သတင်း

ဆောမြို့ပေါ်၌ တိုက်ပွဲဖြစ်ချိန် အဆောက်အအုံ ၇ လုံး မီးလောင်

မကွေးတိုင်း၊ ဆောမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသည့် နေရာများကို ယနေ့ (ဖေဖော်ဝါရီ ၄) နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ပြီး ဌာနဆိုင်ရာ၊ စစ်ကောင်စီတို့နှင့် ပတ်သက်သည့် အဆောက်အအုံ ၇ လုံး မီးလောင်သွားသည်ဟု ကာကွယ်ရေးအဖွဲ့ (PDF) များထံမှ သိရသည်။

စစ်သားအင်အား ၁၃၀ ဝန်းကျင် တပ်စွဲထားသည့် ဦးဖိုးလှိုင်ခန်းမ၊ ရဲစခန်းကုန်းတို့ကို နံနက် ၅ နာရီမတိုင်မီ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သုံး၍တိုက်ရာ တိုက်ပွဲ တစ်နာရီနီးပါးကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု Saw PDF တပ်ရင်း ၂ တပ်ရင်းမှူး ကိုမွန်ဂိုက ပြောသည်။

ထိုတိုက်ပွဲအတွင်း ရဲစခန်းကုန်းပေါ်မှ ရုံးနှင့် မြို့နယ်ခန်းမကို လက်နက်ကြီးနှင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်၊ သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ချိန်အတွင်း မီးသတ်၊ မြေစာရင်း၊ စာရင်းစစ်၊ စိုက်ပျိုးရေး၊ သစ်တော ရုံး ၅ ရုံး၊ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးနှင့် ပါတီပိုင် G99 စားသောက်ဆိုင်တို့ မီးလောင်သွားကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

“CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) မလုပ်သေးဘဲနဲ့ ခိုးကြောင်ခိုးဝှက်တက်နေသေးတဲ့ရုံးတွေပေါ့” ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီ၏ စာရွက်စာတမ်းများကို မီးရှို့ရင်း မီးလောင်သွားသည့် အဆောက်အအုံများ အားလုံးနီးပါး ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိဟု Saw PDF တပ်ရင်း ၂ တပ်ရင်းမှူး ကိုမွန်ဂိုက ပြောသည်။

မြို့နယ်မီးသတ်ရုံးမှာမူ စစ်ရေးမဟာဗျူဟာအရ အချက်အချာကျသည့် နေရာတွင် တည်ရှိပြီး စစ်တပ်ဘက်က လက်နက်ကြီးအထိုင်ချနိုင်သည့်အတွက် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက အတည်ပြုသည်။

ထို့အတူ ဆောမြို့နှင့် ၁၀ မိုင်ကျော်အကွာတွင်ရှိသည့် လောင်းရှည်ရွာတွင်လည်း စစ်တပ်တပ်စွဲထားသည့် နေရာများကို ယနေ့ နံနက်ပိုင်းတွင် အလားတူ ဝင်တိုက်ရာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးမှုရှိကြောင်း Saw PDF ဘက်မှ ပြောသည်။

“လောင်းရှည်မှာက မြို့တွင်းထိတွေ့ပုံစံပဲဖြစ်မယ်။.. အရပ်သားသုံးယောက်ကတော့ စကစဘက်ကပစ်တဲ့ လက်နက်ကြီး အရပ်သားအိမ်တွေပေါ်ကျလို့ တစ်ယောက်က ခြေထောက်ဖြတ်လိုက်ရတယ်။ ပေါင်တစ်ချောင်းထိသွားတာပေါ့” ဟု ကိုမွန်ဂိုက ပြောသည်။

“တစ်ယောက်ကတော့ ဆုံးသွားတယ်။ နောက်ပြီးတော့ ကလေးတစ်ယောက် ထိထားတယ်”

လောင်းရှည်ရွာ ပစ်ခတ်မှုများမှာ ငြိမ်သက်သွားပြီဟု နံနက် ၁၁ နာရီဝန်းကျင်တွင် ကိုမွန်ဂိုက ပြောသော်လည်း ထိခိုက်၊ သေဆုံးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

ဆောမြို့နယ်အတွင်း ထိုသို့ တိုက်ပွဲများဖြစ်ခဲ့ပြီးနောက် ၁၂ မိုင်ခန့်အကွာရှိ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ဘက်မှ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတစ်ခု စစ်ကူထွက်လာသည်ဟု သတင်းရထားကြောင်း ကိုမွန်ဂိုက ပြောသည်။ 

ဆောမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံရုံးများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများကို ဖေဖော်ဝါရီ ၅ နောက်ဆုံးထားကာ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၃၀ တွင် ထုတ်ပြန်သတိပေးထားသည်။

သတိပေးခံထားရသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆက်သွယ်မေးမြန်း၍ မရသေးပါ။ ထို့အတူ အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးခွင့်မရသေးပေ။

မကွေးတိုင်းနှင့် ချင်းပြည်နယ်ကြား နယ်နိမိတ်ထိစပ်နေပြီး ဆော၊ ကျောက်ထု၊ ဂန့်ဂေါ မြို့တို့ပါဝင်သည့် ယောဒေသမှာ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို ခုခံနေသည့် ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းပြီး တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button