သတင်း

အရေးယူပိတ်ဆို့သည့် အနောက်နိုင်ငံများသို့ မြန်မာ့သစ်များ ဆက်ပို့နေ

စစ်ကောင်စီ၏ ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သော နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်း (MTE) ကို အနောက်နိုင်ငံများက အရေးယူပိတ်ဆို့ထားသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း၌ပင် ထိုနိုင်ငံများသို့ မြန်မာ့သစ်များ ဆက်လက်တင်ပို့နေကြောင်း အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့က ဆိုသည်။ 

၂၀၂၁ ဖေဖော်ဝါရီမှ နိုဝင်ဘာအထိ မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၀ သန်းရှိခဲ့ရာ ၃၇ သန်းခန့်မှာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် အမေရိကန်၊ ဥရာပေသမဂ္ဂ (အီးယူ) နှင့် အနောက်နိုင်ငံများကို တင်ပို့ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် Forest Trends အဖွဲ့က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ အန္ဒိယ၊ ထိုင်းနှင့် အခြားနိုင်ငံများသို့လည်း ပြီးခဲ့သည့်နှစ်အတွင်း ဒေါ်လာ ၁၅၄ တန်ဖိုးရှိ သစ်များ တင်ပို့ခဲ့ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။ 

စစ်အာဏာသိမ်းပြီးနောက် ကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စစ်ဗိုလ်ချုပ်ကြီးများနှင့် ပတ်သက်ဆက်နွှယ်သူများကို အနောက်နိုင်ငံများက ဒဏ်ခတ်အရေးယူမှုများ ဆက်တိုက်ချမှတ်ခဲ့ရာ နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်းကို အမေရိကန်၊ အီးယူနှင့် ဗြိတိန်တို့က ပြီးခဲ့သည့်နှစ် ဧပြီနှင့် ဇွန်လများတွင် ပိတ်ဆို့အရေးယူခဲ့သည်။​

မြန်မာ့သစ်များကို အနောက်နိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် အမေရိကန်ကုမ္ပဏီများ ပါဝင်ပတ်သက်ခြင်းမရှိသည့်တိုင် ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ရာရောက်ပြီး ဘဏ်များအနေဖြင့် အလားတူချိုးဖောက်နေခြင်းဖြစ်ကြောင်း Forest Trends အဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

“ဒီဟာကွက်ကို ပိတ်ဖို့နဲ့ ပိတ်ဆို့အရေးယူမှုကို ပိုထိရောက်ဖို့ နိုင်ငံတွေအနေနဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတွေ ပိုချမှတ်သင့်ပါတယ်” ဟု Forest Trends မှ အကြီးတန်းဒါရိုက်တာ Kerstin Canby က ပြောသည်။

မြန်မာ့သစ်လုပ်ငန်းသည် သစ်လေလံတင်ခြင်းနှင့် သစ်ရောင်းချခြင်းကို အဓိကတာဝန်ယူလုပ်ကိုင်သလို သစ်လုပ်ငန်းနယ်ပယ်ကို ထိန်းချုပ်ထားသည့် နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်သည်။

သို့သော် ပြည်ပတင်ပို့ မြန်မာ့သစ်များနှင့် ပတ်သက်၍ အချက်အလက်များမှာ မရှင်းလင်းကြောင်း မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်ထုတ်လုပ်မှုအရင်းအမြစ်ကို မထုတ်ပြန်သလို အာဏာသိမ်းပြီးနောက် ပြည်ပတင်ပို့မည့်သစ်များ၏ ၅ ရာခိုင်နှုန်းကို လေလံတင်ရောင်းချသည်ဆိုသော်လည်း ထိုအထဲတွင် ပြည်ပတင်ပို့သစ်အဆင့် မပါဝင်ကြောင်း Forest Trends အဖွဲ့က ဆိုသည်။​

အမေရိကန်ဈေးကွက်ကို ဝင်ရောက်သည့် သစ်များကို ဇိမ်ခံရွက်လှေတည်ဆောက်ရာတွင် အသုံးပြုပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ သစ်တင်သွင်းသည့် ကုမ္ပဏီအရေအတွက် ကျသွားသော်လည်း တင်သွင်းသည့်ပမာဏမှာ အနည်းငယ်တိုးလာသည်ဟု ဆိုသည်။

အီးယူအဖွဲ့ဝင် ဩစတြီးယား၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ နယ်သာလန်နှင့် ပိုလန်နိုင်ငံတို့တွင်လည်း မြန်မာ့သစ်တင်သွင်းမှု တိုးလာနေသည်ကို ပြသနေကြောင်း ထိုထုတ်ပြန်ချက်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ဒဏ်ခတ်ပိတ်ဆို့မှုကို ရှောင်ကွင်းကာ အမေရိကန်ကုမ္ပဏီများက မြန်မာ့ကျွန်းသစ် ၁,၅၆၅ တန်ကို တင်သွင်းခဲ့ကြောင်း စစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးများအကြောင်း ဖော်ထုတ်နေသော Justice For Myanmar က ယခုနှစ် ဇန်နဝါရီလဆန်းတွင် ထုတ်ပြန်သည်။

သင်္ဘောတည်ဆောက်ရေး၊ အဆောက်အအုံပြင်ပအလှဆင်ရေးနှင့် ပရိဘောဂလုပ်ငန်းများအတွက် ကျွန်းသားပျဉ်ချပ်များနှင့် သစ်ခွဲသားများတင်သွင်းမှု ၈၂ ကြိမ်ရှိခဲ့ကြောင်း၊ အရေးယူပိတ်ဆို့မှုကို ရှောင်ကွင်းရန် ကြားခံပွဲစားများမှတစ်ဆင့်တင်သွင်းကြောင်း JFM က ဆိုသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်မှုကဏ္ဍမှ ဒေါ်လာ ၃၂၂ သန်းရရှိကြောင်း သစ်ကုန်သွယ်မှုမှ ကောက်ခံသည့် အခွန်နှင့် ခိုင်ကြေး (royalties) ဒေါ်လာသန်း ၁၀၀ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံတွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအဖွဲ့ (MEITI) အစီရင်ခံစာကို ကိုးကား၍ JFM ၏ ထုတ်ပြန်ချက်က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button