သတင်း

လွိုင်ကော်အနီး ခရီးသွားလာခွင့်ကို KNDF ပိတ်ပင်

ယမန်နေ့ (ဖေဖော်ဝါရီ ၁) မှစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က လွိုင်ကော် – ဒီးမော့ဆို – ဒေါတမကြီး – ဘောလခဲလမ်းပိုင်း သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်။

စစ်ဘေးဒုက္ခသည်၊ ကျန်းမာရေးကဲ့သို့သော အရေးပေါ်ကိစ္စမျိုးအတွက်သာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု KNDF သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူများထဲမှ တစ်ဦးက ပြောသည်။

“ပြည်သူလူထုရဲ့ လုံခြုံရေးပေါ့။ နောက်တစ်ခုကတော့ ဒီလမ်းကို အသုံးပြုပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့သူတွေကို လက်မခံနိုင်လို့ပါ” ဟု ၎င်းက ပြောသည်။ 

“ပြည်သူတွေရဲ့လုံခြုံရေးအရတော့ ပိတ်သင့်တယ်ဆိုပြီးတော့ သက်ဆိုင်ရာလူတွေက စစ်ဆေးပြီးမှ ဆုံးဖြတ်သဘောတူတာပါ။ ဒါက လူထုရဲ့လုံခြုံရေး၊ လူထုရဲ့အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်တာက အကျိုးကျေးဇူး အကြီးမားဆုံးပဲလို့ ယူဆပါတယ်” 

နေပြည်တော်နှင့် အနီးကပ်ဆုံးဒေသဖြစ်သော၊ လက်နက်ကိုင်ခုခံမှုအားကောင်းသော ဤဒေသတွင် စစ်ကောင်စီဘက်က တပ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာပို့ဆောင်ခြင်းတို့အတွက် ယင်းလမ်းပိုင်းကို အဓိကပြုလုပ်ခဲ့သည်ဟု ဆိုကာ KNDF က ဒီဇင်ဘာ ၃ ရက်နေ့ကတည်းက အဆိုပါလမ်းပိုင်းကို ပိတ်ထားခဲ့သည်။

ဇန်နဝါရီလ ၃ မှစ၍ တနင်္လာနေ့တိုင်း KNDF သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြတ်သန်းသွားလာခွင့် ပြန်ပေးထားရာမှ စစ်ရေးအခြေအနေ တင်းမာနေမှုများကြောင့် ပြန်ပိတ်လိုက်သည်ဟု သိရသည်။

ထိုလမ်းပိုင်းသည် ဖရူဆိုရှိ စစ်ကောင်စီအစောင့်ချထားသောဂိတ်ကို ရှောင်ကွင်းသွားလာနိုင်သည့်လမ်းဖြစ်ပြီး ကယားလူမျိုးများ အဓိကနေထိုင်ရာ ဒေါတမကြီးရွာကို တိုက်ရိုက်ရောက်သည့်လမ်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၅ နှစ်အရွယ် လွိုင်ကော်မြို့ဒေသခံ အမျိုးသားတစ်ဦးက ထောက်ပြသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ လှုပ်ရှားသည့် နယ်မြေလည်းဖြစ်သည်ဟု သူက ဆိုသည်။

“PDF လေးတွေက သူတို့ရဲ့ ဧရိယာထဲကို အရပ်သားကားတွေရော၊ တခြားကားတွေရော မလာစေချင်တဲ့ သဘောကြောင့် ပိတ်လိုက်တယ်လို့ ထင်ပါတယ်” ဟု ထိုသူက ပြောသည်။

လက်ရှိအချိန်တွင် ကရင်နီဒေသတွင်း၌ စစ်ကြောင်းထိုးပြီး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ကရင်နီတပ်မတော် (KA )၊ PDF, KNDF တို့နှင့် ရင်ဆိုင်နေရသည်။

ဇန်နဝါရီ နောက်ဆုံးပတ်အတွင်းက ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ် အင်အားအများအပြား ပင်လောင်း – ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းနှင့် ဆီဆိုင် – လွိုင်ကော် လမ်းပိုင်းမှတစ်ဆင့် ဝင်ရောက်လာနေသည်။

ဝင်လာသည့် တပ်ကို ဒေသခံ ပူးပေါင်းအဖွဲ့များက ဖယ်ခုံမြို့နယ်အနီးတွင်လည်းကောင်း၊ လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာအုပ်စု ကုန်းဆွတ်ကျေးရွာအနီးတွင်လည်းကောင်း ကြားဖြတ်တိုက်ခိုက်ကြသည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးများပြားလာချိန်တွင် လွိုင်ကော်၊ နမ်းမယ်ခုံ၊ ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့များကို တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ စေလွှတ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KNDF တာဝန်ရှိသူက ဆိုသည်။ 

“လွိုင်ကော်အရှေ့ဘက်ခြမ်းမှာတော့ တိုက်ပွဲကတော့ ဖြစ်နေတာရှိတယ်၊ ဒီးမော့ဆိုမှာတော့ မနေ့ညက နည်းနည်းဖြစ်တယ်၊ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ‌တော့ ဖရူဆိုဘက်မှာ တိုက်ပွဲတွေဖြစ်နေတာရှိတယ်” ဟု သူက ယမန်နေ့က ပြောသည်။

“အာဏာသိမ်း တစ်နှစ်ပြည့်ခါနီးမှာ တိုက်ပွဲနည်းနာပုံစံတွေက မတူတော့ဘူး။ စစ်ကောင်စီဘက်က တိုက်ပွဲကြီးငယ် မခွဲခြားဘဲ လေကြောင်းပစ်ကူနဲ့ ရက်ဆက်ပြီး အသုံးပြုနေရတာတော့ ကြုံနေရပါတယ်” 

အာဏာသိမ်းမှုတစ်နှစ်ပြည့်ချိန်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ကရင်နီဒေသ၌ ၉၀ ရာခိုင်နှုန်းအထိ ရပ်တန့်သွားပြီး KNDF အပါအဝင် လက်နက်ကိုင်အဖွဲ့များက ပြည်နယ်အဝင်အထွက်လမ်းကြောင်းများကို ထိန်းချုပ်ထားနိုင်သည်။ စစ်ကောင်စီက သူ၏ တပ်များအတွက် လက်နက်နှင့် ရိက္ခာကို ထောက်ပို့လေယာဉ်ဖြင့်သာ ပို့ဆောင်နေရသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button