သတင်း

အောင်ရဲထွေးအမှု ရုပ်သိမ်းခွင့်ပြုသည့်အပေါ် ခရိုင်အဆင့်က ပြင်ဆင်ချက်တင်သွင်းမည်

ရန်ကုန် — လူမှုကွန်ရက်တွင် ဟာသရုပ်သံဖိုင်များဖြင့် နာမည်ကြီးသူ ကိုအောင်ရဲထွေး သေဆုံးခဲ့ရသည့်အမှုတွင် တာဝန်ရှိသူဟု စွပ်စွဲခံထားရသူသုံးဦးကို ပြန်လည်တရားစွဲဆိုနိုင်ရန် အတွက် တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်ချက်တင်သွင်းရန်ပြင်ဆင်နေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

ကိုအောင်ရဲထွေး သေဆုံးမှုတွင် ၎င်းကို ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့ကြသည့် အဆိုပါလူငယ်သုံးဦးကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ ရုံးချိန်းတွင် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး ၏ စာအရ အမှုရုပ်သိမ်းခွင့် ပြုသည်ဟု ပြန်ကြားလာသဖြင့် အမှုစစ်တရားသူကြီးက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က) အရ အမှုရုပ်သိမ်းကာ တရားရှင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ပြင်ဆင်ချက် တင်သွင်းဖို့အတွက် ခရိုင်ရဲတပ်ဖွဲ့အနေဖြင့် တင်သွင်းရမည်လား၊ ခရိုင်ဥပဒေရုံးအနေဖြင့် တင်သွင်းရမည်လားကို တိတိကျကျ မသိရှိရသေးပေ။

“ကျွန်တော်တို့ကတော့ ပြင်ဆင်ချက်တင်ဖို့အတွက် လုပ်နေပါတယ်။ ဒါပေမယ့် အဲ့ဒီအမှုကို လွှတ်ဖို့ စီရင်ချက်ချတာက ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့၊ ဒီကြားထဲ ရုံးပိတ်ရက်တွေက လည်း ရှိနေတော့ ဒီနေ့မှ အဲဒီစီရင်ချက်ကို မိတ္တူကူးဖို့ လုပ်နေရတယ်။ အထက်က ဘယ်လိုဆက်ညွှန်ကြားမလဲတော့ မသိသေးဘူး” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

တချို့အမှုများသည် ပြင်ဆင်ချက်တင်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် တင်သွင်း၍ရသလို တစ်ခါတစ်ရံတွင် ဥပဒေရုံးဘက်မှ တင်သွင်းကြသည်များလည်းရှိကြောင်း အဆိုပါရဲအရာရှိက ဆိုသည်။

ယခုအမှုသည် သေဆုံးသူ နှင့် စွပ်စွဲခံရသူများသည် ဘာသာရေးအားဖြင့် တူညီသူများဖြစ်သလို လူမှုရေးအရလည်း ပတ်သက်ဆက်နွှယ်မှုများရှိနေသည့်အတွက် အမှုကျေအေးပြီး ရုပ်သိမ်းကြောင်းကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ တင်ပြပြီး ခွင့်ပြုချက်ရသည့်အတွက် ခရိုင်တရားရုံးက ကျေအေးခွင့်နှင့် စွပ်စွဲခံရသူများကို လွှတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ကြားဝင်ဆောင်ရွက်ရာတွင် ယခင်အမှုများလို တူညီမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့် ယခုအမှုကို တရားစွဲဆိုမည်ဆိုလျှင်တောင်မှ ဥပဒေရုံး၏ လမ်းညွှန်ချက်များအတိုင်းသာ တရားစွဲဆိုနိုင်မည်ဖြစ်ပြီး အမှုတွဲအားလုံးကိုလည်း ဥပဒေရုံးသို့သာ ပေးအပ်ရ မည့် လုပ်ထုံးလုပ်နည်းဖြစ်ကြောင်း အဆိုပါ အရှေ့ပိုင်းခရိုင်တရားရုံးရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

အရှေ့ပိုင်းခရိုင်ဥပဒေရုံးသို့ သွားရောက်စုံစမ်းရာတွင် ၎င်းတို့အနေဖြင့် အထက်အဆင့်ဆင့်ကို တင်ပြပြီး အထက်မှ ခွင့်ပြုချက်ရပါက ညွှန်ကြားချက်အတိုင်း အမှုပြင်ဆင်ခွင့်ကို ပြုလုပ် သွားမည်ဖြစ်သော်လည်း လတ်တလောတွင် အထက်မှ လမ်းညွှန်ချက်များ မရရှိသေးသည့်အတွက် တိတိကျကျ မပြောနိုင်သေးကြောင်း အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ တာဝန်ရှိသူ ဥပဒေ အရာရှိတစ်ဦးကပြောသည်။

ဟာသရုပ်သံတိုများကြောင့် Facebook တွင် လူသိများသည့် အောင်ရဲထွေး (ခ) ရဲထွေးအောင်(၂၅နှစ်) သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ညပိုင်း ရန်ကုန် The One Entertainment Park နှစ်သစ်ကူးပွဲတော်အတွင်း ရန်ပွဲတစ်ခုကြောင့် ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သူသေဆုံးမှုအတွက် ရန်ပွဲအတွင်း အောင်ရဲထွေးကို ထိုးကြိတ်ကန်ကျောက်ခဲ့ကြသည်ဟုဆိုသည့် ကျော်ဇောဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးစလုံးသည် ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့သည်။

Show More

Related Articles

Back to top button