
ရန်ကုန် – ရန်ကုန်မြို့ရှိ ကျပ်သိန်းထောင်ချီတန် မြေကွက်တစ်ကွက် ရောင်းချမှုတွင် အဂတိလိုက်စားသည်ဟု စွပ်စွဲ ဖမ်းဆီးခံနေရသည့် ထိပ်တန်းအရာရှိကြီးများ၏ အမှုတွင် တစ်ဦးသာ အာမခံလျှောက်ထားကြောင်း ၎င်းတို့၏ ရှေ့နေတစ်ဦးက သြဂုတ် ၄ ရက်နေ့တွင် ပြောသည်။
အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဇူလိုင်လအတွင်းက ဖမ်းဆီးတရားစွဲဆိုခံရသူ ငါးဦးမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုပါ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲမှူးကြီး ကျော်ဇေယျာ၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနိုင်၊ အမှုတွဲပါ မြေရှင်၏ အထွေထွေကိုယ်စားလှယ် ဦးမျိုးခိုင်တို့ ဖြစ်သည်။
အာမခံ လျှောက်ထားသူမှာ ဒုတိယရဲမှူးကြီး ကျော်ဇေယျာ ဖြစ်ကြောင်း ဥပဒေအကျိုးဆောင် ဦးချစ်ကိုကိုက ပြောသည်။
ဦးချစ်ကိုကိုသည် ဗိုလ်ကြီးဟောင်း ဦးနေမျိုးထွန်း၏ ဥပဒေအကျိုးဆောင် ဖြစ်သည်။ အာမခံ ရနိုင်ခြေနည်းသည့်ပုဒ်မကို ရင်ဆိုင်နေရသည့်အတွက် ကျန်သူများက အာမခံ လျှောက်ထားခြင်း မရှိဟု ဥပဒေအကျိုးဆောင်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က အဆိုပါ အာမခံလျှောက်ထားမှုနှင့် ပတ်သက်ပြီး စဉ်းစား၊ အမိန့်ချမှတ်ရန် ရက်သတ္တတစ်ပတ် အချိန်ယူမည်ဖြစ်သည်။
သြဂုတ် ၅ ရက်နေ့ ရုံးချိန်းတွင် တရားလိုဖြစ်သူက အလုပ် မအားလပ်သည့်အတွက် ရုံးတော်သို့ မလာရောက်နိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။
တိုင်းတရားသူကြီးက တရားခွင်စစ်မေးနိုင်ရန်အတွက် တရားလို၊ တရားလိုပြသက်သေ သုံးဦးတို့ထဲမှ တစ်ဦး အနည်းဆုံး မဖြစ်မနေ လာရောက်ရန် ဆင့်ခေါ် သမ္မန်စာ ထုတ်ပြန်ခဲ့သည်။
ထိပ်တန်းအရာရှိကြီးများ ပါဝင်သည့် ဤအမှုတွင် စစ်ဆေးရမည့် သက်သေ အများအပြားရှိနေသည်ဟု ဥပဒေအကျိုးဆောင် ဦးချစ်ကိုကိုက ပြောသည်။
“တရားလိုဘက်က တင်ထားတဲ့ သက်သေက ၂၇ ဦး။ အဲ့ဒီသက်သေတွေ အကုန်စစ်ပြီးတော့မှ နှစ်ဖက်က စွဲချက်တင်သင့်၊ မတင်သင့်ကို အပြီးသတ်လျှောက်လဲပြီး စွဲချက်တင်၊ မတင် အမိန့်ချမှာ” ဟု ဦးချစ်ကိုကိုက ရှင်းပြသည်။
၂ဝ၁၅ ခုနှစ် ဧပြီလ ဝန်းကျင်က ကျပ်သိန်းထောင်ချီတန်သည့် စက်မှုဝန်ကြီးဌာနအမည်ပေါက် မြေကွက်တစ်ခု အရောင်းအဝယ်တွင် အဂတိလိုက်စားမှုရှိခဲ့သည်ဟု နစ်နာသူများက ပြည်ထဲရေးဝန်ကြီးဌာနထံ တိုင်ကြားခဲ့သည်။
ဝန်ကြီးဌာန အရာရှိများ ပါဝင်ပတ်သက်နေသည့် အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်းစစ်ဆေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သည်။
၎င်းတို့ကို ဇူလိုင်လ ၁၆ ရက်နေ့က ဖမ်းဆီးလိုက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။ ၎င်းတို့ထဲမှ အဖမ်းမခံဘဲ ထွက်ပြေးနေသူကို ဖမ်းဝရမ်းထုတ်ထားပြီး သူ၏ မျက်ကွယ်တွင် အမှုစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဦးပြုံးချိုသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ် ခန့်အပ်မခံရမီက ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဖြစ်ခဲ့သည်။
စွပ်စွဲခံနေရသောမြေကွက်အမှုမှာ ၂ဝ၁၅ ခုနှစ်က ဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်က အစပြုခဲ့ခြင်းဖြစ်သည်။
စွပ်စွဲခံရသူများသည် တရားရုံးအတွင်းသို့ ဝင်ရောက်လာစဉ်က နှာခေါင်းစည်း၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို တပ်ဆင်ထားကြသည်။ ဒုတိယရဲမှူးကြီး ကျော်ဇေယျာသည် လည်ပင်းဒေါက်၊ ခါးစည်းဒေါက်တို့ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။