သတင်း

Reuters သတင်းထောက်များအမှု အယူခံတင်

ရန်ကုန် – ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် Reuters သတင်းဌာန သတင်းထောက်နှစ်ဦး၏ အမှုအတွက် ရန်ကုန်တိုင်းတရားလွှတ်တော်သို့ ယနေ့ အယူခံတင်သွင်းလိုက်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

“အောက်ရုံးအမိန့်၊ စီရင်ချက်တွေကို အပေါ်ရုံးဘက်က သေသေချာချာ လေ့လာသုံးသပ် ဖတ်ရှုမယ်ဆိုရင်တော့ သူတို့လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်ကောင်းဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ အယူခံစတင်တာက ပြီးခဲ့တဲ့ အပတ် သောကြာနေ့ကတည်းက။ ဒါပေမယ့် အကျဉ်းဦးစီးဘက်က ပေးလိုက်တဲ့ စာရွက်တွေမှာ ပြည့်စုံမှုမရှိတာ၊ အမှားတွေ ဖြည့်ပေးလိုက်တာ တွေ ပါခဲ့လို့ ဒီနေ့မှ တင်လိုက်နိုင်တယ်” ဟု သူက ဆိုသည်။

သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂ဝ၁၇ စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ အင်းဒင်ကျေးရွာမှ အမျိုးသား ၁ဝ ဦး သတ်ဖြတ်ခံရမှုကို စုံစမ်းထောက်လှမ်းနေစဉ်အတွင်း ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ထိုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က အဖမ်းခံခဲ့ရသည်။ နှစ်ပတ်အကြာထိ မိသားစုနှင့် ရှေ့နေများကို ဆက်သွယ်ခွင့် မရရှိခဲ့ပေ။

အဖမ်းခံလိုက်ရသည့် ညတွင်ပင် ၎င်းတို့ကို အောင်သပြေစစ်ကြောရေးစခန်းသို့ ရောက်သွားပြီး အစောပိုင်းရက်များတွင် အိပ်စက်ခွင့်မရဘဲ အဆက်မပြတ် စစ်ဆေးမေးမြန်းခံရကြောင်း၊ ကျော်စိုးဦးဆိုလျှင် နာရီပေါင်းများစွာ ဒူးထောက်အစစ်ခံခဲ့ရကြောင်း၊ ၎င်းတို့ကို စစ်ဆေးနေစဉ် အင်းဒင်ကျေးရွာနှင့် ပတ်သက်သည့် ဓာတ်ပုံကို ဖုန်းအတွင်းမှ တွေ့ရှိပြီးနောက်မှ စစ်ဆေးမှုများကို လျှော့ပေါ့လာကြောင်း သတင်းထောက်များက တရားခွင်တွင် ထွက်ဆိုသည်။

ထို့အပြင် တရားလိုပြသက်သေတစ်ဦးဖြစ်သည့်၊ ရဲစည်းကမ်းဖောက်ဖျက်သည်ဟုဆိုပြီး ထောင်ဒဏ်တစ်နှစ် အပြစ်ပေးခံလိုက်ရသည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်က ထိုသတင်းထောက်များကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်ဟု အသေးစိတ်ထွက်ဆိုခဲ့သည်။

တရားရုံးတွင် ထိုသို့ထွက်ဆိုသည့်နောက်နေ့တွင် ဒုရဲမှူးဟောင်း၏ မိသားစုသည် ရဲလိုင်းခန်းမှ အတင်းဖယ်ရှားခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာလောကတွင် သြဇာကြီးမားခဲ့သည့် ဟံသာဝတီ ဦးဝင်းတင်ကို အစွဲပြုဖွဲ့စည်းထားသည့် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက သတင်းထောက်နှစ်ဦး၊ ဒုရဲမှူးဟောင်း မိုးရန်နိုင်တို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကာ ဂုဏ်ပြုမှုများ ပြုလုပ်ခဲ့သည်။

သတင်းထောက် နှစ်ဦးသည် စက်တင်ဘာလဆန်းတွင် ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များဥပဒေ ပုဒ်မ ၃ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသည်။

Show More

Related Articles

Back to top button