စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်းငယ်တစ်ခု ယမန်နေ့ (ဖေဖော်ဝါရီ ၂၀) တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ အဖွဲ့ခေါင်းဆောင်အပါအဝင် ၅ ဦး သေဆုံးခဲ့သည်။
ခင်ဦးမြို့ မြောက်ဘက် ၂ မိုင်ခန့်အကွာ သရက်ကန်ကျေးရွာအနီးရှိ ထိုစခန်းကို အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့က စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု ထိုစခန်းမှ လွတ်မြောက်လာသော ကိုတောကြက်ဖဟု သူ့ကိုယ်သူ မိတ်ဆက်သူက ပြောသည်။
“သူတို့က မနက်လင်းပိုင်း မနက် ၅ နာရီလောက်ကတည်းက စကပ်တယ်။ ၆ နာရီလောက်မှာ ကျွန်တော်တို့ဆီကို လက်နက်ကြီးတွေနဲ့ စပစ်တော့တာပဲ” ဟု ကိုတောကြက်ဖက ဆိုသည်။
ထိုစခန်း ဇန်နဝါရီ ၂၅ တွင် စီးနင်းခံရစဉ်ကလည်း ပကဖအဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည်ဟု သူက ပြောသည်။
“ခုတစ်ခါတော့ ကျွန်တော်တို့ဗိုလ်ကြီး အပါအဝင် ၅ ယောက်ကျတယ်။ စစဝင်ဝင်ချင်းတုန်းက လက်နက်ငယ်နဲ့ မပစ်တော့ဘူး။ လက်နက်ကြီးတွေနဲ့ ပစ်တာ။ အီနာဂါ (ရိုင်ဖယ်ဗုံးသီး) သုံးတယ်။ ၄၀ မမ သုံးတယ်” ဟု ကိုတောကြက်ဖက ပြောသည်။
“ပြီးပြီဆိုတော့မှ ကျွန်တော်တို့ဘက်ကို အသာစီးရပြီဆိုတော့မှ လိုက်တော့တာပေါ့။ အဲဒီတော့ ကျွန်တော်တို့လည်း ပြေးရင်းဆုတ်ရင်းနဲ့ ပြန်ခံပစ်ခဲ့ရတာ”
စီးနင်းမှုတွင် ၃၈ နှစ်အရွယ် အဖွဲ့ခေါင်းဆောင် ကိုမိုးဝင်း၊ ၁၈ နှစ်အရွယ် ကိုဉာဏ်လင်းအောင်၊ ၂၂ နှစ်အရွယ် ကိုရသ၊ အသက် ၄၀ အရွယ် ကိုမောက်ကြီး၊ ၂၆ နှစ်အရွယ် ကိုထက်တို့ သေဆုံးခဲ့ခြင်းဖြစ်သည်။
လက်နက်ကြီးထိကာ ဒဏ်ရာရသွားသည့် ပကဖအဖွဲ့ခေါင်းဆောင်မှာ ခေါင်းဖြတ်သတ်ခံရခြင်း ဖြစ်သည်ဟု ထိုစခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် အထက်ပါအမျိုးသားက အခိုင်အမာပြောသည်။
“အရှင်လတ်လတ်ကိုမှ သတ်တာ။ လက်နက်ကြီးထိသွားတဲ့အချိန်မှာ နောက်ကနေ ပြေးလိုက်လာပြီးတော့ ဓားနဲ့ (ခေါင်း)ဖြတ်သွားတာ။ ဒီကိစ္စကတော့ လူမဆန်တာပေါ့။ ဗိုလ်ကြီးနဲ့ ဖုန်းဆက်နေတုန်း။ ဖုန်းပြောရင်းတန်းလန်း ဖုန်းမချရသေးဘူး။ ဒါ မိုးဝင်းပဲတဲ့။ ဒါ သရက်ကန်က ခေါင်းဆောင် ဗိုလ်ကြီးပဲတဲ့။ မိုးဝင်းဆိုရင် ခေါင်းဖြတ်ခဲ့ဆိုတာ ဖုန်းသံထဲကနေ ကြားနေရတာ” ဟု ဆိုသည်။
ယမန်နေ့ ညနေပိုင်းတွင် ထိုနေရာသို့ သွားရောက်ကြည့်ရှုသည့်အခါ ခေါင်းတခြား၊ ကိုယ်တခြားဖြစ်နေသော ခေါင်းဆောင်၏ ရုပ်အလောင်းကို တွေ့ခဲ့ရပြီး ပြန်လည်ကောက်ယူခဲ့ကြကြောင်း၊ ရုပ်အလောင်းများကို ယနေ့ (ဖေဖော်ဝါရီ ၂၁) မွန်းလွဲတွင် သင်္ဂြိုဟ်ခဲ့ကြကြောင်း သိရသည်။
စခန်းကို စီးနင်းဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ ပြန်ထွက်ခွာသွားသော်လည်း ထိုရွာမှ ရွာသူရွာသားများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
အလားတူ မြင်းမူမြို့နယ်၊ စံဒင်ကင်းကျေးရွာအနီးမှ Black Eagle ပြောက်ကျားအဖွဲ့၏ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်များက ထိုးစစ်ဆင် စီးနင်းခဲ့ရာတွင် ၂ ဦး သေဆုံးကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၇ ဦးတို့ ဖမ်းဆီးခံရသည်။
ကျန်အဖွဲ့ဝင်များလည်း တိမ်းရှောင်နေကြကြောင်း သိရသည်။
စခန်းစီးနင်းခံရရာတွင် လက်လုပ်အများအပြားသိမ်းဆည်းခံရပြီး အရှည် ၄၀ ကျော်၊ စိန်ပြောင်း ၅ လက်နှင့် အတို ၁၂ လက်၊ ကျည်များ၊ ထုတ်လုပ်ရေးပစ္စည်းများသိမ်းဆည်းခံခဲ့ရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ရွာများကို စစ်ကြောင်းထိုး တိုက်ခိုက်နေသည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ပြန်ခုခံနေရသည့် ဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ) များ လက်နက်အင်အား မမျှသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခင်ဦး၊ ကန့်ဘလူ၊ ထီးချိုင့် ဒေသများတွင် တစ်နေ့တည်း အများအပြားသေဆုံးခဲ့ရသည်။
ခင်ဦးမြို့နယ်၊ မြို့သစ်ရွာအနီး ဖေဖော်ဝါရီ ၁၇ က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အရပ်သားအသွင်ယူ တိုက်ခိုက်ရာ အငိုက်မိသွားသော ဒေသခံ ကျေးရွာကာကွယ်ရေးအဖွဲ့ (ပကဖ) ဘက်မှ ၁၄ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံ ကာကွယ်ရေးအဖွဲ့များကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လက်နက်ထောက်ပံ့စေလိုကြောင်း ဒေသခံ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ကိုတောကြက်ဖက ဆိုသည်။
“NUG ကို မြေပြင်အခြေအနေ စုံစမ်းစေချင်တယ်။ သိစေချင်တယ်။ စစ်ကိုင်းကလူတွေက မသေမျိုးတွေမဟုတ်ဘူး။ တတ်နိုင်သလောက်နဲ့ ကိုယ့်တိုင်းပြည်ကို ချစ်လို့၊ ကိုယ့်ဒေသကို ချစ်လို့ ကာကွယ်ကြရတာ” ဟု ပစ်အားအကန့်အသတ်သာ ရှိသော၊ တိုက်ပွဲဝင်လက်နက်မဟုတ်သော တူမီးသေနတ်များကိုသာ ကိုင်နေရသည်ဆိုသည့် ကိုတောကြက်ဖက ပြောသည်။
“သူတို့ (NUG) တွေးတဲ့ အတွေးက လက်နက်ရသွားရင် ပရမ်းပတာဖြစ်မှာစိုးလို့တဲ့။ အခု လက်နက်မရတော့ အလကားနေရင်းနဲ့ သေပေးနေရတာ မနည်းဘူး။ ထိုက်သင့်တဲ့အလျောက်တော့ ကျွန်တော်တို့ကိုလည်း ချပေးစေချင်တာပေါ့”
သူ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး NUG ထံမှ တုံ့ပြန်ချက် မရသေးပေ။
လက်နက်ကိုင်ခုခံမှု အားကောင်းသော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်သားတို့ နေ့စဉ် ချုံခိုတိုက်ခိုက်ခံနေရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် စစ်မျက်နှာဖွင့်ထားရသဖြင့် လိုအပ်သော လက်နက်ကိုင်အင်အားကို ၎င်းတို့ လေ့ကျင့်ပေးထားသည့် ပျူစောထီးအဖွဲ့ထံမှ ရရှိနေသည်။
ဤအခြေအနေတွင် ရခိုင်ပြည်နယ်စစ်မျက်နှာပြင်ကို အပစ်ရပ်ဒေသဖြစ်ရေး ကြိုးစားနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)