သတင်း

ရိုက်တာသတင်းထောက်များကို ၃ ရက်တိတိ ညမအိပ်စေဘဲ စစ်ကြောရေးပြုလုပ်ခဲ့ဟုဆို

(ရန်ကုန်) – နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ‘ရိုက်တာ’ သတင်းဌာန သတင်းထောက်နှစ်ဦး၏အမှုတွင် ၎င်းတို့ကို ဖမ်းဆီးပြီးနောက် ညတွင်းချင်းပင် ရဲစစ်ကြောရေးစခန်းသို့ပို့ကာ သုံးရက်တိတိ ပေးမအိပ်ဘဲ စစ်မေးကြောင်း၊ သတင်းထောက်တစ်ဦးကိုလည်း ဒူးထောက်ခိုင်းပြီး စစ်မေးကြောင်း သတင်းထောက်နှစ်ဦး၏ရှေ့နေက ပြောသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့ရုံးထုတ်စစ်ဆေးသည့်အတွင်း စွပ်စွဲခံရသူနှစ်ဦး၏ရှေ့နေက တရားလိုပြသက်သေကို ပြန်လှန်မေးခွန်းအဖြစ် ထိုကိစ္စများကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

၎င်း၏အမှုသည်နှစ်ဦးကို ဒီဇင်ဘာလ ၁၂ ရက်နေ့ညတွင် မင်္ဂလာဒုံမြို့နယ်၌ဖမ်းဆီးပြီးပြီးချင်း မရမ်းကုန်းမြို့နယ်ရှိ အောင်သပြေ စစ်ကြောရေးစခန်းသို့ သုံးရက်တိတိ ပေးမအိပ်ဘဲ အဖွဲ့လိုက်စစ်မေးခြင်း၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာမှ တာဝန်ရှိသူများ စစ်မေးခြင်း၊ သတင်းထောက် ကိုကျော်စိုးဦးကို နာရီပေါင်းများစွာကြာအောင် ဒူးထောက် ခိုင်းကာ စစ်မေးခြင်းများ ပြုခဲ့ခြင်းနှင့်ဆိုင်သော မေးခွန်း ၁၀ ခုနီးပါးကို တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က မေးမြန်းခဲ့သည်။

တရားလိုပြသက်သေဖြစ်သော ထောက်ကြန့်နယ်မြေရဲစခန်း၏ စခန်းမှူး ဒုရဲမှူးမြင့်လွင်ကမူ ထိုအချက်များကို ငြင်းဆိုသွားပြီး သတင်းထောက် နှစ်ဦးကို ထောက်ကြန့်ရဲစခန်း၌သာ ဒီဇင်ဘာလ ၂၆ ရက်အထိ ထိန်းသိမ်းထားခဲ့ကြောင်း၊ သတင်းထောက် ကိုကျော်စိုးဦးကို နာရီပေါင်းများစွာ ကြာအောင် ဒူးထောက်ခိုင်းကာ စစ်မေးခြင်းမရှိကြောင်း ရုံးတော်သို့ ထွက်ဆိုသည်။

တရားစွဲခံသတင်းထောက်တစ်ဦးဖြစ်သော ကိုဝလုံးကမူ ၎င်းတရားလိုပြသက်သေသည် မဟုတ်မမှန် လိမ်လည်ထွက်ဆိုခြင်းဖြစ်သည်ဟု ရုံးမှ ပြန်ထွက်သည့်အခါ ပြောသည်။

“ကျွန်တော်တို့ကို အောင်သပြေစစ်ကြောရေးစခန်းကို ခေါ်သွားတယ်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တာကို မဟုတ်ဘူးလို့ ငြင်းဆိုသွားတယ်။ ကျနော် ပြတ်ပြတ်သားသား ပြောချင် ပါတယ်။ ဒါတွေက လိမ်ညာထွက်ဆိုနေတယ်လို့ပဲ။ စစ်ကြောရေးစခန်းမှာ ကျနော်တို့ကို နှစ်နာရီခြားတစ်ခါ မေးခွန်းတွေ မေးနေတယ်။ သုံးရက်နီးပါး ညမအိပ်ရဘူး။ သူပြောတဲ့ ထောက်ကြန့်ရဲစခန်းမှာ နေခဲ့ရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး” ဟု သတင်းထောက် ကိုဝလုံးက တရားခွင်အပြီးတွင် ပြောသည်။

တရားလိုပြသက်သေ ဒုရဲမှူးမြင့်လွင်က သတင်းထောက်နှစ်ဦးကို ထောက်ကြန့်ရဲစခန်း၌ ဒီဇင်ဘာလ ၂၆ ရက်အထိ ချုပ်ထားသည်ဟု ပြောသော်လည်း ၎င်းတို့အဖမ်းခံရပြီး နှစ်ရက်အကြာ တွင် ကိုဝလုံး၏ ဇနီးနှင့် မိသားစုဝင်များ ထောက်ကြန့် ရဲစခန်းသို့ လိုက်သွားသည့်အခါ စခန်းတာဝန်ရှိသူများက သတင်းထောက်နှစ်ဦးကို ထိုရဲစခန်းတွင် မချုပ်ထားကြောင်း ပြန်ဖြေခဲ့သည့်အချက်ကိုလည်း ဦးသန်းဇော်အောင်က တရားလိုပြသက်သေကို တရားခွင်အတွင်း မေးမြန်းခဲ့သည်။

ထို့အပြင် သတင်းထောက်များ၏ ရှေ့နေများကိုယ်တိုင် အဆိုပါ ရဲစခန်းသို့ သွားရောက်ခဲ့ရာတွင်လည်း ဥပဒေအရ ခုခံကာကွယ်ပိုင်ခွင့်အတွက် သတင်းထောက်များကို တွေ့ဆုံခွင့်မရရှိခဲ့ဟု ၎င်းက ဆက် ပြောသည်။

“ကိုကျော်စိုးဦးကို နာရီပေါင်းများစွာ ဒူးထောက်စစ်ဆေးခဲ့တာဟာ နိုင်ငံတကာလူ့အခွင့်အရေးကို ဆန့်ကျင်တယ်။ နောက်ပြီး ဒီနေ့စစ်ဆေးချက်တွေမှာ အောင်သပြေစစ်ကြောရေးမှာ စစ်မေးခဲ့တာတွေကို ဖုံးဖိချင်တဲ့ သဘောတော့ရှိတယ်။ အဲ့ဒီမှာ စစ်မေးတာမှာ အဖွဲ့စုံပါတယ်” ဟု ဦးသန်းဇော်အောင်က ပြောသည်။

ထိုသတင်းထောက်များနှင့်ဆက်သွယ်သည်ဟုဆိုကာ ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ချခံထားရသည့် ဒုရဲမှူးဟောင်း (ဦး) မိုးရန်နိုင်၏ ယခင်ထွက်ဆိုချက်တစ်ခုအရ သတင်းထောက်နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းပေါ်ရှိ စားသောက်ဆိုင် တစ်ဆိုင်မှ ပြန်အထွက်တွင် ဖမ်းဆီးခဲ့သည်ဟု ဆိုခဲ့သော်လည်း ဒုရဲမှူးမြင့်လွင်က ထိုအချက်ကို ငြင်းဆိုပြီး ၎င်းတို့နှစ်ဦးကို အမှတ် (၃) လမ်းနှင့် နီလာလမ်းထောင့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခဲ့သည့်နေရာကို မြေပုံကြမ်းနှင့်တကွ တရားရုံးတော်သို့ တင်ပြပြီး ထိုအချက် အတိုင်းသာ ထွက်ဆိုခဲ့သည်။

ထို့အပြင် ဦးမိုးရန်နိုင်၏ ထွက်ချက်ဟောင်းအရ သတင်းထောက်များအား အဓိက လျှို့ဝှက်စာရွက်စာတမ်းများ ပေးအပ်ရန် ရဲမှူးချုပ်တင်ကိုကိုက စေခိုင်းသည်ဟု ဆိုထားသည့် အမှတ် (၈) ရဲတပ်ရင်းမှ ဒုတပ်ကြပ်နိုင်လင်းနှင့် အတူ အဆိုပါရဲတပ်ရင်းမှ မည်သူတဦးတစ်ယောက်ကိုမျှ ရဲစခန်းတွင် သက်သေအဖြစ် စစ်မေးခဲ့ခြင်းမရှိခဲ့ကြောင်း ဒုရဲမှူးမြင့်လွင်က တရားခွင် တွင် ထွက်ဆိုခဲ့သည်။

ဒုတပ်ကြပ်နိုင်လင်းကမူ ၎င်းကို ရဲမှူးချုပ်တင်ကိုကိုက ထိုကဲ့သို့ သတင်းထောက်များအား ထောင်ချောင်ဆင် ဖမ်းရန်အတွက် စေခိုင်းခဲ့ခြင်းမရှိပါဟု ရှေ့ရုံးချိန်းတစ်ခုတွင် ထွက်ဆိုဖူး သည်။

ယနေ့(ဇွန် ၁၁) ရက်နေ့ လာရောက်ထွက်ဆိုသည့် တရားလိုပြသက်သေ၏ ထွက်ဆိုချက်များသည် ယခင်ထွက်ဆိုခဲ့သည့် တရားလိုပြသက်သေများနှင့် တချို့အချက်များ ကွဲလွဲနေသလို သတင်းထောက်များက မိမိတို့ရှေ့နေဘက်ကို ပြောဆိုခဲ့သည့် အချက်များနှင့်လည်း ကွဲလွဲချက်များရှိနေကြောင်း ဦးသန်းဇော်အောင်က တရားခွင်အပြီးတွင် ပြောကြားသည်။

နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သော ‘ရိုက်တာ (Reuters)’ မှ သတင်းထောက် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လ ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ပဋိပက္ခအတွင်း မွတ်စလင် အမျိုးသား ၁၀ ဦးကို မောင်တောခရိုင် အင်းဒင်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ.များက ဥပဒေမဲ့ သတ်ပစ်ခဲ့သည့်သတင်းကို စုံစမ်းဖော်ထုတ်နေရင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း မင်္ဂလာဒုံမြို့နယ်၌ ဖမ်းဆီးခံရကာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် ရုံးတင်စစ်ဆေးခံနေရသည်။

Show More

Related Articles

Back to top button