
(ရန်ကုန်) – အစိုးရလျှို့ဝှက်စာတမ်းများကို နိုင်ငံခြားသတင်းဌာနများအား ရောင်းစားရန် ကြံစည်ခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအရ စွဲချက်တင် စစ်ဆေးခံနေရသော ရိုက်တာ (Reuters) သတင်းထောက်နှစ်ဦးကို ယခုလ ၂၇ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည်ဟု ရန်ကုန် မြောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး ဦးရဲလွင်က ယနေ့တွင် ဆုံးဖြတ်ခဲ့သည်။
ယနေ့တရားခွင်တွင် တရားလို၊ စွပ်စွဲခံရသူ နှစ်ဖက်လုံး၏ ရှေ့နေများက အပြီးသတ်လျှောက်လဲခဲ့ကြပြီး စွပ်စွဲခံရသူများက မြန်မာနိုင်ငံ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် တရားမျှတသော ဆုံးဖြတ်ချက်များ ချမှတ်မည်ဟု မျှော်လင့်ကြောင်း တရားခွင်အပြီးတွင် ပြောသည်။
“ကျွန်တော်တို့ဟာ သတင်းသမားဖြစ်တဲ့အတိုင်း သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာအပြစ်တစ်ခုမှ မလုပ်ခဲ့ပါဘူး။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ကို မျှတတဲ့စီရင်မှုမျိုး ရလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု တရားစွဲခံထားရသူ သတင်းထောက် ကိုဝလုံး(ခ) ကိုသက်ဦးမောင်က တရားခွင်မှအထွက်တွင် သတင်းထောက်များ ကို ပြောသည်။
ထို့အပြင် လက်ဝယ်တွေ့ရှိသည်ဆိုသည့် လျှို့ဝှက်စာရွက်များ၊ ဖုန်းအတွင်းမှ တွေ့ရှိသည့်စာရွက်များနှင့် ပတ်သက်ပြီး တရားလိုဘက်က သက်သေထင်ရှားမပြနိုင်သေးသည့်အပြင် လျှို့ဝှက်ချက်ဥပဒေ ပြဋ္ဌာန်းချက်တွင် “ရန်သူသို့ ပေးပို့ခြင်း”ဆိုသည့် အချက်နှင့် ကိုက်ညီမှုရှိစေရန် ရခိုင်လက်နက်ကိုင်အဖွဲ့ ဖြစ်သော ရက္ခိုင့်တပ်မတော် (AA) မှ အရာရှိများ၏ ဖုန်းနံပါတ်များကို မှတ်စုစာအုပ်တွင် တွေ့ရှိသည်ဆိုသည့်အချက်ကို ထည့်သွင်းပြောကြားခဲ့သည်ဟု စွပ်စွဲခံရသူများ၏ ရှေ့နေ ဦးခင်မောင်ဇော်က တရားခွင်အပြီးတွင် မှတ်ချက်ပြုသည်။
စွပ်စွဲခံရသူများသည် သတင်းထောက်များဖြစ်ကြောင်း ရုံးတော်တွင် ထင်ရှားပြီးဖြစ်သလို ရခိုင်ပြည်နယ်တွင် လုံခြုံရေးအဖွဲ့အစည်းများ၏ တရားမဝင်လုပ်ရပ်များကို စုံစမ်းဖော်ထုတ်နေမှု ရပ်တန့်ရေးအတွက် ထောင်ချောက်ဆင်ဖမ်းဆီးခြင်းကို တရားလိုပြသက်သေဖြစ်သူ ဒုရဲမှူးဟောင်းဦးမိုးရန်နိုင်က အသေးစိတ် ထွက်ဆိုသွားပြီးဖြစ်ကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသော တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က စတင်လျှောက်လဲခဲ့သည်။
ထို့အပြင် လက်ဝယ်တွေ့ရှိခဲ့သည့် လျှို့ဝှက်စာများဆိုသည်က မည်သို့လက်ထဲရောက်နေကြောင်းကို တရားလိုဘက်က သက်သေမပြနိုင်သလို ၎င်း၏အမှုသည်များ အပြစ်ရှိနေကြောင်း ထင်ရှားအောင် သက်သေ မပြနိုင်ခဲ့ ကြောင်း၊ ဖုန်းအတွင်းမှ လျှို့ဝှက်စာများ တွေ့ရှိသည်ဆိုသည့်အချက်များ အားလုံးကလည်း ရန်သူများ အသုံးပြုရန် သို့မဟုတ် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်အောင် မသမာသည့်နည်းလမ်းဖြင့် အသုံးပြုရန်၊ ပေးပို့ရန်ဖြစ်ကြောင်းကိုလည်း တရားလိုဘက်က သက်သေမပြနိုင်ခဲ့ကြောင်း ဆက်လက်လျှောက်လဲသည်။
တရားလိုဘက်ကမူ သတင်းထောက်နှစ်ဦး၏ဖုန်းအတွင်း တွေ့ရှိခဲ့သည့် လျှို့ဝှက်စာရွက်များကလည်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းသုံးလက်စွဲတွင် ထိပ်တန်းလျှို့ဝှက်အဆင့်များ ဖြစ်ကြောင်း၊ ထိုလုံခြုံရေး အဆင့်သတ်မှတ်ထားသည့် စာရွက်များသည် သတင်းထောက်များနှင့် စပ်ဆိုင်မှုမရှိ၊ တောင်းယူခွင့်မရှိသည့် စာရွက်စာတမ်းများ ဖြစ်နေကြောင်း လျှောက်လဲသည်။
“ရိုက်တာသတင်းဌာနဆိုတာ နိုင်ငံခြားသတင်းဌာန။ တာဝန်ထမ်းဆောင်နေသူတွေက သူတို့တွေ။ စွပ်စွဲခံရသူတွေကို ဒေါ်လာနဲ့ပေးတာ။ သူတို့ဆောင်ရွက်ရတာက ရိုက်တာသတင်းဌာန အကျိုး။ ငွေပေးသူက သတင်းယူတယ်။ ဒါ သတင်းရောင်းစားတဲ့ သတင်းဌာနဖြစ်တယ်”ဟု တရားလိုရှေ့နေ ဥပဒေအရာရှိ ဦးကျော်မင်းအောင်က လျှောက်လဲချက်ပေးသည်။
တရားခံရှေ့နေက ငယ်ရွယ်သူအိမ်ထောင်ရှင်များဖြစ်သည့် ၎င်း၏အမှုသည်နှစ်ဦးကို လူမှုရေးရှုထောင့်မှ ကြည့်၍ စဉ်းစားပေးရန် ရုံးတော်သို့ ပန်ကြားသည်။
“ကျွန်တော် အရဲစွန့်ပြီး ထပ်မံလျှောက်လဲရမယ်ဆိုရင် တကယ်လို့များ ရုံးတော်မှ နှစ်ဖက်ကြားနာပြီး ပြစ်မှုထင်ရှားမယ်လို့ ယူဆပြီး စီရင်မယ်ဆိုရင်တောင် အခု သူတို့ ကိုးလကျော် အချုပ်ကျနေပါတယ်။ ပြစ်ဒဏ်ချတာမှာ ချုပ်ရက်နဲ့ပဲ လွတ်သွားမယ့်ပြစ်ဒဏ်မျိုးဆိုရင် အားလုံးစိတ်ချမ်းသာ သွားကြမှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်”ဟု ရှေ့နေ ဦးခင်မောင်ဇော်က သူ၏ အပြီးသတ်လျှောက်လဲချက်နိဂုံးတွင် ပြောခဲ့သည်။
နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သည့် ရိုက်တာ (Reuters) သတင်းဌာနမှ ဌာနေသတင်းထောက်များ ဖြစ်ကြသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင် အင်းဒင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မွတ်စလင်အမျိုးသား ၁၀ ဦး အသတ်ခံရသည့်ဖြစ်စဉ်ကို ဖော်ထုတ်ရန် သတင်းလိုက်ရင်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၌ ရဲတပ်ဖွဲ့၏အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းထောက်နှစ်ဦးကို ရပ်တန့်ရှာဖွေစဉ် နိုင်ငံတော် လုံခြုံရေး နှင့်ဆိုင်သည့် လျှို့ဝှက်စာတမ်းများကို တွေ့ရသည်ဟု စွပ်စွဲပြီး သတင်းထောက်များဘက်ကမူ ရဲတပ်ဖွဲ့ဘက်က သတင်းပေးမည်ဟုဆိုကာ ချိန်းဆိုသဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ထဲသို့ စာရွက်စာတမ်းတချို့ထည့်ပေးလိုက်ပြီးမှ အဖမ်းခံရ ခြင်းဖြစ်ကြောင်း၊ စစ်ကြောရေးတွင်လည်း အိပ်စက်ချိန် မပေးခြင်း၊ နာရီပေါင်းများစွာ ဒူးထောက်ခိုင်းခြင်း၊ မိသားစုနှင့်ရှေ့နေတို့နှင့် တွေ့ခွင့်မရခြင်း စသည်တို့ကိုလည်း ကြုံခဲ့ရကြောင်း ရုံးတော်သို့ ထွက်ဆိုခဲ့ပြီးဖြစ်သည်။