သတင်း

မြို့ခံအများစု တိမ်းရှောင်နေသည့် ထန်တလန်မြို့ကို စစ်တပ်က မီးထပ်ရှို့

ချင်းပြည်နယ်မြောက်ပိုင်းရှိ ထန်တလန်မြို့တွင် တိုက်ပွဲများကြောင့် မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေစဉ် ဖေဖော်ဝါရီ ၂၅ နှင့် ၂၇ တို့တွင် အာဏာသိမ်းစစ်တပ်က မီးထပ်ရှို့ခဲ့သည်ဟု မြို့ပြန်လည်နေရာချထားရေးကော်မတီက ယမန်နေ့ (မတ် ၁) တွင် ထုတ်ပြန်သည်။

စစ်တပ်က အကြိမ်ကြိမ် မီးရှို့နေခြင်းဖြစ်ကာ ၂၆ ကြိမ်ရှိပြီဖြစ်ကြောင်း စစ်ဘေးရှောင်ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ထန်တလန်မြို့ ပြန်လည်နေရာချထားရေးကော်မတီ (Thantlang Placement Affairs Committee) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျှန်က Myanmar Now ကို ပြောသည်။​

“သူတို့က (စစ်ကောင်စီ) တမင်သက်သက်ရှို့တာ။ ရှင်းလင်းရေးလုပ်ငန်း စလုပ်နေပြီဆိုတဲ့အခါကျတော့ ပစ်ကွင်းရှင်းတဲ့အနေနဲ့ အိမ်တွေကို မီးရှို့တယ်လို့ သုံးသပ်မိတယ်” ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း မီးထပ်ရှို့ခံရသဖြင့် ထန်တလန်မြို့ပေါ်ရပ်ကွက်ငါးခုတွင် နေအိမ် ၁၀၁ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ကော်မတီ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။​

ထန်တလန်မြို့တွင် တိုက်ပွဲမဖြစ်သော်လည်း ယခင်အရှို့ခံရစဉ် မပါဘဲ ကျန်ရှိသော နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့ခြင်းဖြစ်သည်ဟုလည်း ဆလိုင်းလျှန်က ပြောသည်။                  

“အသစ်ကျန်တဲ့အိမ်တွေကို မီးရှို့တာ၊ တမင်သက်သက်ရှို့တာ” ဟု ၎င်းက ဆိုသည်။

အကြိမ်ကြိမ်မီးရှို့ခံရသည့် ထန်တလန်မြို့တွင် ဘာသာရေးအဆောက်အအုံ ၁၉ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံနှင့် လူနေအိမ် ၁၀၀၀ ကျော် မီးဘေးသင့်ခဲ့ရကြောင်း အထက်ပါကော်မတီက ဆိုသည်။​

ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစ၍ တိုက်ပွဲများကြောင့် လူဦးရေ ရှစ်ထောင်မှ တစ်သောင်းကြားရှိ ထန်တလန်မြို့ခံများမှာ နီးစပ်ရာတောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်။ 

“သူတို့မီးရှို့တာ စက်တင်ဘာလကနေစပြီး ရှို့တာပေါ့နော်။ သူတို့လုပ်ရပ်က ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို အလေးမထားဘူးလို့ မြင်တယ်။ လူသားချင်းစာနာမှု မရှိဘူးလို့ မြင်တယ်” ဟု ဆလိုင်းလျှန်က ဆိုသည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း ထန်တလန်အခြေစိုက် အမှတ် ၂၆၉ ခြေလျင်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမျိုးဇင်ထွန်း မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်ရသည်အထိ ဒဏ်ရာရရှိစဉ် စစ်တပ်က မြို့ပေါ်ရှိနေအိမ်များကို မီးရှို့ခဲ့သည်ဟု သိရသည်။​

အိမ်ခြေ ၂၃၀၀ ကျော်ရှိ ထန်တလန်မြို့တွင် အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခံရခြင်းကြောင့် မြို့ထက်ဝက်နီးပါး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။​

ပြီးခဲ့သည့်နှစ်အတွင်း ထန်တလန်မြို့ စတင်မီးရှို့ခံရစဉ် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုသည်။​

သို့သော် နောက်ပိုင်းတွင် မီးလောင်ပြင်ကို နောက်ခံထားကာ ဓာတ်ပုံရိုက်ကူးနေသည့် စစ်သားအချို့၏ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည်။

မြို့ခံအများစု ထွက်ပြေးတိမ်းရှောင်နေသည့် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီ၏ တပ်မ ၁၁ လက်အောက်ခံတပ်များနှင့် ဟားခါးအခြေစိုက် ၂၆၉ နှင့် ၂၂၂ တပ်ရင်းများ တပ်စွဲထားသည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က ပြောဆိုထားသည်။​

ကင်းလှည့်ချိန် ကြားဖြတ်တိုက်ခိုက်လေ့ရှိသောကြောင့် စစ်တပ်က လက်စားချေသည့်အနေဖြင့် မြို့ကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု CDF – ထန်တလန်တာဝန်ရှိသူက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ထုတ်ဖော်ပြောဆိုထားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button