အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သတင်းထောက်တို့ကို နှစ်ရှည်ထောင်ချမှု နိုင်ငံတကာသံရုံးများဝေဖန်

(ရန်ကုန်) — ရိုက်တာသတင်းထောက်များအား နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်ကို စိတ်ပျက်မိကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးများနှင့် မီဒီယာအဖွဲ့အစည်းများက ဝေဖန်လိုက်သည်။

၃၂ နှစ်အရွယ် ကိုဝလုံး ခေါ် ကိုသက်ဦးမောင် နှင့် ၂၈ နှစ်အရွယ် ကိုကျော်စိုးဦးတို့အားရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ယနေ့(စက်တင်ဘာ၃)တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ခြင်းကို ပြန်လည် သုံးသပ်ရန် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

သတင်းထောက်များအားထောင်ချခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်၊ အများပြည်သူ၏ သတင်းအချက်အလက်သိရှိပိုင်ခွင့်နှင့် မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို မှေးမှိန် လျော့ကျစေခဲ့ကြောင်း ဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးလိုက်ပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်လည်း တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း အဆိုပါအမှု၏ သိသာထင်ရှားသော ချွတ်ယွင်းချက်များက မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ တရားစီရင်ရေးနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ဖွယ်ရာ ဖြစ်စေကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

” ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် သတင်းထောက်များ ၎င်းတို့အလုပ် ၎င်းတို့လုပ်နေကြ သည်ကို တရားစွဲဆိုခြင်းအား ရပ်တန့်ပါရန် မြန်မာအစိုးရကို မိမိတို့ တိုက်တွန်းပါသည်” ဟု ကြေညာချက်က ဆိုသည်။

ကန့်ကွက်သည့် သံရုံးများထဲတွင် သြစတေးလျသံရုံးလည်း ပါဝင်သည်။

‘‘ဂျာနယ်လစ်များကို အပြစ်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချတာကို ကြားသိရတဲ့အတွက် စိတ်ပျက်မိပါတယ်။ လွတ်လပ်တဲ့မီဒီယာနဲ့ လွတ်လပ်တဲ့တရားစီရင်ရေးဟာဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် ပဓာနကျပါတယ်။ မြန်မာ့ဒီမိုကရေစီလမ်းစဉ်ဟာ ပြီးပြည့်စုံမှုရှိမနေသေးဘဲ ခိုင်မာတဲ့တရားစီရင်ရေးစနစ်၊ ပိုမိုကောင်းမွန်တဲ့ မီဒီယာလွတ်လပ်ခွင့်တွေ လိုအပ်နေပါတယ်’’ ဟု ဩစတြေးလျသံအမတ်ကြီး Nicholas Coppel က ပြောကြားခဲ့သည်။

အလားတူ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများကလည်း ရိုက်တာသတင်းထောက်များအား အကျဉ်းချ ထားမှုကို ဝေဖန်ခဲ့ကြသည်။

ချင်းပြည်နယ်အခြေစိုက် Chin Media Network ကလူသတ်မှုကို ဖော်ထုတ်သည့် သတင်းထောက်များအား ထောင်ချခြင်းသည် NLD အစိုးရကိုယ်တိုင် ကျွေးကျော်ခဲ့သည့် တရားဥပဒေစိုးမိုးရေးကို ကိုယ်တိုင်ပြန်လည်ချိုးဖောက်ရာရောက်သည်ဟု မှတ်ယူကြောင်း ထုတ်ပြန်ချက်ထုတ်ကာ ဝေဖန်လိုက်သည်။

ရန်ကုန်အခြေစိုက် PEN Myanmar အဖွဲ့ကလည်း သတင်းသမားတို့ကို ထောင်ချခြင်းကို ကန့်ကွက်လိုက်သည်။

ဤဖြစ်ရပ်ကြောင့် သတင်းသမားတို့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို အဟန့်အတား ဖြစ်စေသည်၊ ပြည်သူတို့ သတင်းသိပိုင်ခွင့်ကို ထိခိုက်သည်၊ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့် စံချိန် စံနှုန်းများကို လျော့ကျစေသည်ဟု ဆိုသည်။

တရားရုံး၏ စက်တင်ဘာ ၃ ရက်နေ့ စီရင်ချက်ကို ပြန်လည် စဉ်းစား သုံးသပ်ရန်လည်း အထင်ကရ ကလောင်ရှင် အများအပြား ပါဝင်သည့် ထိုအဖွဲ့က တိုက်တွန်းလိုက်သည်။

အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်သော ရန်ကုန်ခေတ်သစ်သတင်းအေဂျင်စီက သတင်းသမားတို့ကို နှိပ်ကွပ်သည့်အတွက် ဆန့်ကျင်ကြောင်း၊ လက်ရှိအစိုးရက ဦးဆောင် ကျင်းပပေးမည့် နိုဝင်ဘာ ၃ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သော သတင်းတို့ကို ဖော်ပြခြင်း မပြုဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ကြေညာထားသည်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button