သတင်း

ပုသိမ်ထောင်တွင် ၂ ခြောက်လုံးနေ့ ဆန္ဒပြသူ ၅ ဦး တိုက်ပိတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) ၂ ခြောက်လုံးသပိတ်၌ ပူးပေါင်းပါဝင်ခဲ့သော နိုင်ငံရေးအကျဉ်းသားများအနက် ၅ ဦး တိုက်ပိတ်ခံရသည်ဟု ကြားသိရကြောင်း ထောင်တွင်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ ပုသိမ်ထောင်ထဲက နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်က မနေ့က နေ့ခင်း ၂ နာရီမှာပေါ့။ အခန်းတိုင်းလိုလိုမှာ နိုင်ငံရေးသမားတွေပေါင်းပြီး ‘အရေးတော်ပုံ အောင်ရမည်’ လို့  ၃ ခါအော်တယ်။ အော်တာကတော့ (လူ) အများကြီး အော်တာပေါ့” ဟု ထိုသူက ဆိုသည်။ 

ထိုသို့ ဆန္ဒပြကြွေးကြော်ခဲ့ပြီးနောက် နာရီဝက်ခန့်အကြာတွင် ဆန္ဒပြရန် ခေါင်းဆောင်ခဲ့သူဟု အာဏာပိုင်များက ယူဆသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦးကို လာရောက်ခေါ်ဆောင်သွားသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။ 

“ကြားတာကတော့ ၂ ယောက်ပဲ ကြားတယ်။ ကိုဝင်းထွန်းနိုင်ပေါ့။ သူက ပုသိမ်ကပဲ။ ဖမ်းခံရတာကတော့ ရန်ကုန်မှာ အဖမ်းခံရတာ။ ပုသိမ်သပိတ်ခေါင်းဆောင်အဖြစ် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးတော့ ရှောင်နေရင်း အဖမ်းခံရတာ” ဟု သူက ဆိုသည်။ 

“နောက်တစ်ယောက်က ကန်ကြီးထောင့်က ကိုစည်သူအောင်။ အစက သူ့ကို ကန်ကြီးထောင့်ထွေအုပ်ကနေ ဘေးစီမံပုဒ်မ ၂၅ နဲ့ ဖမ်းထားတယ်။ ရန်ကုန်-ပုသိမ်လမ်း ကျောင်းကုန်းနားမှာ အဖမ်းခံရတာ။ အဖမ်းခံရပြီး အခု ထောင်မှာပေါ့။ ကျန်တဲ့ ၅၀၅ (က) တို့၊ အကြမ်းဖက်ဥပဒေနဲ့ တပ်ထားတယ်”  

တော်လှန်ရေးအင်အားစုများက ၂ ဂဏန်း အများအပြားပါဝင်သော ၂ လ ပိုင်း ၂၂ ရက်နေ့တွင် နိုင်ငံအနှံ့အပြားမှ ပြည်သူလူထု သနပ်ခါးလိမ်း/ခမောက်ဆောင်း၊ ပန်းပန်ရန် နှိုးဆော်ထားကြရာ ပုသိမ်ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

“မနေ့က ပုသိမ်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ သနပ်ခါးလိမ်းထားကြတယ်။ သနပ်ခါးလိမ်းပြီး ဒီ ၂ ခြောက်လုံးသပိတ်ကို ပါဝင်တယ်ပေါ့” ဟု ထိုအမျိုးသားက ထောင်တွင်းသတင်းရင်းမြစ်ကို ကိုးကား၍ ယနေ့ ပြောသည်။ 

ပုသိမ်ထောင်၌ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ဆက်စပ်ပြီး အထိန်းသိမ်းခံနေရသူ အမျိုးသမီး ၃၀ ကျော်၊ အမျိုးသား ၂၈၀ ကျော် ရှိသည်။ 

ပုသိမ်ထောင်တွင်းသတင်းရင်းမြစ်တစ်ခုကလည်း အဆိုပါ ၅ ဦး တိုက်ပိတ်ခံထားရသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။ 

အကျဉ်းထောင်အတွင်း တိုက်ပိတ်ခြင်းဆိုသည်မှာ အကျဉ်းသားကို လေဝင်လေထွက်၊ အလင်းရောင် မရှိသော အခန်းကျဉ်းထဲတွင် အချိန်ပြည့် ပိတ်လှောင်ထားခြင်းဖြစ်ပြီး ထိုအကျဉ်းသားမှာ အပြင်ထွက် လမ်းလျှောက်ခွင့်၊ ရေချိုးခွင့် မရရှိပေ။ 

တိုက်ပိတ်ခံထားရသည့် ကိုဝင်းထွန်းနိုင်သည် ပုသိမ်မြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခြင်းကြောင့် စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံရပြီး တိမ်းရှောင်နေစဉ် ယမန်နှစ် ဇွန်လ ၂၈ က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။

ထို့နောက် ရန်ကုန်တွင် တစ်ပတ်ကြာ စစ်ဆေးခဲ့ပြီး ပုသိမ်သို့ ပြောင်းရွှေ့ခံရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၁၀ ထုတ်ပြန်ချက်အရ သိရသည်။

ကန်ကြီးထောင့်မြို့နယ်မှ ကိုစည်သူအောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တစ်ဦးဖြစ်ပြီး ၎င်းအပါအဝင် ၃ ဦးကို ၂၀၂၁ စက်တင်ဘာလ ၁၈ တွင် ရန်ကုန်-ပုသိမ်ကားလမ်းတွင် ပိတ်ဆို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

စတင်ဖမ်းဆီးခံရစဉ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ဖြင့် အမှုဖွင့်ခံရပြီးနောက် ယခုအခါ အခြားပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည်။

အင်းစိန်ထောင်၊ လွိုင်ကော်ထောင်တို့တွင်လည်း ၂ ခြောက်လုံးသပိတ်လှုပ်ရှားမှု ပေါ်ပေါက်ခဲ့ကြောင်း ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ 

အင်းစိန်ထောင် နရသိန်အချုပ်ဆောင်မှ အမျိုးသမီးနိုင်ငံရေးကျဉ်းသားများက ၂ ခြောက်လုံးအထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင်တွင်းမှ အင်္ကျီဖြူတစ်ထည်ပေါ်တွင် စုပေါင်းလက်မှတ်ထိုးကာ ပြင်ပရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများနှင့် တစ်သားတည်းရပ်တည်ကြောင်း သတင်းစကားပေးပို့ခဲ့ကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု (AJMM) နှင့် သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တို့က အဆိုပါ လက်မှတ်ပုံများပါဝင်သည့် အင်္ကျီဖြူများရိုက်နှိပ်ဝတ်ဆင်ကာ ဖြန့်ဝေခဲ့ကြသည်။

အကျဉ်းထောင်အတွင်းမှ ရဲဘော်များ ပေးပို့သည့် လက်မှတ်ပါအင်္ကျီ။ (ဓာတ်ပုံ-AJMM,STUM)

အင်းစိန်ထောင်တွင်းမှ ပေါက်ကြားလာသည်ဟု ယူဆရသည့် စာ ၃ စောင် ယမန်နေ့က လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး နိုင်ကျဉ်းအများအပြားက ထိုနေ့တွင် တိုင်းရင်းသားလုံချည်များ ဝတ်ဆင်၍ သနပ်ခါးလိမ်းကာ ပါဝင်ခဲ့ကြပြီး ၅ မိနစ် ငြိမ်သက်တိတ်ဆိတ်ခဲ့ကြသည်ဟု ဖော်ပြထားသည်။ 

ထိုစာတွင် ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အတူတကွရှိကြောင်း ပြသသည့်အနေဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ 

ယမန်နှစ် ဒီဇင်ဘာ ၁၀ လူ့အခွင့်အရေးနေ့တွင် တစ်နိုင်ငံလုံး ပါဝင်ခဲ့သည့် ဒုတိယအကြိမ်အသံတိတ်သပိတ်တွင်လည်း အင်းစိန်ထောင်တွင်းမှ နိုင်ကျဉ်းများလည်း ပါဝင်ခဲ့ကြသလို ဖေဖော်ဝါရီ ၁ မှ ၁၂ အထိ ထောင်ထမင်း /ဟင်း ကို ငြင်းဆန်သည့်နည်းဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့် တစ်သားတည်းရပ်တည်ကြောင်း ပြသခဲ့ကြသည်။ 

ယမန်နှစ်ဇူလိုင်အတွင်း အသံတိတ်ဆန္ဒပြခြင်း၊ အာဏာရှင်ဆန့်ကျင်ရေး သီချင်းသီဆိုခြင်းများကြောင့် လူငယ်ကျောင်းသားသမဂ္ဂခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ကို ထောင်အာဏာပိုင်များက သတိလစ် မေ့မြောသည်အထိ ရိုက်နှက်ကာ တိုက်ပိတ်ခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာများကို ဆေးကုသခွင့်မပေးခြင်းမျိုးအထိ အင်းစိန်ထောင်၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြသည်။

အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး ဆက်လက်ဖမ်းဆီးခံထားရသူ အရေအတွက် ၉၃၁၃ ဦး အနည်းဆုံးရှိသည်ဟု AAPP ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုအထဲမှ ၇၅၄ ဦးကို ထောင်ဒဏ်စီရင်ထားပြီးဖြစ်သည်ဟု သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button