အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အောင်ရဲထွေးအမှုတွင် လာဘ်စားကြောင်း စွပ်စွဲခံရသည့် တိုင်းဥပဒေချုပ်နှင့် အရာရှိကြီးတချို့ကို ထိန်းသိမ်း

(ရန်ကုန်) — အောင်ရဲထွေးသေဆုံးမှုတွင် လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စွပ်စွဲထားသည့် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်၊ ဥပဒေနှင့် တရားရေး အရာရှိတချို့၊ ရဲအုပ်တစ်ဦးတို့ကို ထိန်းသိမ်းထားကြောင်း သင်္ဃန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားလိုက်သည်။

သို့သော် ၎င်းတို့ကို မည်သည့်နေ့တွင် ထိန်းသိမ်းခဲ့ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ရဲမှူးက ပြောကြားခဲ့ခြင်းမရှိပါ။

အောင်ရဲထွေးအမှုကို ကိုင်တွယ်သည့် ရဲအုပ်နှင့် တရားရေးဌာနမှ အရာရှိ၅ဦးသည် “တရားလိုပြ သက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြ သက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေ ဖြစ်ပေါ်အောင် ဖန်တီးကာ တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူခဲ့သည်” ဟု ကော်မရှင်၏ ယနေ့(စက်တင်ဘာ ၁၃) ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းတို့ကို သင်္ဃန်းမြို့နယ်တရားရုံးတွင် ယနေ့ ရုံးထုတ်ခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားမည်ဟု ခန့်မှန်းရကြောင်း တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင် က Myanmar Now ကို ပြောသည်။

ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် အဆိုပါအမှုဖြစ်ပွားချိန် တာဝန်ရှိခဲ့သည့် သုဝဏ္ဏနယ်မြေ စခန်းမှူးဟောင်းဖြစ်သူ(ယခု ရွှေပေါက်က္ကံနယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို တို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် အသီးသီးအရေးယူရန် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်လိုက်သည်။

ပုဒ်မ ၅၅ အရဆိုလျှင် ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၅၆ အရဆိုလျှင် ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင် ကြောင်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

လာဘ်ယူသည်ဟု စွပ်စွဲခံထားရသူတို့သည် အောင်ရဲထွေးအမှုတွင် အချိတ်အဆက် ရှိနေသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ယခုအမှုတွင် တာဝန်ခံဖြေကြားပေးသည့် ဦးကျော်စိုးက ပြောသည်။

“အဓိကကတော့ စွပ်စွဲခံရသူ သန်းထွဋ်အောင်(ခ) သားကြီး အပါအဝင် သုံးဦးရဲ့ မိဘတွေကနေ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်ကနေ လာဘ်ယူပြီး သူကနေ အဆင့်ဆင့်ကို လိုက်ချိတ် ဆက်ပြီး အခုလို ကျူးလွန်သူ ၃ ဦးလုံးကို လွတ်မြောက်အောင် စီစဉ်ခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်” ဟု ဦးကျော်စိုးက Myanmar Now ကို ပြောသည်။

လူမှုကွန်ရက်တွင် ဟာသရုပ်သံဖိုင်များကြောင့် လူသိများခဲ့သည့် ကိုအောင်ရဲထွေး သေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ကိုအောင်ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment Park တွင် ပြုလုပ်သည့် နှစ်သစ်ကူး ပွဲတော် အတွင်း ရန်ဖြစ်ကာ လူအုပ်စုလိုက် ဝိုင်းရိုက်ကြသဖြင့် ၂၀၁၈ ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သူ၏ သေဆုံးခဲ့မှုအတွက် ရန်ပွဲအတွင်း ပါဝင်ရိုက်နှက်သည်ဟု စွပ်စွဲခံခဲ့ရသော ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွန်းအောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးသည် သုဝဏ္ဏရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့သည်။

အမှုတွင် တရားလိုပြသက်သေ ၁၄ ဦး စစ်ဆေးပြီးသည့် အဆင့်တွင် အမှုအား ရုပ်သိမ်းခွင့်ပြုရန် ခရိုင်ဥပဒေအရာရှိဒေါ်သစ်သစ်ခင်က လျှောက်ထားခဲ့ပြီး ရုပ်သိမ်းလွှာတင်ရခြင်းမှာ ကိုအောင်ရဲထွေး၏မိသားစုက ကိုအောင်ရဲထွေးသည် နှလုံးရောဂါရှိသူဖြစ်ပြီး အခင်းဖြစ်ပွားရခြင်းမှာ လူငယ်သဘာဝ ပျော်ပွဲရွှင်ပွဲတွင် အခန့်မသင့်ဖြစ်ပွားရာမှ မတော်တဆ ဖြစ်ပွားခဲ့ ကြောင်း၊ လူသတ်မှုဖြင့် ဖမ်းခံရသူများ၏ မိသားစုများက ကိုအောင်ရဲထွေး ဆေးရုံတက်ချိန်နှင့်နာရေးတွင် လူမှုရေးအရ ကူညီဆောင်ရွက်ပေးကြခြင်း၊ တရားလိုမိသားစုနှင့် ဖမ်းဆီးခံထားရသူများအနက်မှ တစ်ဦးဖြစ်သည့် သန်းထွန်းအောင် (ခေါ်) သားကြီးတို့၏မိသားစုများမှာ ဘာသာတူများဖြစ်ကြောင်း၊ ကိုအောင်ရဲထွေး၏ မိသားစုများအား ကျေနပ်သည်အထိ တောင်းပန်ခြင်း၊ ဘာသာရေးအကြီးအကဲများက ညှိနှိုင်းပေးခြင်းတို့ကြောင့် အမှုအား ဆက်လက်တရားစွဲဆိုရန် ဆန္ဒမရှိတော့ကြောင်းလည်း အမှုစီရင်ချက်တွင် ဖော်ပြထားသည်။

ယခုအချိန်တွင် အဆိုပါအမှုကို ရန်ကုန်တိုင်းတရားလွှတ်တော်တွင် အမှုပြင်ဆင်ချက်အဖြစ် တင်သွားကာ နှစ်ဖက်လျှောက်လဲချက်များကို ကြားနာခဲ့သည်။ အဆိုပါ အမှုရုပ်သိမ်းခဲ့မှုကို ပြန်လည်စိစစ်ရန် သင့်မသင့် မကြာမီ ဆုံးဖြတ်သွားမည် ဖြစ်သည်။

ဆက်စပ် ဖတ်ရှုရန် –

အောင်ရဲထွေးရန်ပွဲ၌ အနီးကပ်ဆုံးရှိခဲ့သူနှင့် တွေ့ဆုံခြင်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button