
ရန်ကုန်- အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဘက်က သက်သေခံအဖြစ် တင်ပြခဲ့သည့် ပထမသတင်းပေး တိုင်ကြားချက်ကို သက်သေခံအဖြစ် လက်မခံထိုက်ကြောင်း ဟာသသရုပ်ဆောင် ကိုအောင်ရဲထွေးအမှုတွင် လာဘ်စားခဲ့သည်ဟု စွပ်စွဲခံထားရသူများက ယနေ့ သုံးကြိမ်မြောက် ရုံးချိန်းတွင် လျှောက်လဲခဲ့သည်။
အသက် ၂၅ နှစ်အရွယ် အွန်လိုင်းစတား အောင်ရဲထွေးအား အသက်သေသည်အထိ ရန်ပြုခဲ့ကြသူသုံးဦးအမှုကို ပိတ်သိမ်းခဲ့ရာတွင် လာဘ်ယူခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုလုပ်ကာ အမှုဖွင့်ထားခြင်းဖြစ်ပြီး ယနေ့ရုံးချိန်းတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် စွပ်စွဲခံရသူ ခြောက်ဦးလုံးက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ယခုပထမသတင်းပေးတိုင်ကြားချက်သည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရဲအရာရှိကြီးကိုယ်တိုင် ဦးဆောင်သည့်အဖွဲ့က သက်သေ ၃၈ ဦးလုံးကို စစ်ဆေးပြီးမှ အမှုဖွင့်တိုင်ကြားခဲ့သည့် တိုင်ကြားချက် ဖြစ်သဖြင့် ပထမ သတင်းပေးတိုင်ကြားချက်မဟုတ်ဘဲ သက်သေခံ စစ်ချက်များသာဖြစ်ကြောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေနှင့် ဆန့်ကျင်သောကြောင့် သက်သေခံအဖြစ် မခံယူထိုက်ကြောင်း စွပ်စွဲခံထားရသူတစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးခရိုင်ဥပဒေအရာရှိဟောင်း ဦးကိုကိုလေးက ကိုယ်တိုင်လျှောက်လဲခဲ့သည်။
“အဂတိအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတာမှာ ရဲလုပ်ငန်းအတိုင်း ကျင့်သုံးခဲ့ပြီး စစ်ဆေးမှုများတွင်လည်း ရဲမှူးချုပ် ဦးစိုးနိုင် ခေါင်းဆောင်တဲ့ ရဲအဖွဲ့က စုံစမ်းစစ်ဆေးတာဖြစ်တယ်။ ရဲတပ်ဖွဲ့တွေ ပါဝင်နေတဲ့အတွက် ဒါဟာ ရဲထံ ထွက်ချက်များသာ ဖြစ်တယ်။
“သက်သေ ၃၈ ဦးလုံးကို စစ်ဆေးပြီးမှ အမှုဖွင့်တာဖြစ်တယ်။ အဲ့ဒီလို စစ်ဆေးပြီးမှ အမှုဖွင့်တာက ပထမသတင်းပေး တိုင်ကြားချက်မဟုတ်ပါဘူး။ သက်သေစစ်ချက်တွေ ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
ယခုအမှုတွင် ပထမသတင်းပေးတိုင်ချက်သည် ရဲထံတွင် အစစ်ခံသည့် အစစ်ခံချက်ဖြစ်သလို မည်သူကို တရားခံလုပ်ရမည်၊ မည်သူကို သက်သေလုပ်ရမည်ကို ကြိုတင်စီစဉ်ထားသည့် အမှု ဖြစ်နေသောကြောင့် ပထမသတင်းပေးတိုင်ကြားချက်ကို သက်သေခံအဖြစ် မခံယူထိုက်ကြောင်း စွပ်စွဲခံထားရသည့် ရွှေပေါက္ကံမြို့နယ် ရဲစခန်းမှူးဟောင်း ဦးချစ်ကိုကို၏ ရှေ့နေ ဦးသန်းအောင်က လျှောက်လဲသည်။
ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥပဒေသည် အထူးဥပဒေဖြစ်သည်ဟု တရားလိုရှေ့နေ၏ လျှောက်လဲချက်ပါအဆိုနှင့် ပတ်သက်၍ ဦးဟန်ထူး၏ရှေ့နေ ဦးမင်းစိန်က ကန့်ကွက်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ‘အထူးဥပဒေ’ဆိုသည့် စကားရပ် မပါရှိကြောင်း လျှောက်လဲခဲ့သည်။
“စုံစမ်းစစ်ဆေးပြီးရင် အဲဒီဟာကို ကော်မရှင်ကို အစီရင်ခံရမှာ ဖြစ်ပါတယ်။ အခု ဒီမှာ သက်သေခံတင်တာက အဲဒီ အစီရင်ခံစာ မဟုတ်ပါဘူး။ ဒါဟာ သက်သေခံမဝင်ပါလူး။ ၁၉၅၃ ခုနှစ်က စီရင်ထုံး (တစ်ခု)မှာဆိုရင် အခု ပထမ သတင်းပေးတိုင်ချက်ကို သက်သေခံအဖြစ် လက်မခံခဲ့လို့ စွပ်စွဲခံရသူများကိုတောင် တရားရှင် လွှတ်ပေးခဲ့တဲ့ စီရင်ထုံးတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ပထမ သတင်းပေးတိုင်တန်းချက်ကို သက်သေခံအဖြစ် လက်ခံသင့်မသင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စိုးစိုးအောင်က လာမည့် ၂၆ ရက်နေ့တွင် အမိန့်ချမည် ဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် ကိုအောင်ရဲထွေး သေဆုံးခဲ့သည့်အမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ရန်ပွဲအတွင်း ပါဝင်ခဲ့သည်ဟု စွပ်စွံခံထားရသည့် ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးကို စွဲချက်မတင်မီ အမှုပိတ်သိမ်းကာ တရားရှင် လွှတ်ပေးခဲ့သည်။
ထိုအမှုတွင် အဂတိလိုက်စားမှုများ ရှိသည်ဟု ယူဆပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါအမှုကို ကိုင်တွယ်သည့် ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က စွပ်စွဲခံထားရသူ သန်းထွဋ်အောင်(ခ) သားကြီး၏ ဖခင်ထံမှ ကျပ်သိန်း ၃၀ ကို ယခုနှစ်ဖေဖော်ဝါရီလက တစ်ကြိမ် ယူခဲ့ပြီး သက်သေ ခြောက်ဦး စစ်ဆေးပြီးချိန်တွင် အမှုပိတ်သိမ်းရန် ကျပ်သိန်း ၁၀၀ ဖြင့် သဘောတူထားသည်ကို တွေ့ရကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု တိုင်ကြားစာတွင် ပါဝင်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်၊ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ အဆိုပါအမှုကို ကိုင်တွယ်ခဲ့သည့် ရဲအုပ်ဟောင်းချစ်ကိုကိုနှင့် ခရိုင်ဥပဒေအရာရှိဟောင်း ဒေါ်သစ်သစ်ခင်တို့သည် အမှုပိတ်သိမ်းရာတွင် ကျပ်သိန်း ၇၂၀ နှင့် ဆက်စပ်ပစ္စည်းများ လာဘ်အဖြစ်ရယူခဲ့သည်ဆိုပြီး အမြင့်ဆုံးပြစ်ဒဏ် ၁၀ နှစ်နှင့် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် ကော်မရှင်က တရားစွဲဆိုထားခြင်း ဖြစ်သည်။