သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူတွင် စစ်တပ်က ရွာသား ၂၀ ခန့်ကို ပစ်သတ်ဟု ဒေသခံတို့ပြော

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့၏ စစ်သင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်စီးနင်းခဲ့ပြီးနောက် ရွာသားတချို့ ပစ်သတ်ခံရကြောင်း နယ်မြေခံ လက်နက်ကိုင်အဖွဲ့နှင့် ဒေသခံ သုံးဦးထံမှ သိရသည်။

ဇန်နဝါရီ ၃၁ နံနက်က သင်တန်းဆင်းပွဲ ပြုလုပ်စဉ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တပ်မှ ထွက်လာသော ရဟတ်ယာဉ် ၅ စီးဖြင့် အနီးရှိ ပဒတ္ထိုင်းရွာနှင့် PDF စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းခရိုင်တပ်ရင်း ၁ ၏ အပတ်စဉ် ၄ သင်တန်းဆင်းပွဲတက်ရောက်နေသော နယ်မြေခံပြောက်ကျားအဖွဲ့ အချို့ရှိနေသော်လည်း ရဟတ်ယာဉ်လာနေသည်ကို အဝေးမှ မြင်တွေ့ရသဖြင့် ကာကွယ်ရေးအဖွဲ့ဝင်များအားလုံး အချိန်မီရှောင်တိမ်းနိုင်ခဲ့ကြောင်း မြင်းမူမြို့နယ်အခြေစိုက် ဇာမဏီ (ZRF) အမည်ရ ပြောက်ကျားအဖွဲ့၏ ခေါင်းဆောင်က Myanmar Now ကို ပြောသည်။

“သင်တန်းဆင်းဖို့ စစ်ချီနေတဲ့အချိန်မှာ ရဟတ်ယာဉ် နှစ်စီးနဲ့ စလာတယ်။ ပထမတုန်းက လေယာဉ်(ရဟတ်ယာဉ်) နှစ်စီးက ကျွန်တော်တို့ သင်တန်းကွင်းထဲကို အနိမ့်နဲ့ လာပစ်တယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ လက်နက်ကြီးနဲ့ လုပ်တော့ သူတို့ အပေါ်ကို ပြန်မြင့်သွားတယ်။ မြေပြင်ကနေတော့ သူတို့ ကျွန်တော်တို့ဆီ မလာရဲဘူး”

ထိုသို့ ကာကွယ်ရေးစခန်းရှိရာသို့ မိနစ်ပိုင်းခန့် လှည့်ပတ်ပျံသန်းပစ်ခတ်ခဲ့ကာ စစ်ရဟတ်ယာဉ် ၃ စီးပေါ်မှ ဆင်းလာသည့် စစ်သားများက ပဒတ္ထိုင်းရွာနှင့် နီးစပ်သည့် ဒေသကာကွယ်ရေးအဖွဲ့ စခန်းတချို့ကို ဝင်ရောက်စီးနင်းခဲ့သည်။

“(လေကြောင်း)တိုက်ခိုက်ပြီးတော့ ကျွန်တော်တို့နဲ့ ၂ မိုင်အကွာမှာရှိတဲ့ဘက်ကို လေကြောင်းကနေ လူအင်အား ၁၀၀ လောက် ချတယ်။ နောက် ကျေးရွာဘက်နဲ့ ကျွန်တော်တို့ စခန်းတွေဘက်တွေကို ဝင်မွှေတယ်” ဟု ဇာမဏီအဖွဲ့ခေါင်းဆောင်က ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ပဒတ္ထိုင်းရွာသားတချို့သေဆုံးခဲ့ကြောင်း၊ နေ့လယ်တွင် ဘုန်းကြီး ၁ ပါး အပါအဝင် ရွာသား ၄၀ ကျော်ကို စစ်တပ်က ဖမ်းဆီးသွားပြီး ဒေသကာကွယ်ရေးစခန်းတစ်ခုလည်း မီးရှို့ခံရကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ရွာနှင့် ကာကွယ်ရေးစခန်းကို ဝင်စီးပြီး ရွာသားများကို သတ်ဖြတ်ခဲ့သည်ဆိုသည့် ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် ယမန်နေ့ (ဖေဖော်ဝါရီ ၂)နံနက်ပိုင်းတွင် မြင်းမူမြို့အဝင်ရှိ လမ်းအသုံးပြုခကောက်ခံသည့် တိုးဂိတ်တစ်ခု ဖျက်ဆီးခံရကြောင်း၊ နယ်မြေခံ PDF အင်အား ၃၀ ခန့်က ကားဖြင့်လာ၍ မိုင်းခွဲတိုက်ခိုက်သဖြင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၀၀၀ ခန့်ရှိခဲ့ကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ် ကြေးမုံသတင်းစာ၌ သတင်းဖော်ပြထားသည်။

အိမ်ထောင်စုပေါင်း ၆၅၀ ကျော်၊ ရွာနေလူဦးရေ ၂၅၀၀ ကျော် နေထိုင်သည့် ပဒတ္ထိုင်းရွာသည် မုံရွာ၊ ချောင်းဦး၊ အရာတော်၊ မြင်းမူစသည့် မြို့လေးခု၏ အလယ်တွင်ရှိပြီး မြင်းမူမြို့မှ ၁၃ မိုင်ခန့် ကွာဝေးသည်။

ပဒတ္ထိုင်းရွာအတွင်း စီးနင်းခံရပြီး ရွာလယ်လမ်းသွယ်များကြား၌ ပစ်သတ်ခံလိုက်ရသည့် ရွာသား ၂၀ ခန့် ရှိနိုင်သည်ဟု ကြားသိရသော်လည်း ထိုသူများထဲမှ ဦးခင်မောင်စိုး (အသက် ၅၀)၊ ကိုကျော်မျိုးဦး (အသက် ၃၀)၊ ဦးမျိုးချစ် (အသက် ၆၀) တို့ကိုသာ နာမည်နှင့်တကွ အတည်ပြုနိုင်သေးသည်ဟု အသက် ၃၀ ဝန်းကျင် ထိုရွာမှ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“ရွာထဲကိုက ဝင်ဝင်ချင်း တောင်ထိပ်ကနေ သေနတ်တွေနဲ့ ဆီးပစ်တာ။ အသတ်ခံရတာတော့ ၂၀ အနည်းဆုံးပဲ။ ဖမ်းဆီးခံရတာတော့ အယောက် ၂၀၀ ကျော်လောက်ရှိတယ်။ နှိပ်စက်ခံရတာလည်း ရှိတယ်၊ လူငယ်ပိုင်းတွေ ပိုပြီး နှိပ်စက်တယ်။ မျက်နှာတွေဆို ဖူးရောင်လို့” ဟု ၎င်းက ပြောသည်။

“အလောင်းတွေလည်း တွေ့ရတယ်။ မီးရှို့ထားတာတွေလည်း အဝေးကနေ လှမ်းမြင်ရတယ်။ ညကို တိတ်တခိုးဝင်တဲ့ အချိန်မှာလည်း တွေ့တယ် အလောင်းတွေ၊ လမ်းမကြီးပေါ်မှာ ဒီအတိုင်းတွေ တုံးလုံးပက်လက်တွေ” ဟု သူက ဆိုသည်။ 

သို့သော် ထိုကျေးရွာရှိ စာကြည့်တိုက်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ၌ စစ်ကောင်စီတပ်က တပ်စွဲထားသဖြင့် သေဆုံးသူတို့၏ အသေးစိတ်အချက်အလက်များ ကောက်ယူရာတွင် ၃ ရက်ကြာသည်အထိ အခက်တွေ့နေဆဲဟုလည်း ၎င်းက ပြောသည်။

ပဒတ္ထိုင်းရွာအုပ်စုအတွင်းရှိ သမန်းတော ၊ ဂရု၊ မဲနော စသည့်ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က ဝင်မွှေကာ နေအိမ်များကို ဖျက်ဆီးနေကြောင်း ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဝင်စီးခဲ့သော ပဒတ္ထိုင်းရွာတွင် သေဆုံးသူ၊ ဖမ်းဆီးခံရသူ အများအပြားရှိကြောင်း မြင်းမူနှင့် အရာတော်မြို့နယ်၌ လှုပ်ရှားနေသည့် ပြောက်ကျားအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

“အသတ်ခံရတာ ဘယ်နှယောက်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူး။ အလောင်းလည်း သွားမကောက်ရဲသေးဘူး။ ကျွန်တော်တို့က အဖွဲ့တွေအချင်းချင်း ချိတ်ဆက် ထောက်လှမ်းပြီးမှ ပြန်သိရတာ။ ရွာခံတချို့လွတ်တယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ထိုရွာမှ ၂ မိုင်ခန့်သာ ကွာဝေးပြီး အရာတော်မြို့နယ်ရှိ မလဲသာကျေးရွာအုပ်စုကိုလည်း စစ်ကောင်စီတပ်က ဝင်မွှေနေပြီး ထွက်ပြေးသွားသည့် ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ ဒေသခံများ၏ ဖုန်းဆင်းကတ်များကိုလည်း ထုတ်ယူဖျက်ဆီးခံနေရကြောင်း အရာတော်မြို့နယ် ပြန်ကြားရေးစာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ တွေ့ရသည်။

မလဲသာကျေးရွာအုပ်စုသည် အိမ်ထောင်စုပေါင်း ၁၇၀၀ ကျော်ရှိပြီး လူဦးရေ ၈၀၀၀ ကျော်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button