စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း ဂန့်ဂေါ – ကလေးလမ်းဘေးရှိ ရန်ကြီးအောင်ကျေးရွာတွင် လနှင့်ချီ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေသခံများကို ပြည့်သူ့စစ်ဖွဲ့ရန် ဖိအားပေးနေသည့်အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း လက်နက်ကိုင်တော်လှန်နေသူများထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၂ ၊ ၁၄ နှင့် ၁၆ တို့တွင် မြို့မှ မိုင် ၂၀ ခန့်အကွာ ထိုရွာရှိ စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) – ဟားခါး၊ CDF (ကလေး၊ ကဘော်၊ ဂန့်ဂေါ) – KKG ၊ ကလေးမြို့အခြေစိုက် RKDF (Ranger Kalay Defense) တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူ့စစ် စည်းရုံးတယ်ဆိုတာက သူတို့ ရွာတွေသွားပြီး၊ ဖိအားပေးပြီး သူတို့ဘက်ကို ဆွဲခေါ်တဲ့သဘော။ ကျွန်တော်တို့ PDF (ပြည်သူ့ကာကွယ်ရေး) အဖွဲ့အစည်းတွေမှာ မပါအောင်ပေါ့။ သူတို့ နယ်မြေစိုးမိုးချင်တာပေါ့” ဟု CDF – KKG တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
အင်အား ၃၀ ဝန်းကျင်ရှိ ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးစစ်ဆေးသလို ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ကြသည်ဟု ၎င်းထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးဝန်းကျင် ထိခိုက်သေဆုံးပြီး ဒေသကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုမရှိဟု CDF – KKG က ပြောသည်။
စစ်ကောင်စီက ၎င်းတို့တပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့်ပတ်သက်၍ သတင်းမထုတ်ပြန်သလို Myanmar Now အနေဖြင့်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်း တက်ရန် ဖိအားပေးခဲ့သည်ဟု ထိုရွာဒေသခံများက ဆိုသည်။
“တပ်စခန်းရဲ့ ဟိုဘက်ဆိုရင် ဒေသခံတွေ မသွားရဲဘူး။ သူတို့က အစစ်ဆေးတွေကြမ်းတယ်။ ပစ္စည်းတွေဆိုရင်လည်း အနိုင်ကျင့်ပြီးတော့ လုယူတယ်။ ကျွန်တော်တို့က တော်တော်လေး ဒုက္ခရောက်တယ်။ ..လူကြီးတွေခေါ်ပြီးမှ ပြည်သူ့စစ် ဖွဲ့ဖို့၊ စာရင်းပေးဖို့ အဲဒီလိုမျိုးပြောတာရှိတယ်”ဟု ရန်ကြီးအောင်ရွာ ဒေသခံ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ရွာရှိ စစ်ကောင်စီတပ်စခန်း ဖေဖော်ဝါရီ ၁၂ နံနက် ၁ နာရီတွင် အတိုက်ခံရပြီး နာရီပိုင်းအတွင်း ဒေသခံအချို့ တိမ်းရှောင်ခဲ့ကြကာ နောက်ရက်များတွင် ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးကြသည်ဟု သူက ဆက်ပြောသည်။
“လက်နက်ကြီးတွေ ပစ်တဲ့အခါမှာ ဘယ်သူမှ မနေရဲကြဘူး။ ရွာထဲကို ပစ်တာ။ စစ်ပြေးရှောင်တွေ ရှိတဲ့ဘက်ကိုလည်း လေးငါးကြိမ်လောက် (လက်နက်ကြီးနဲ့) ထုတယ်” ဟု အထက်ပါဒေသခံက ပြောပြသည်။
ထို့ပြင် သံဖို၊ ဘိုကုန်းကျေးရွာတို့ရှိ အိမ်ခြေ တစ်ထောင်နီးပါးမှ ဒေသခံ ၄၀၀၀ ခန့်သည် တောတောင်များထဲတွင် တိမ်းရှောင်နေရပြီး စားဝတ်နေရေး၊ ကျန်းမာရေးဆိုင်ရာအခက်အခဲများ ရင်ဆိုင်နေကြရသည်ဟု ကိုယ်တိုင်စစ်ရှောင်နေရသည့် ထိုလူက ဆက်ပြောသည်။
“သက်ကြီးပိုင်းတွေ၊ ကလေးတွေ ကျန်းမာရေးကတော့ တော်တော်လေးကို စိတ်မကောင်းစရာဗျ။ ရာသီအကူးအပြောင်းကာလလည်းဖြစ်တော့ တော်တော်လေးကို ဖျားနာကြတယ်” ဟု ၎င်းက ပြောသည်။
စစ်သားများကြောင့် ရွာသားများထွက်ပြေးရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။
ကလေးမြို့သည် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့ရာ မြို့ဖြစ်သည်။
အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာ ကျေးရွာအုပ်စုများ၏ ၇၀ ရာခိုင်နှုန်း (ကျေးရွာပေါင်း ၁၀၀) ကျော်ခန့်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုကောင်းစွာရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ကလေးမြို့နယ်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁ ၌ ထုတ်ပြန်ထားသည်။
နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လှုပ်ရှားရာဒေသများ အထူးသဖြင့် ရခိုင်ဒေသတွင် အပစ်ရပ်ထားသည်။
ဤအခြေအနေတွင်ပင် စစ်သည်အင်အား မလုံလောက်သဖြင့် တပ်တွင်းမိသားစုဝင် အမျိုးသမီးအများအပြားကိုပါ နောက်တန်းတွင် လက်နက်ကိုင်တာဝန်ပေးထားသလို အကြမ်းဖက်သူများဟု ၎င်းတို့က ခေါ်ဝေါ်သည့် PDF အဖွဲ့များကို တုံ့ပြန်တိုက်ခိုက်ရန် နယ်မြေကျွမ်းကျင်သည့် ဒေသခံတို့ကို ပြည်သူ့စစ်အသွင်ဖွဲ့စည်း၍ လက်နက်တပ်ဆင်ပေးနေသည်။
ထိုသို့ လက်နက်တပ်ဆင်ပေးနေကြောင်း ရေးသားထားသည့် ဝါဒဖြန့်စာများကို မကြာသေးခင် လများအတွင်း စစ်ကိုင်းတိုင်းတွင် ရဟတ်ယာဉ်နှင့် လိုက်လံ ကြဲချခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)