သတင်း

အောင်ရဲထွေးအမှုကိုင် ရဲအရာရှိ လာဘ်ငွေ အရစ်ကျယူခဲ့ဟု အဂတိကော်မရှင်ပြော

(ရန်ကုန်) — အွန်လိုင်းလူမှုကွန်ရက် ဟာသ သရုပ်ဆောင် အောင်ရဲထွေး သတ်ဖြတ်ခံရမှုကို ကိုင်တွယ်ခဲ့သည့် ရဲအရာရှိသည် လူသတ်မှုဖြင့် စွပ်စွဲခံထားရသူတစ်ဦး၏ ဖခင်ထံမှ သိန်း ၃ဝ ကို လေးကြိမ် ခွဲယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အောက်တိုဘာ ၄ တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားရင်ဆိုင်နေရသည့် သုဝဏ္ဏနယ်မြေ ရဲစခန်းမှူးဟောင်း ရဲအုပ်ချစ်ကိုကိုအား ရန်ကုန်တိုင်း တရားလွှတ်တော်တွင် ကြားနာစဉ် ကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ၁ဝ နှစ်ထက် မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် စွဲချက်ဖြင့် ရင်ဆိုင်နေရသည့် ရဲအုပ်ချစ်ကိုကိုသည် စက်တင်ဘာ ၁၃ ကတည်းက ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် သူသည် ရွှေပေါက္ကံမြို့သစ် စခန်းမှူးအဖြစ် ရှိနေခဲ့သည်။

တရားခွင်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အမှုဖွင့်တိုက်ကြားချက်ကို သက်သေခံအဖြစ် တင်သွင်းရာတွင် ရဲအရာရှိဟောင်း၏ ဥပဒေအကျိုးဆောင်က ကန့်ကွက်ခဲ့ သည်။

“ရုံးတော်ရှေ့မှာ တင်သွင်းခဲ့တဲ့ သက်သေခံက စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးမှ အမှုတည်ဆောက်ပြီး ဘယ်သူက သက်သေခံမယ်၊ ဘယ်သူက တရားခံ ဆိုတာကို ထားပြီးမှ အမှုဆင်ထားတဲ့ တိုင်ကြားချက်ဖြစ်တယ်။ ဒါဟာ သက်သေခံ ဥပဒေနဲ့ မညီပါဘူး။ သတင်းပေးတိုင်ကြားချက်နဲ့ အမှုဖွင့်တာမျိုး မဟုတ်ဘဲ စုံစမ်းစစ်ဆေးပြီး အမှုဖြစ်စဉ် တည်ဆောက်ပြီးမှ တိုင်ကြားချက် ဖြစ်တဲ့အတွက် သက်သေခံမဝင်ပါဘူး”ဟု ရဲအရာရှိဟောင်း၏ရှေ့နေ ဦးသန်းအောင်က ရုံးတော်အတွင်း ကန့်ကွက်ချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

သို့ရာတွင် တရားခွင်အပြီး သတင်းမီဒီယာများကို ပြောကြားရာတွင် အမှုဆင်ပြီးမှ တိုင်ချက်ဖွင့်သည်ဆိုသည့် စကားရပ်အပေါ် ပထမသတင်းပေးတိုင်ချက်သည် စုံစမ်းစစ်ဆေးပြီးမှ တိုင်ချက်ဖွင့်ခြင်းအတွက် အမှုပျက်ယွင်းသည့် အချက်ကိုသာ ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး အမှုဆင်သည် ဆိုသည့် စကားရပ်ကို အသုံးမပြုရန် သူက တားမြစ်ခဲ့သည်။

ထိုတိုင်ကြားချက်ကို ကန့်ကွက်သည့်အခါ တရားလို၏ ဥပဒေအကျိုးဆောင်ဖြစ်သူ ရန်ကုန်တိုင်းဥပဒေအရာရှိက ယခုအမှုသည် အထူးဥပဒေဖြင့် ဆောင်ရွက်ရသည့် ကိစ္စရပ် ဖြစ်သည့် အတွက် တိုင်ကြားချက်ကို သက်သေခံအဖြစ် လက်ခံသင့်ကြောင်း တရားခွင်အတွင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့အတွက် ရန်ကုန်တိုင်း၊ တရားလွှတ်တော် တရားခွင် ၄ မှ စီရင်မည့် တရားသူကြီးက လာမည့် ၁၂ ရက်နေ့တွင် အဆိုပါ တိုင်ကြားချက်ကို သက်သေခံအဖြစ် လက်ခံသင့်မသင့် နှစ်ဖက်ဥပဒေအကျိုးဆောင်များ၏ လျှောက်လဲချက်များကို ကြားနာမည်ဟု အမိန့်ချမှတ်ခဲ့သည်။

ယခုအမှုတွင် တရားလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်မှ သက်သေခံ ၁၈ ဦးကို တင်သွင်းထားကြောင်း သိရသည်။

ဟာသသရုပ်ဆောင် အသက် ၂၅ နှစ် အရွယ် ကိုအောင်ရဲထွေးသည် ၂ဝ၁၇ ဒီဇင်ဘာ ၃၁ ရက်နေ့ည ရန်ကုန်ရှိ The One Entertainment Park ရှိ နှစ်သစ်ကူးပွဲတော်အတွင်း လူ ၅ ဦးခန့် ထိုးကြိတ် ကန်ကျောက်မှုကြောင့် ရက်အနည်းငယ်အကြာတွင် သေဆုံးခဲ့သည်။

သူသေဆုံးမှုအတွက် သန်းထွဋ်အောင်(ခ) သားကြီး၊ ပြည့်ဖြိုးအောင်(ခ) အောင်လေး၊ ကျော်ဇော်ဟန်(ခ) ကျော်ဇောတို့ကို တရားခံများအဖြစ် စွပ်စွဲထားသည်။

၎င်းတို့သုံးဦးကို ဇူလိုင်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရန်ကုန်တိုင်းဥပဒေချုပ်ရုံး၏ ညွှန်ကြားချက်များနှင့်ပင် အရှေ့ပိုင်းခရိုင်တရားသူကြီးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က) အရ အမှုရုပ်သိမ်းခွင့်ပြုကာ တရားရှင်လွှတ်ပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လူသေဆုံးမှုကို အမှုရုပ်သိမ်းခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး ဝေဖန် ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုရှေ့နေချုပ်၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းဥပဒေရုံးကပင် တိုင်းတရားလွှတ်တော်သို့ အမှုပြင်ဆင်ချက် တင်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်ကလည်း စုံစမ်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးပြီးနောက် ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ ရန်ကုန်တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ကိုအောင်ရဲထွေးအမှု တွင် ကိုင်တွယ်ခဲ့သည့် ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ အမှုရုပ်သိမ်းခွင့် ပြုခဲ့သည့် အရှေ့ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် အဆိုပါအမှု ဖြစ်ပွားစဉ် တာဝန်ရှိ ခဲ့သည့် ရဲအုပ်ဟောင်း ဦးချစ်ကိုကိုတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် အရေးယူခဲ့သည်။

Show More

Related Articles

Back to top button