အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့ခံ အမျိုးသားတစ်ဦး စစ်ကြောရေးတွင် သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အသံတိတ်သပိတ်ပြုလုပ်သည့် ဖေဖော်ဝါရီ ၁ ၌ ဖမ်းဆီးခံခဲ့ရသည့် ၅၃ နှစ်အရွယ် အမျိုးသား စစ်ကြောရေးမှာ သေဆုံးသွားသည့်အတွက် ယနေ့ (ဖေဖော်ဝါရီ ၈) တွင် သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့် ထိုနေ့က အသံတိတ်သပိတ် စတင်ပြီး နံနက် ၁၁ နာရီဝန်းကျင်၌ နတ်ချောင်းလမ်း၊ ချမ်းမြေ့ဆေးရုံအနီး ကင်းလှည့်နေသည့် စစ်တပ်နှင့် အရပ်ဝတ်လက်နက်ကိုင် (ပျူစောထီး) များနှင့် တွေ့စဉ် ဦးအောင်လွင်ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူက ကိုယ့်ဘက်ကလူတွေ ဆန္ဒပြတာထင်လို့ အရေးတော်ပုံအောင်ရမည်လို့ အော်လိုက်တော့ ဝိုင်းရိုက်ကြတယ်။ ဆဲလည်းဆဲကြတယ်။ အဲဒီမှာ အကုန်လုံးခေါ်ပြီး ဝိုင်းရိုက်တယ်” ဟု သူက ပြောသည်။

“မျက်နှာတွေကိုလည်း လက်သီးတွေနဲ့ ထိုး၊ ခြေထောက်တွေနဲ့လည်း ကန်။ အနားတင်မေ့သွားတယ်လို့ ပြောတယ်။ အဲဒါကို ပြန်လွှတ်လိုက်တယ်ထင်တာ။ တကယ်တမ်း မလွှတ်ဘဲနဲ့ ဖမ်းသွားပြီး မနေ့ကမှ မနက်ပိုင်းမှာ အလောင်းလာယူပါဆိုလို့ အလောင်းသွားထုတ်ထားပြီးပြီ” 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သားသမီး ၃ ဦး ဖခင် ဦးအောင်လွင်ဦး၏ ရုပ်အလောင်းကို မွန်းလွဲ ၁ နာရီတွင် ဒိုးဝိုင်းချောင်သုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။

ရိုက်နှက်ဖမ်းဆီးခံရသူ သေဆုံးမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် ကလေးမြို့မရဲစခန်းကို ယနေ့ ညနေပိုင်းက ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။

စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့် အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုရန် စစ်ကောင်စီဘက်က ဖိအားပေး ခြိမ်းခြောက်သော်လည်း ထိုနေ့တွင် ကလေးမြို့လူထုက ပါဝင်ခဲ့ကြကြောင်း၊ စစ်သားများနှင့် အရပ်ဝတ်လက်နက်ကိုင်များက ကား အစီး ၂၀ ကျော်ဖြင့် ကင်းလှည့်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။ 

အသံတိတ်သပိတ် မစတင်မီ နံနက်ကလည်း ကလေးမြို့တွင် ဆိုင်ကယ်မောင်းနှင်နေသည့် CDM ဆရာမတစ်ဦး စစ်တပ် တပ်စွဲထားရာအနီး ပစ်သတ်ခံခဲ့ရသည်။ 

အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ကျော်ကာလအတွင်း ကလေးမြို့တွင် စစ်တပ်က ဖမ်းဆီးစစ်ဆေးစဉ် စစ်ကြောရေး၌ သေဆုံးခဲ့သည့် အရပ်သား ၆ ဦးရှိနေပြီဖြစ်သည်။ အခြား ၅ ဦးမှာ ၃၉ နှစ်အရွယ် ကိုမင်းမင်း၊ ၁၉ နှစ်အရွယ် မမိုင်နွမ်ဇာထျန်း၊ ၂၆ နှစ်အရွယ် ဆလိုင်းဗန်ထာကျုံး၊ အသက် ၄၀ ကျော်အရွယ် ဦးကျော်မင်းဦး၊ ၃၀ ဝန်းကျင် ကိုလန်ခန်ထန်တို့ ဖြစ်ကြသည်။

စစ်အာဏာသိမ်းပြီးနောက် ကလေးမြို့တွင် စစ်တပ်က ပစ်ခတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းတို့ကြောင့် သေဆုံးရသည့် အရပ်သား ၁၀၀ ကျော် ရှိပြီး ၄၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကလေးမြို့သပိတ်ကော်မတီထံမှ သိရသည်။ 

စစ်ကောင်စီကြောင့် သေဆုံးခဲ့သည့် အရပ်သား ၁၅၂၉ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ ထုတ်ပြန်ထားသည်။ အာဏာသိမ်းဗိုလ်ချုပ်ကြီးများက AAPP ၏ ကိန်းဂဏန်း မှားယွင်းနေသည်ဟု ယခင်က ပြောခဲ့ဖူးသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်ရှိ ဆက်သွယ်ရေးအရ မဟာဗျူဟာကျသည့် ကလေးမြို့တွင် စစ်တပ်က ချေမှုန်းနေသည့်တိုင် လက်နက်ကိုင်တော်လှန်ရေး အားကောင်းနေဆဲဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများလည်း တစ်ရက်မပျက် ချီတက်ဆန္ဒပြနေဆဲဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles