဲ” လို့ သူက ဆိုပါတယ်။
ဘယ်အချိန်မဆို သေရဲတဲ့စိတ်နဲ့ တော်လှန်ရေးခရီးကို လျှောက်နေပေမဲ့ အိမ်ကို ပြန်နိုင်ပါ့မလားဆိုတဲ့ အတွေးကတော့ စိတ်အထိခိုက်ရဆုံးပါပဲ။ စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ မိဘတွေရဲ့အားပေးစကားသံတွေကို ပြန်ကြားယောင်ရင်း အားတင်း ရှေ့ဆက်ခဲ့ပါတယ်။
ဒါကြောင့်လည်း မချောစုဟန်က တော်လှန်ရေးပြီးတဲ့အခါ “အမေ့အိမ်ကို ပြန်ချင်တယ်။ အမေ့အလုပ်တွေ ကူလုပ်ပေးချင်တယ်။ အမေ့ရင်ခွင်မှာပဲ ခွဲခွာရတဲ့နှစ်တွေအစား ကလေးတစ်ယောက်လို ပြန်ချွဲချင်တယ်။ ဒါအဖြစ်ချင်ဆုံးဆန္ဒပဲ” လို့ ဆိုပါတယ်။
အဆုံးထိတော်လှန်မယ်
ဒီလို အိမ်လွမ်းဝေဒနာတွေရှိနေပေမဲ့လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်တန်းဒေသတွေမှာ ကျောင်းဆရာမလုပ်ချင်ခဲ့တဲ့ မချောစုဟန်တစ်ယောက် လက်ရှိမှာတော့ လူထုသပိတ်တွေနဲ့သာ နေ့ည ကုန်ဆုံးနေခဲ့ပါတယ်။
“အဲ့အိပ်မက်တွေကို တော်လှန်ရေးပြီးဆုံးတဲ့အခါမှာ အကောင်အထည်ဖော်ပိုင်ခွင့်ရှိရင် ဖော်ချင်ပါသေးတယ်” လို့ ဖွင့်ဟပါတယ်။
ဒါ့အပြင် သူစိုးရိမ်နေတာတစ်ခုလည်း ရှိပါတယ်။ ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေကို စစ်ကောင်စီက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် နှိပ်စက်နေတာကို ကြားသိနေရတာပါ။ မချောစုဟန်ကိုယ်တိုင်လည်း အဖမ်းခံရခဲ့ရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံရနိုင်တယ်ဆိုတဲ့အတွေးမျိုးတော့ တွေးထားခဲ့မိပါတယ်။
ဒါပေမဲ့ ဒီလိုအန္တရာယ်တွေရှိနေပေမဲ့လည်း စစ်ကောင်စီကို အဆုံးထိတော်လှန်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ မချောစုဟန်က ယခုလိုဆိုတယ်။
“အန္တရာယ်ကင်းကင်းနဲ့ သပိတ်တွေကို ရှေ့ဆက်ထွက်မယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေအထားမှာ အန္တရာယ်နဲ့ ဝေးအောင်နေပြီးတော့ အာဏာရှင်ကို ဆက်လက်တွန်းလှန်မယ်”
(Honest Information ၏ အင်တာနက်စာမျက်နှာ https://hiburma.net မှ ကူးယူ ဖော်ပြပါသည်)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)