(ရန်ကုန်) – နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံရကာ အမှုရင်ဆိုင်နေရသည့်‘ရိုက်တာ’သတင်းထောက် နှစ်ဦးနှင့် ရဲစည်းကမ်းဥပဒေအရ ထောင်ဒဏ် တစ်နှစ် ပြစ်ဒဏ် ကျခံနေရ သည့် ဒုတိယရဲမှူးဟောင်းတို့ သုံးဦးကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ဇွန်လ ၁၂ ရက်နေ့တွင် ဂုဏ်ပြုပွဲကျင်းပမည်ဟု ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးထွန်းကြည်က ပြောသည်။
အကျဉ်းကျဖူးသော သို့မဟုတ် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများနှင့် သတင်းစာဆရာများကို ဂုဏ်ပြုကာ ကူညီထောက်ပံ့မှုပေးရန် ရည်ရွယ်ချက်ဖြင့် သုံးလတစ်ကြိမ် ဂုဏ်ပြုပွဲကျင်းပလာခဲ့သည့် ထိုဖောင်ဒေးရှင်းသည် ယခုတစ်ကြိမ်တွင် အမှုရင်ဆိုင်ဆဲဖြစ်သည့် သတင်းစာဆရာ နှစ်ဦးကို ပထမဆုံးအကြိမ် ထည့်သွင်းဂုဏ်ပြုရန် စီစဉ်ခြင်း ဖြစ်သည်။
ဂုဏ်ပြုရန်ရွေးချယ်ထားသည့် ‘ရိုက်တာ’သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် သတင်းမီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့သူများ မဟုတ်သလို တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားကြသူများ မဟုတ်ကြောင်း၊ သတင်းသမားက သတင်းသမားအလုပ်ကို လုပ်နေကြသူများသာဖြစ်သောကြောင့် ရွေးချယ်ထားရခြင်းဖြစ်ကြောင်း ဦးထွန်းကြည်က ဆိုသည်။
ထို့အပြင် သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က ကြိုတင်ကြံစည်ကာ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း ဖွင့်ချခဲ့သည့် ဒုတိယရဲမှူးဟောင်း ဦးမိုးရန်နိုင်၏ တရားခွင်တွင် အမှန်ကို အမှန်အတိုင်း၊ ဖြောင့်မတ်သောစိတ်ထားဖြင့် ထွက်ဆိုသွားခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ စံပြ လုပ်ရပ်ဖြစ်သည့် အပြင် ၎င်းသည် သတင်းထောက်များ၏ အမှုတွဲဟုပင် ယူဆသည့် အတွက် ၎င်းကိုလည်း ထည့်သွင်းရွေးချယ်ရခြင်း ဖြစ်သည်ဟု ဦးထွန်းကြည်က ဆက်ဆိုသည်။
“ကိစ္စတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ ဥပဒေမဲ့ ထောင်ဖမ်းတယ်ဆိုတာ မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စပဲ။ တည်ဆဲဥပဒေတွေကို ချိုးဖောက်လို့ ဖမ်းတယ်ဆိုရင်တော်သေးတယ်။ အကွက်ဆင် ဖမ်းတာကို ကျွန်တော်တို့က လုံးဝလက်မခံဘူး။ ဦးမိုးရန်နိုင်ဆိုရင်လည်း အမှန်တရားကို ထုတ်ဖော်ပြောလိုက်တာနဲ့ ချက်ချင်းထောင်ချ၊ မိသားစုတွေကိုလည်း နေအိမ်က အတင်းနှင် ထုတ်တဲ့ပုံစံမျိုးဆိုတော့ ကျွန်တော်တို့က သူတို့နဲ့ တစ်သားတည်းရပ်တည်တယ်” ဟု ၎င်းက ဆိုသည်။
သတင်းစာဆရာကြီး ဦးဝင်းတင်ဆိုသည်က သတင်းစာသမားအဖြစ်ရော စံပြလူသားတစ်ဦးအဖြစ်ရော မိမိလေးစားရသောသူ ဖြစ်သောကြောင့် သူ့ကိုအစွဲပြုဖွဲ့စည်းထားသည့် ဖောင်ဒေးရှင်းက ယခုလို မိမိတို့ကို ဂုဏ်ပြုသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း သတင်းထောက် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးက ယနေ့ ဇွန်လ ၅ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြောသည်။
ဂုဏ်ပြုခံရသူများကို ဖောင်ဒေးရှင်းက အခမ်းအနားဖြင့် ဂုဏ်ပြုပြီး ငွေသား ကျပ်နှစ်သိန်း ထောက်ပံ့မည်ဟု ဦးထွန်းကြည်က ပြောသည်။ ကိုဝလုံး၏ဇနီး မပန်းအိမွန်ကမူ ၎င်း၏ခင်ပွန်း အား ငွေကြေးသီးသန့်ထောက်ပံ့မည်ဆိုပါက လက်ခံမည်မဟုတ်ဟု ပြောသည်။
“အခုကို ဂုဏ်ပြုတဲ့အတွက် ကိုဝလုံးရော ကျွန်မရော ဝမ်းသာကြတယ်။ ဦးဝင်းတင်ဆိုတာ လေးစားစရာ လူပုဂ္ဂိုလ်ဖြစ်တယ်။ ကျွန်မအနေနဲ့ ထောက်ပံ့တာမျိုးဆိုရင်တော့ လက်မခံပေမယ့် ဂုဏ်ပြုတာမျိုး အနေနဲ့ဆိုရင်တော့ လက်ခံပါ့မယ်။ ကိုဝလုံးတို့ကို ဒီလိုဂုဏ်ပြုတယ်ဆိုတာ မြန်မာပြည်မှာ ဒါပထမဆုံးပဲ”ဟု ၎င်းက ဇွန်လ ၅ ရက်နေ့တွင် ပြောသည်။
ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက စတင်ဖွဲ့စည်းခဲ့ပြီး ရွေးချယ်ခံရသူများကို အခမ်းအနားပြုလုပ်ကာ ဂုဏ်ပြုပြီး၊ ထောက်ပံ့ငွေပေးအပ်လာခဲ့သည်မှာ ၃၂ ကြိမ် ရှိခဲ့ပြီး ဖြစ်သည်။ လာမည့် ၃၃ ကြိမ်မြောက် အခမ်းအနားကို ရန်ကုန်မြို့တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပမည်ဖြစ်သည်။ တခြား ဂုဏ်ပြုခံရမည့်သူများအမည်ကို ယခုလ ၉ ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်သည်။
‘ရိုက်တာ’သတင်းထောက် နှစ်ဦးသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လ ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာသား ၁၀ ဦး ဥပဒေမဲ့ လူသတ်ခံရသည့်သတင်းကို စုံစမ်းဖော်ထုတ်နေရင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ဖမ်းဆီးခံရကာ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ရုံးတင်စစ်ဆေးခံနေရသည်။
ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ထိုသတင်းထောက်နှစ်ဦးနှင့် တရားမဝင်ဆက်သွယ်သည်ဟု ဆိုကာ ရဲစည်းကမ်းဖောက်ဖျက်မှု ဥပဒေ ပုဒ်မ ၁၆(ခ)ဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရပြီး ယခုနှစ် ဧပြီလမှစ၍ အင်းစိန်ထောင်အတွင်း အကျဉ်းကျနေသူဖြစ်သည်။



