သတင်း

သတင်းထောက်နှစ်ဦးကို စွဲချက်တင်မတင် ရှေ့တစ်ပတ်တွင် ဆုံးဖြတ်မည်

(ရန်ကုန်) – နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံထားရသော ရိုက်တာသတင်းထောက်များကို စွဲချက် တင်သင့်မသင့်နှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက ယနေ့ လျှောက်လဲခဲ့ကြ ပြီးနောက် တစ်ပတ်အကြာ လာမည့် ဇူလိုင်လ ၉ ရက်နေ့ တွင် အပြီးသတ် အမိန့်ချသွားမည်ဟု ရန်ကုန် မြောက်ပိုင်းခရိုင် တရားသူကြီးက ပြောသည်။

တရားလို ရှေ့နေ ဦးကျော်မင်းအောင်က စွပ်စွဲခံရသူ သတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို တရားရှင် လွှတ်ပေးမည့်အစား ပြန်လည်ဖြေရှင်းခွင့်ပေးခဲ့မည်ဆိုလျှင် တရားစီရင်ရာတွင် အမှန်တရား ပေါ်ပေါက်စေခြင်း၊ တရားရုံးကလည်း ဆီလျော်သည့်အချက်အလက်များကို စိစစ်ပြီးမှ ဆုံးဖြတ်မည် ဆိုလျှင် အများအမြင် ရှင်းခြင်းတို့ကြောင့် စွဲချက်တင် ဖြေရှင်းစေသင့်ကြောင်း၊ “စွဲချက်တင်တာ အပြစ်ပေးတာမဟုတ်ပါ” ဆိုသည့် စီရင်ထုံးကို ဥပမာပြုကာ လျှောက်လဲခဲ့သည်။

သို့ရာတွင် သတင်းထောက်များ၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က သတင်းထောက်များ၏အမှုတွင် အစိုးရလျှို့ဝှက်ချက်များဥပဒေအရ ပြစ်မှုအင်္ဂါရပ် တစ်ခုချင်းစီအလိုက် တရားလိုဘက်က ခိုင်လုံသော သက်သေခံအထောက်အထားများနှင့် သက်သေထူနိုင်ကြောင်း စစ်ဆေး ပေါ်ပေါက်မှသာ စွဲချက်တင်ဖြေရှင်းစေသင့်ကြောင်း၊ သက်သေ ပြရန်တာဝန်မှာ တရားလို၏တာဝန်သာဖြစ်ပြီး ထင်ရှားအောင် မပြသနိုင်ပါက စွပ်စွဲခံရသူများကို တရားရှင်လွှတ်ရမည်သာဖြစ်ကြောင်း တရားခွင်အတွင်း လျှောက်လဲချက်ပေးသည်။

“ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က သတင်းထောက်တွေရဲ့တာဝန်ကို လုပ်ကြတာဖြစ်တယ်။ သူ့အလုပ်သူ လုပ်တာ ဖြစ်တဲ့အတွက် အပြစ်မရှိဘူး။ စွဲချက်တင်တာ အပြစ်ပေးခြင်း မဟုတ် စေကာမူ စွဲချက်တင်လောက်တဲ့ အချက်အလက်တွေ မရှိဘဲနဲ့ တင်မယ်ဆိုရင် စွပ်စွဲခံရသူတွေ နစ်နာစေတယ်။ တရားစီရင်ရေး လမ်းကြောင်းကို တိမ်းစောင်းစေတယ်။ နိုင်ငံတော်က ကတိကဝတ် ပြုထားတဲ့ ပွင့်လင်းမြင်သာရေး၊ ဥပဒေ စိုးမိုးရေး တည့်မတ်ဖို့ ဆိုရင် အပြစ်မဲ့သူတွေကို ဒီအဆင့်မှာ စွဲချက်မတင်ဘဲ လွှတ်ပေးသင့်တယ်လို့ တင်ပြခဲ့ တယ်” ဟု ၎င်းက တရားခွင်မှ အထွက်တွင် ပြောသည်။

စွပ်စွဲခံရသူ ရိုက်တာသတင်းထောက် ကိုဝလုံးက မိမိတို့ ဥပဒေချိုးဖောက်ကြောင်း အထောက်အထားတစ်ခုကိုမျှ တရားစွဲဆိုသူများဘက်က မတင်ပြနိုင်သေးသဖြင့် မကြာမီတွင် အမှန် တရား ပေါ်ပေါက်လာတော့မည်ဟု ထင်မြင်ကြောင်း၊ မိမိတို့ ကိုယ်တိုင်က တရားစီရင်ရေးကို အပြည့်အဝယုံကြည်ထားကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ အတွက် ယခုအမှုက စံပြဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း တရားခွင်မှ အထွက်တွင် ပြောသည်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ) အရ “နိုင်ငံ့လုံခြုံရေး သို့မဟုတ် အကျိုး”ကိုထိခိုက် စေရန် မည်သည့်လျှို့ဝှက်ချက်ကိုမဆို ရယူခြင်း၊ သို့မဟုတ် “ရန်သူ”အား ပေးခြင်း စသည်တို့ကို ပြစ်မှုမြောက်သည်ဟု ပြဋ္ဌာန်းထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်ဟု ဆိုထားသည်။

နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သော ‘ရိုက်တာ (Reuters)’ မှ သတင်းထောက် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိ ရဲစခန်းအချို့ကို မွတ်စလင် လက်နက်ကိုင်များက ဝင်ရောက် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နောက်ပိုင်း တပ်မတော်က နယ်မြေ ရှင်းလင်းစဉ် မွတ်စလင် အမျိုးသား ၁၀ ဦးကို မောင်တောခရိုင် အင်းဒင်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်သည့်သတင်းကို စုံစမ်းဖော်ထုတ်နေရင်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရန်ကုန်၌ ဖမ်းဆီးခံရကာ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် ရုံးတင်စစ်ဆေးခံနေရခြင်းဖြစ်သည်။

သတင်းထောက်များက ၎င်းတို့ကို ရဲတပ်ဖွဲ့ဝင်များက မည်သည့်စာရွက်မှန်းမသိရသော စာရွက်စာတမ်းအချို့ကို  ဆက်သွယ် ပေးအပ်ခဲ့ခြင်းသာဖြစ်ပြီး တရားလိုရဲတပ်ဖွဲ့ဘက်ကမူ ၎င်းတို့နှစ်ဦးကို လျှို့ဝှက် စာရွက်စာတမ်းများနှင့်အတူ တွေ့ခဲ့သည်ဟု ဆိုသည်။ သို့သော် ရဲတပ်ဖွဲ့ဘက်မှ အရေးကြီး တရားလို သက်သေတစ်ဦး ဖြစ်သူ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကမူ  သတင်းထောက်နှစ်ဦးသည် မတရားသဖြင့် အမှုဆင်ကာ ဖမ်းဆီးခံခဲ့ရ ခြင်းသာဖြစ်သည်ဟု ဆိုသည်။

ထိုသို့ထွက်ဆိုပြီးနောက် ဦးမိုးရန်နိုင်ကိုလည်း ရဲတပ်ဖွဲ့မှ ထုတ်ပယ်ကာ ရဲစည်းကမ်းဥပဒေအရ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

Show More

Related Articles

Back to top button