
ရန်ကုန်- အစိုးရလျှို့ဝှက်ချက်စာရွက်စာတမ်းများကို ရယူပြီး နိုင်ငံခြားသတင်းဌာနများသို့ ရောင်းစားရန် ကြိုးပမ်းသည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲခံထားရသည့် ‘ရိုက်တာ’သတင်း ဌာနမှ သတင်းထောက် နှစ်ဦးဘက်က တင်သွင်းသည့် သက်သေခံသုံးချက်အနက် နှစ်ချက်ကို ယနေ့ ရုံးချိန်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ပယ်ချခဲ့သည်။
တရားခံတို့ဘက်ကတင်သွင်းသည့် သက်သေခံများအနက် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင် ပြည်နယ် မြောက်ပိုင်း၌ ARSA တပ်ဖွဲ့ဝင်များကြောင့် သေဆုံးခဲ့သည့် ဟိန္ဒူဘာသာဝင်များ အကြောင်း ကိုဝလုံးတို့ ရေးသားခဲ့သည့် သတင်းသုံးပုဒ်နှင့် ၎င်းတို့နှစ်ဦး အဖမ်းခံရသည့် နေ့တွင် အမှတ် (၈) လုံခြုံရေးရဲတပ်ရင်းမှ ဒုတပ်ကြပ်နိုင်လင်းက ကိုဝလုံးကို စတင်ဖုန်းခေါ်ဆို ကာ ချိန်းဆိုခဲ့သည့် ဖုန်းမှတ်တမ်းများကို တရားရုံးက ပယ်ချခဲ့ပြီး ‘ရိုက်တာ’သတင်းဌာနကချမှတ်ထားသည့် သတင်းရေးရာ၌ ဘက်မလိုက်ရေးစည်းမျဉ်းများ တစ်ခုတည်းကိုသာ သက်သေခံအဖြစ် လက်ခံခဲ့သည်။
တရားရင်ဆိုင်နေရသည်မှာ ခုနစ်လ ရှိလာပြီဖြစ်သည့် ‘ရိုက်တာ’သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို စွဲချက်တင်ရန် ပြီးခဲ့သည့်ရုံးချိန်းက အမိန့်ချပြီးနောက် တရားခံအဖြစ် ပထမဆုံး စတင်စစ်ဆေးသည့်ရုံးချိန်းတွင် ကိုဝလုံးကို နှစ်ဖက်ရှေ့နေများက ဦးစွာ စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တရားခံရှေ့နေ ဦးသန်းဇော်အောင်က ပယ်ချခံရသည့် သက်သေခံများကို နောက်ရုံးချိန်းများတွင် တင်ပြခွင့်ရရန် ထပ်မံကြိုးစားသွားမည်ဟု တရားခွင်အပြီးတွင် ပြောသည်။
“ဟိန္ဒူတွေ အသတ်ခံရတဲ့ဟာတွေကို သူရေးခဲ့တာကို ကျွန်တော်တို့က ဝက်ဘ်ဆိုက်ကနေ ထုတ်ပြီး တင်တာ။ ဒါကို တစ်ဖက်က သက်သေခံဥပဒေအရ မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတာမျိုး မရှိလို့ ကန့်ကွက်တာနဲ့ လက်မခံခဲ့ဘူးပေါ့။ တကယ်လို့ ရုံးတော်အတွင်းမှာ အဲ့ဒီ ရိုက်တာသတင်းဌာနရဲ့ ဝက်ဘ်ဆိုက်ကို ကွန်ပျူတာနဲ့ဖွင့်ပြီး တိုက်စစ်ရင် ရနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ရုံးတော်တွင် ကိုဝလုံးက ၎င်းတို့သည် သတင်းရေးသားရာတွင် ဘက်မျှအောင် ကြိုးစားခဲ့ကြောင်း၊ ၎င်းတို့ကို ရဲဒုတပ်ကြပ်နိုင်လင်းကပင် စတင်ချိန်းဆိုကာ “လျှို့ဝှက်”စာရွက်စာ တမ်းများကို ပေးခဲ့ကြောင်း၊ ဒုတပ်ကြပ် နိုင်လင်းနှင့်အတူ ရဲအရာရှိဖြစ်ဟန်တူသူတစ်ဦးလည်း ပါကြောင်း ရုံးတော်ရှေ့၌ ထွက်ဆိုခဲ့သည်။
ထိုထွက်ဆိုချက်များသည် တရားလိုပြသက်သေ ရဲဒုတပ်ကြပ်နိုင်လင်း၏ ထွက်ဆိုချက်များနှင့် များစွာ ကွဲလွဲနေကာ ၎င်းတို့ကိုနှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့သည်ဟု ထွက်ဆိုခဲ့သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ထွက်ဆိုချက်များနှင့် ကိုက်ညီနေသည်ကို တွေ့ရသည်။
မိမိတို့သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီလူမျိုး ၁၀ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဥပဒေမဲ့သတ်ဖြတ်ခဲ့သည့် သတင်းနှင့်ပတ်သက်ပြီး အဆိုပါ ကျေးရွာတွင် လုံခြုံရေးတာဝန်ယူခဲ့သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်အပါအဝင် ရဲအရာရှိတချို့နှင့် တပ်ဖွဲ့ဝင်တချို့ကို တွေ့ဆုံမေးမြန်းရသည်မှာ သတင်း အတည်ပြုနိုင်ရန်နှင့် သတင်းကျင့် ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိစေဘဲ ဖြေရှင်းခွင့်ရရှိစေရန် ဖြစ်ကြောင်း ကိုဝလုံးက တရားခွင်တွင် ပြောကြားခဲ့သည်။
ကိုဝလုံးကို ယနေ့ စစ်ဆေးမေးမြန်းမှုအရ သတင်းထောက်စတင်လုပ်ကိုင်ခဲ့စဉ်မှ အဖမ်းခံလိုက်ရသည့် အခြေအနေအထိသာ စစ်ဆေးမေးမြန်းနိုင်ပြီး မနက်ဖြန်(ဇူလိုင် ၁၇) တွင် ဆက်လက် စစ်ဆေးမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲကာ စွဲချက်တင်ထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးသည် အင်းစိန် အကျဉ်းထောင်တွင် ခုနစ်လကျော်ကြာ အချုပ်ဖြင့် တရားရင်ဆိုင်နေကြရသည်။
ကိုလိုနီခေတ် ဥပဒေတစ်ခုဖြစ်သည့် အဆိုပါအက်အရ “နိုင်ငံ့လုံခြုံရေး သို့မဟုတ် အကျိုးကို ထိခိုက်စေရန် မည်သည့်လျှို့ဝှက်ချက်ကိုမဆို ရယူခြင်း၊ သို့မဟုတ် ရန်သူအားပေးခြင်း” စသည်တို့သည် ပြစ်မှုမြောက်သည်ဟု ပြဋ္ဌာန်းထားပြီး ပြစ်မှုထင်ရှားစီရင်ခံရပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်ဟု ဆိုထားသည်။
‘ရိုက်တာ’သတင်းထောက်နှစ်ဦးသည် အင်းဒင်ရွာ လူသတ်မှုအကြောင်း သတင်းရေးသားရန် စုံစမ်းနေစဉ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးကို “နိုင်ငံတော်လျှို့ဝှက်စာရွက်စာတမ်းများ” လက်ဝယ်တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ဘက်က စွပ်စွဲပြီး ကာယကံရှင် နှစ်ဦးကမူ ၎င်းတို့ကို ဒုရဲတပ်ကြပ် နိုင်လင်းက စားသောက်ဆိုင် တစ်ဆိုင်သို့ ချိန်းဆိုကာ လိပ်ထားသည့် စာရွက်စာတမ်းများကို ပေးပြီးနောက် ဆိုင်မှ အထွက်တွင် အသင့်စောင့်နေသည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု ပြောသည်။
ရဲတပ်ဖွဲ့ဘက်က တင်သွင်းသည့် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးမိုးရန်နိုင်ကမူ ၎င်းတို့နှစ်ဦးသည် ထောင်ဖမ်းခံခဲ့ရခြင်းသာဖြစ်သည်ဟု ဖွင့်ချသွားခဲ့သည်။ ၎င်းသည်လည်း ရဲစည်းကမ်းဥပဒေ ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ်နှစ် အပြစ်ပေးခံထားရကာ အင်းစိန်ထောင်၌ ပြစ်ဒဏ်ကျခံနေရသည်။