အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အောင်ရဲထွေးအမှု ပြန်စစ်ရန် တိုင်းတရားလွှတ်တော် အမိန့်ချ

ရန်ကုန်- လူမှုကွန်ရက်ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုကို ပိတ်သိမ်းရန်ဆုံးဖြတ်ခဲ့သည့် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံး၏ ဇူလိုင်လအတွင်းက ဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ပယ်ဖျက်လိုက်ပြီး မူလရုံးတွင် ဆက်လက်စစ်ဆေးစေရန် ယနေ့တွင် ဆုံးဖြတ်လိုက်သည်။

“မူလ ခရိုင်တရားရုံးက ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၉၄(က) အရ ချမှတ်ခဲ့တဲ့ အမှုရုပ်သိမ်းခဲ့သည့် အမိန့်ကို ပယ်ဖျက်ပြီး မူလတရားရုံးမှာ ပြန်စစ်ဆေးဖို့ အမိန့်ချမှတ်သည်” ဟု ရန်ကုန်တိုင်းတရားလွှတ်တော်၊ တရားခွင် ၆ မှ တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ကိုအောင်ရဲထွေးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ညက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment Park အမည်ရှိ ပျော်ပွဲရွှင်ပွဲ ကျင်းပရာနေရာ၌ ကျင်းပသည့် နှစ်သစ်ကူးပွဲတော်တွင် လူအုပ်တစ်အုပ်၏ ထိုးကြိတ်ကန်ကျောက်ခံရသဖြင့် နှစ်ရက် အကြာတွင် သေဆုံးခဲ့သည်။

အဆိုပါအမှုကို တိုင်းဥပဒေရုံး၏ သဘောတူညီချက်ဖြင့် ဇူလိုင်လ ၂၄ ရက်နေ့က အမှုကိုရုပ်သိမ်းကျေအေးကာ စွပ်စွဲခံရသူများဖြစ်သည့် သန်းထွဋ်အောင်(ခ) သားကြီး၊ ပြည့်ဖြိုးအောင်(ခ) အောင်လေးနှင့် ကျော်ဇောဟန်(ခ) ကျော်ဇောတို့ကို ပြန်လွှတ်ပေးခဲ့သည်။

အမှုတွင် သက်သေ ၁၄ ဦးကို စစ်ဆေးပြီးသည်အထိ သံသယရှိသူများက ကိုအောင်ရဲထွေးကို ထိုးကြိတ်ကြောင်း ထင်ရှာစွာ မပေါ်ပေါက်သေးသည့်အပြင် ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က) အရ စွဲချက်မတင်မီ တရားလိုကိုယ်တိုင် အမှုကျေအေးရုပ်သိမ်းသည့်အတွက် ခွင့်ပြုခဲ့ကြောင်း ခရိုင်တရားရုံး၏ အမိန့်စာတွင် ပါဝင်သည်။

ထိုသို့ အမှုကျေအေးရုပ်သိမ်းပြီးမှ ပြည်ထောင်စုရှေ့နေချုပ်၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှပင် အမှုပြင်ဆင်ချက်ကို တိုင်းတရားလွှတ်တော်သို့ တင်ခဲ့သည်။

ယခုလို အောက်ရုံး၏အမိန့်ကို ပယ်ဖျက်ပြီး ခရိုင်တရားရုံးသို့ ပြန်လည်လွှဲပြောင်းလိုက်ခြင်းကြောင့် ယခင်မူလတရားစီရင်ချိန်တွင် စွပ်စွဲခံရသူ သုံးဦးကို အာမခံမပေးဘဲ အချုပ်ဖြင့် တရားရင်ဆိုင်ခဲ့ရသဖြင့် ယခုအောက်ရုံးမှ ပြန်လည်စီရင်နေချိန်တွင် ဖမ်းဆီးကာ အချုပ်ဖြင့်ပင် ရင်ဆိုင်ရမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

“ခရိုင်တရားရုံးမှာ အမှုကို အစက ပြန်စစ်မှာလား၊ ရောက်တဲ့နေရာက ဆက်စစ်မှာလားဆိုတာ ဒီအမှုကို ကိုယ်တွယ်မယ့် တရားသူကြီးပေါ်မှာလည်း မူတည်တယ်။ နစ်နာသူဖြစ်တဲ့ ကိုအောင်ရဲထွေးတို့ မိသားစုဘက်ကလည်း ဒီအမှုကို အစက ပြန်စစ်ဆေးပေးပါဆိုတာ ဥပဒေအရလည်း ပြန်လျှောက်ထားခွင့်ရှိတယ်။” ဟု သူက ဆိုသည်။

ကိုအောင်ရဲထွေးသေဆုံးခဲ့သည့်အမှုကို ကျေအေးရုပ်သိမ်းခဲ့ရာတွင် လာဘ်ငွေရယူခဲ့သည်ဟု စွပ်စွဲပြီး ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး အပါအဝင် တရားရေးဌာနအရာရှိ ငါးဦးနှင့် ရဲအရာရှိတစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button