
တယ်လီနောမြန်မာကို ရောင်းချရာတွင် ကွန်ရက်သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးနှင့်ဆိုင်သည့် အချက်အလက်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းချိုးဖောက်သည်ဆိုကာ နော်ဝေနိုင်ငံရှိ တယ်လီနောအုပ်စုကို မြန်မာနိုင်ငံသားတစ်ဦးက ဥပဒေကုမ္ပဏီတစ်ခုမှတစ်ဆင့် နော်ဝေအစိုးရထံ တရားဝင်ကန့်ကွက်လွှာ တင်သွင်းလိုက်သည်။
ကန့်ကွက်လွှာကို နိုင်ငံတကာကော်ပိုရေးရှင်းကြီးများဆိုင်ရာ သုတေသနဌာန (SOMO) ၏ ပံ့ပိုးမှုဖြင့် နော်ဝေအခြေစိုက် SANDS ဥပဒေအကျိုးဆောင်ကုမ္ပဏီက ကိုယ်စားပြုကာ နော်ဝေအစိုးရထံ တိုင်ကြားခြင်းဖြစ်ကြောင်း SOMO က ယနေ့ (ဖေဖော်ဝါရီ ၈) ထုတ်ပြန်သည်။
တိုင်ကြားသူ မည်သူမည်ဝါဆိုသည်ကိုမူ ထုတ်ပြန်ချက်တွင် မဖော်ပြထားပေ။
တယ်လီနောမြန်မာကို ရောင်းချရာတွင် သုံးစွဲသူ ၁၈ သန်းကျော်၏ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ လုံခြုံမှုကို ချိုးဖောက်နေပြီး ဆက်သွယ်ရေးကုမ္ပဏီများ လိုက်နာရသည့် နိုင်ငံတကာစည်းမျဉ်းတစ်ခုဖြစ်သော ဥရောပသမဂ္ဂ၏ GDPR (အထွေထွေ အချက်အလက်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်း) ကို ဖောက်ဖျက်ရာရောက်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
“အခုကိစ္စကို အဆောတလျင် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံက တယ်လီနောအသုံးပြုသူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှု မရှိကြောင်း သေချာစေဖို့ ဆောင်ရွက်ရပါမယ်။ ဒါတွေက ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်” ဟု SANDS ၏ အချက်အလက်လုံခြုံရေးဥပဒေဆိုင်ရာ ကျွမ်းကျင်သူ Ketul Sellaeg Ramberg က သတင်းထုတ်ပြန်ချက်တွင် ပြောဆိုသည်။
ထိုသို့ စည်းမျဉ်းချိုးဖောက်မှုအတွက် တယ်လီနော၏ ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ်ဝင်ငွေ၏ ၄ ရာခိုင်နှုန်းအထိ ဒဏ်ကြေးချမှတ်နိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တယ်လီနောက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံရှိခဲ့ရာ ဒေါ်လာသန်း ၅၀၀ ကျော်ပမာဏဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်သည်ဆိုသော တိုင်ကြားစာကို လက်ခံရရှိပြီးဖြစ်ကြောင်း နော်ဝေအစိုးရ၏ အချက်အလက်ကာကွယ်ရေးအာဏာပိုင် (DPA) ၏ နိုင်ငံတကာဌာနခွဲအကြီးအကဲ Tobias Judin က အတည်ပြုသည်ဟု နော်ဝေသတင်းဌာန DN က ရေးသားသည်။
“တိုင်ကြားစာကို အခြေခံပြီး ဒီကိစ္စကို စုံစမ်းသွားမှာဖြစ်ပါတယ်။ သို့သော်လည်း နောက်တစ်ဆင့် ဘာဆက်လုပ်မယ်ဆိုတာတော့ ပြောဖို့ စောပါသေးတယ်။ ဥပဒေဆိုင်ရာကိစ္စတွေက ရှုပ်ထွေးတဲ့အတွက် အချိန်တော့ နည်းနည်းယူပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ကုမ္ပဏီကို ရောင်းချခြင်းမပြုမီ အန္တရာယ်အနည်းဆုံးဖြစ်စေရန် တယ်လီနောအနေဖြင့် မြန်မာနိုင်ငံက သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖျက်ဆီးနိုင်ကြောင်း၊ ထို့သို့ အချက်အလက်များ ဖျက်ဆီးလိုက်ခြင်းဖြင့် တယ်လီနောအုပ်စုအနေဖြင့် တယ်လီနောမြန်မာရောင်းချရာတွင် ငွေကြေးရရှိသည့်ပမာဏ ထိခိုက်နိုင်သော်လည်း အခြားတစ်ဖက်တွင် သုံးစွဲသူများ၏ အချက်အလက်ကာကွယ်မှုအတွက် ရွေးချယ်စရာနည်းလမ်းရှိကြောင်းလည်း တိုင်ကြားစာတွင် ဖော်ပြသည်။
တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့် မြန်မာစစ်တပ်၏ စီးပွားရေးမိတ်ဖက်ဖြစ်သော ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ပူးတွဲတည်ထောင်သည့် Investcom ကုမ္ပဏီထံ ယခုလလယ်တွင် အပြီးသတ်ရောင်းချဖွယ်ရှိနေသည်။
ထိုသို့ရောင်းချရာတွင် တယ်လီနောကွန်ရက်အသုံးပြုသူများနှင့် ဆိုင်သည့် အချက်အလက်များကို လွှဲပြောင်းပေးရမည်ဖြစ်ရာ ထိုသို့အချက်အလက်များ လွှဲပြောင်းမပေးရန် တိုင်ကြားသူက နော်ဝေအစိုးရကို တောင်းဆိုထားသည်။
အသုံးပြုသူများနှင့် ဆိုင်သည့် အချက်အလက်များကို တယ်လီနောမြန်မာက ဥပဒေနှင့်အညီ ထိန်းသိမ်းထားခြင်းဖြစ်ကာ နော်ဝေ သို့မဟုတ် ဥရောပဒေသကို ပေးပို့ခဲ့ခြင်း မရှိသောကြောင့် ဥရောပသမဂ္ဂ၏ GDPR (အထွေထွေ အချက်အလက်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်း) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း တယ်လီနောအုပ်စု၏ ဆက်သွယ်ရေးဒါရိုက်တာ Gry Rohde Nordhus က နော်ဝေသတင်းဌာန DN ကို ဖြေကြားထားသည်။
မြန်မာနိုင်ငံရှိ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် နိုင်ငံတကာရှိ ဥပဒေများ၊ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကြောင့် တယ်လီနောအနေဖြင့် အကျပ်အတည်းတွေ့ကြုံခဲ့ရပြီး၊ မြန်မာနိုင်ငံမှာ ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်သည့်အတွက် မဖြစ်မနေရောင်းချရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“ကုမ္ပဏီကို ရောင်းချခြင်းသည်သာလျှင် ဝန်ထမ်းတွေ၊ အသုံးပြုသူတွေနဲ့ မြန်မာလူထုအသိုင်းအဝိုင်းအတွက် ဆိုးကျိုးအနည်းဆုံးဖြစ်မယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ရောင်းချရေးလုပ်ငန်းစဉ်မှာ လူ့အခွင့်အရေး၊ ကိုယ်ရေးကိုယ်တာအချက်အလက်နဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အဓိကထား ဆောင်ရွက်ပါတယ်” ဟု Gry Rohde Nordhus က ပြောသည်။
တယ်လီနောကွန်ရက်အသုံးပြုသူများနှင့် ဆိုင်သည့် အချက်အလက်များ စစ်တပ်နှင့် ဆက်သွယ်သော ကုမ္ပဏီထိန်းချုပ်မှုအောက် ရောက်သွားပါက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများအပြင် သုံးစွဲသူတစ်ဦးချင်းအပေါ် အန္တရာယ်ဖြစ်စေနိုင်သည်ဟု နော်ဝေအစိုးရထံ တိုင်ကြားရာတွင် ပံ့ပိုးသည့် SOMO ၏ အကြီးတန်းသုတေသီ Joseph Wilde-Ramsing က ဆိုသည်။
“တရားလက်လွတ် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖိနှိပ်မှုတွေအပါအဝင် ထိခိုက်နစ်နာနိုင်မှုတွေကနေ သုံးစွဲသူ တစ်ဦးချင်းစီကို ကာကွယ်ပေးဖို့ နော်ဝေအစိုးရမှာ တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
တယ်လီနောမြန်မာကို စစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီထံ အပြီးသတ်ရောင်းချတော့မည့်အချိန်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ကွန်ရက်အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းနှင့် အချက်အလက်များ စစ်တပ်ကို ပေးခဲ့ရကြောင်း Myanmar Now က သတင်းရေးသား ဖော်ပြပြီးဖြစ်သည်။
အာဏာသိမ်းပြီး နှစ်ပတ်ခန့်အကြာမှစ၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် စစ်ကောင်စီက တယ်လီနောမြန်မာရုံးကို စာပို့ကာ အကြိမ် ၂၀၀ ထက်မနည်း အချက်အလက်များ တောင်းခံခဲ့သည်။
“ဒီညွှန်ကြားချက်တွေကို လိုက်နာခြင်း မရှိဘူး၊ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ချိုးဖောက်မယ်ဆိုရင် ဝန်ထမ်းတွေအတွက် လက်မခံနိုင်စရာ နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်” တယ်လီနောအုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ကက်သရင်းက ဆိုသည်။
ဆက်သွယ်ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်သိသော Myanmar Now ၏ သတင်းရင်းမြစ်တစ်ခုကမူ “စစ်တပ်က တောင်းလာတဲ့ နံပါတ်တွေတော်တော်များများဟာ စစ်ကြောရေးမှာ ရိုက်နှက်…နှိပ်စက်ပြီးတော့မှ ရလာတဲ့နံပါတ်တွေလို့ ပြောလို့ရတယ်။ သွေးစွန်းနေတဲ့ နံပါတ်တွေလို့ ပြောလို့ရတယ်” ဟု ထုတ်ဖော်ပြောဆိုထားသည်။
စစ်တပ်က တောင်းခံလာသည့် တယ်လီနောနံပါတ်များတွင် ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ အဆိုတော်လင်းလင်းတို့ သုံးစွဲသော နံပါတ်များလည်း ပါဝင်သည်။
စစ်တပ်နှင့် ဆက်နွှယ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီမှာ ၁၈ သန်းကျော်သော ပြည်သူများအသုံးပြုနေသည့် တယ်လီနောကို ထိန်းချုပ်ခွင့်ရမည်ဆိုပါက အချက်အလက်ကျိုးပေါက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးရွားလာနိုင်ကြောင်း အဆိုတော်လင်းလင်းက Myanmar Now ကို ပြောသည်။
“လက်ရှိမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အံ့ဩထိတ်လန့်နာကြည်းဖွယ်ရာ အတိဗျာ။ ဒီလိုအချက်အလက်တွေ ထပ်ရသွားမယ်၊ ထပ်ပါသွားမယ်ဆိုရင်တော့ ပြောမကုန်နိုင်ဖွယ်ဖြစ်မှာ သေချာတယ်” ဟု စစ်ကောင်စီ၏ ဝရမ်းထုတ်ခံထားရသူ ၎င်းက ပြောသည်။
ထို့ကြောင့် တယ်လီနော စီမံခန့်ခွဲမှုတာဝန်ရှိသူများအနေဖြင့် မြန်မာလူထု၏ ဒီမိုကရေစီအပေါ် သက်ဝင်ယုံကြည်မှုကို အလေးထားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း အဆိုတော်လင်းလင်းက ဆိုသည်။
တယ်လီနောသည် မြန်မာပြည်သူများ၏ အသက်ဘေးအန္တရာယ် စိုးရိမ်ရသည်ကို သိလျက်နှင့် စစ်တပ်က တောင်းယူသည့် ဖုန်းမှတ်တမ်းနှင့် တည်နေရာမျှဝေခြင်းမှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကျိုးစီးပွားများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ဆိုသည်။
“တယ်လီနောက အချက်အလက်တွေ မျှဝေခြင်းဖြင့် ရက်စက်တဲ့ရာဇဝတ်မှုတွေမှာ ကူညီနေတာတွေကို နော်ဝေအစိုးရအနေနဲ့ အရေးပေါ် စုံစမ်းစစ်ဆေးရပါမယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ စစ်ကောင်စီလက်ထဲမရောက်ခင် တယ်လီနောရောင်းချမှုကို ရပ်တန့်ဖို့ နော်ဝေနိုင်ငံက ကြားဝင်ဆောင်ရပါမယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။
တယ်လီနော (မြန်မာ) ကို ရောင်းချမှုသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD) က ချမှတ်ထားသည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းများ လိုက်နာရမည့် လမ်းညွှန်ချက်များနှင့် မကိုက်ညီကြောင်း မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၇၄ ခု ကိုယ်စားတိုင်ကြားသည့် နိုင်ငံတကာကော်ပိုရေးရှင်းကြီးများသုတေသနဌာနက ပြီးခဲ့သည့်နှစ် ဇူလိုင် ၂၇ တွင် ထုတ်ပြန်ဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)