အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တန့်ဆည်စစ်ရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးနှင့်ပစ်

စစ်ကိုင်းတိုင်းတစ်ခုလုံးနီးပါး အင်တာနက်ဖြတ်တောက်ခံရပြီး ရက်ပိုင်းအကြာ ယမန်နေ့ (မတ် ၆) တွင် စစ်ကောင်စီတပ်က တန့်ဆည်မြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုကို လက်နက်ကြီးနှင့် ပစ်ခတ်ပြီး ဒေသခံ အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ 

မြို့မြောက်ဘက် မူးမြစ်ကမ်းအနီး ကျွန်းလည်ရွာတွင် တပ်စွဲထားသည့် စစ်တပ်နှင့် ပျူစောထီးများက ထိုနေရာမှ တစ်မိုင်ခန့်အကွာတွင်ရှိသော မြောက်အင်းရွာအပြင်ဘက်၌ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည့်နေရာကို နံနက် ၆ နာရီဝန်းကျင်၌ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ၊ ပူးပေါင်းအဖွဲ့မှလည်း လက်နက်ကြီးဖြင့် တရစပ် ပြန်လည်ပစ်ခတ်ခဲ့ပြီး တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“သူတို့ဘက်က အထိနာပြီး ပြန်ဆုတ်သွားတယ်။ ကိုယ့်ဘက်ကလည်း လိုက်ပစ်တယ်။ ပျူတွေရဲ့ ဆိုင်ကယ် ၄ စီးထက်မနည်း သိမ်းဆည်းရမိပါတယ်” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပစ်ခတ်မှုအပြီး စစ်ရှောင်စခန်းမှ အရပ်သား ၄ ဦးကို စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဆက်ပြောသည်။

စစ်ရှောင်စခန်းသည် အင်ပင်သာ၊ ကျွန်းလည်အပါအဝင် အနီးအနားကျေးရွာများမှ စစ်ဘေးရှောင်များ စုဝေးခိုလှုံနေသည့်နေရာဖြစ်ကြောင်း၊ စစ်ရှောင်အရေအတွက်ကိုမူ သီးခြားကောက်ယူထားခြင်း မရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

ပြန်ဆုတ်သွားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယင်းနေ့ နေ့လယ်မှာပင် ကံဘဲ့ရွာသို့ ဦးတည် ချီတက်လာကြရာ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲထပ်ဖြစ်ခဲ့သည်။

ကပ်လျက် ကျွန်းလှမြို့နယ်ဘက်မှ အင်အား ၁၁၀ ပါဝင်သည့် စစ်ကြောင်းတစ်ခုသည်လည်း ယနေ့ နံနက်က တန့်ဆည်မြို့နယ် ပုတီးရွာအနီး ရောက်ရှိလာကြောင်း တန့်ဆည်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကလည်း ပြောသည်။ 

“သူတို့ အခုလောလောဆယ် ပုတီးရွာကို ရောက်နေပြီ။ တပ်တော့မစွဲသေးဘူး။ စစ်ကြောင်းဆက်ထိုးဖို့ တိုင်ပင်နေပုံရတယ်” ဟု အမည်မဖော်လိုသည့် ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းရှိ မြို့ကြီးလေးမြို့မှအပ ကျန်မြို့နယ် ၂၀ ကျော်တွင် မတ် ၃ ညပိုင်းမှစ၍ မိုဘိုင်းအင်တာနက် ဖြတ်တောက်လိုက်ပြီး စစ်တပ်က ထိုဒေသအတွင်း အိမ်မီးရှို့ခြင်းကဲ့သို့ ဖျက်ဆီးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

မြို့နယ် ၈ ခုကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပိတ်ပင်မှုကြောင့် သတင်းအချက်အလက်စီးဆင်းမှုသာမက ငွေကြေးထောက်ပံ့မှုလမ်းကြောင်း အကြီးအကျယ်ထိခိုက်သွားသည်ဟု အထက်ပါ ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။ 

“ဒေသခံကာကွယ်ရေးအဖွဲ့တွေ အဓိကအားထားနေရတဲ့ ပြည်သူတွေဆီက ထောက်ပံ့တဲ့ ငွေကြေးထောက်ပံ့မှုတွေက မစီးဆင်းသလောက် ရပ်သွားတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီကလည်း အင်အားအများအပြားနဲ့ ဖိလာတယ်” ဟု သူက ပြောသည်။

မတ် ၅ တွင် ခင်ဦးမြို့နယ် ကျေးရွာ ၂ ရွာမှ နေအိမ် ၁၀၀ ကျော်၊ ဒီပဲယင်းမြို့နယ် ဝဘာရွာမှ နေအိမ် ၅၀ ကျော်၊ ကနီမြို့နယ် ချောင်းမရွာမှ နေအိမ် ၂၀ ကျော်၊ မတ် ၆ တွင် ထီးချိုင့်မြို့နယ် သခွပ်ချောင်းရွာမှ နေအိမ် ၁၄ လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းလိုသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို စစ်ကောင်စီကလည်း စစ်ကိုင်းတိုင်းထိုးစစ်အခြေအနေကို သတင်းအမှောင်ချထားဆဲ ဖြစ်သည်။

ချင်းပြည်နယ် ထန်တလန်မြို့မီးရှို့မှုကိုမူ စစ်တပ်က ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း၊ လက်နက်ကိုင်ခုခံသူတို့က ရှို့ခြင်းဖြစ်ကြောင်း ပြန်လည်စွပ်စွဲထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button