(ရန်ကုန်) – အထိန်းသိမ်းခံနေရသော Reuters သတင်းထောက်နှစ်ဦးကို စက်တင်ဘာ ၃ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်အထိ အပြစ်ပေးခြင်းက သတင်းမီဒီယာလွတ်လပ်ခွင့်ကို လက်ရှိ အစိုးရအနေဖြင့် အလေးမထားသည့် ပုံရိပ်မျိုး နိုင်ငံတကာတွင် ဖြစ်ပေါ်စေကြောင်း အရပ်ဘက်အဖွဲ့အစည်းတချို့နှင့် သတင်းသမားများက ဝေဖန်လိုက်သည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်မျိုးနှင့် ပတ်သက်ပြီး သတင်းမီဒီယာသမားများ၏ အလုပ်ကို ပြည့်ပြည့်ဝဝ လုပ်ခွင့်ရှိဘဲ လက်ရှောင်ကြ ရန် သတင်းစကား ပါးလိုက်သည့် အနေအထားမျိုး သက်ရောက်စေသည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ဝေဖန်သည်။
“အခုက အမှုဆင် ဖမ်းခံရတယ်ဆိုတာ အမှုထင်ရှားတယ်။ အဲ့ဒီသတင်းစကားက အားလုံးပေါ်မှာ သွားသက်ရောက်မယ်။ ဒါက သတင်းသမားတွေအတွက်လည်း မကောင်းဘူး။ အစိုးရအတွက်လည်း မကောင်းဘူး” ဟု သူက ဆိုသည်။
ရန်ကုန်အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သည့် ကိုမြတ်ကျော်သူကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် တပ်မတော်အကြားတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး ညှိနှိုင်းသင့် သည်ဟု ယူဆကြောင်း၊ အများပြည်သူ မသိသည့် ညှိနှိုင်းမှုမျိုးလည်း ရှိကောင်းရှိနိုင်ကြောင်း၊ ရခိုင်ဒေသအရေး စုံစမ်းလေ့လာသည့် သတင်းသမားများက မြေစာပင်ကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်လိုက်သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားရေးအဖွဲ့”အသံ” ကလည်း အမှန်တရားကို နှုတ်ဆိတ်သွားစေရန် သတင်းသမားများနှင့် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်လိုက် သကဲ့သို့ ဖြစ်စေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ သတင်းသမားများကွန်ရက်(MJN) မှ တွဲဖက်အတွင်းရေးမှူး ကိုဇော်ထိုက်ကလည်း ယခု ထောင်ကျသွားသူတို့သည် တပ်မတော်၊ ပြည်ထဲရေး စသည့် အစိုးရဌာနများနှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ်သည့် သတင်းသမားများ ဖြစ်သည့်အတွက် ကြီးလေးပြင်းထန်သည့် ပြစ်ဒဏ်ကို ချမှတ်လိုက်သည်ဟု မြင်ကြောင်း သုံးသပ်သည်။
“အဟန့်အတားဖြစ်သွားတာပေါ့။ ဒီလိုမျိုး ဖော်ထုတ်ရင် ဒီလိုမျိုးဖြစ်သွားနိုင်တယ်ဆိုတာ ဖြစ်စေတာပေါ့။ မီဒီယာတွေအပေါ် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက သူတို့ရဲ့အရေးကို မထိပါး ရဲအောင် ခြိမ်းခြောက်တယ် ဆိုတဲ့ သဘောကို သွားသက်ရောက်စေတယ်။ ဒါက ပြည်သူတစ်ရပ်လုံးကိုပါ ဒီဟာထိရင် ဒီလိုဖြစ်နိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုလို့ မြင်တယ်” ဟု သူက ဆိုသည်။
၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက ယခုအမှုတွင် လျှို့ဝှက်စာရွက်စာတမ်းများကို သတင်းထောက်များ၏ လက်ဝယ်တွင် တွေ့ရှိသည်ဆိုသည့် အချက်ကလည်း လွဲမှား သော အချက်အဖြစ် ရှိနေပြီး အမှန်တကယ် ထိုသို့လျှို့ဝှက်စာရွက်စာတမ်းများနှင့် ပတ်သက်လျှင် သက်ဆိုင်ရာ ဝန်ထမ်းများတွင်သာ ပိုမိုတာဝန်ရှိသည့်အချက် ဖြစ်သည်ဟု ပြောသည်။
ဒီမိုကရေစီနှင့်ပတ်သက်ပြီး အမေရိကန်လို နိုင်ငံမျိုးတွင်ပင် သမ္မတတစ်ယောက်၏ အတွင်းရေးနှင့် ပတ်သက်လာလျှင် သက်ဆိုင်ရာ သတင်းမီဒီယာများက ဖွင့်ချနေကြောင်း၊ ထိုကဲ့သို့ ဖွင့်ချမှုမျိုးကို နိုင်ငံတော်လျှို့ဝှက်ချက် ချိုးဖောက်သည်ဟုပင် ယူဆရမလားဟု သူက မေးခွန်းထုတ်လိုက်သည်။
“စွဲချက်တင်တယ်ဆိုကတည်းက ကျွန်တော် မကြိုက်တာ။ သတင်းသမားက သတင်းရအောင် ယူမှာပဲ။ သတင်းနဲ့ ပတ်သက်တာ သူဖော်ထုတ်ရမှာ သူ့တာဝန်ပဲ။ နောက်ပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ရတော့မယ်။ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ဒါဟာ တိုက်ရိုက် ခြိမ်းခြောက်လိုက်တာလို့ ကျွန်တော်ယူဆတယ်” ဟု သူက ဆိုသည်။