မေးမြန်းခန်း

မြန်နှုန်းမြင့်အင်တာနက် ဘာကြောင့်လိုအပ်သလဲ

ဇူလိုင်လ၏ မိုးသဲသဲမဲမဲရွာနေသော စနေနေ့ မနက်ခင်းတစ်ခု ဖြစ်ပါသည်။ ရန်ကုန်မြို့လယ်သည် မိုးရာသီ၏အောက်တွင် ပြားပြားဝပ်နေရှာသည်။ တိုက်မြင့်တစ်ခု၏ အပေါ်ဆုံး ဆယ့်တစ်ထပ်အလွှာတွင် ရောက်နေကြသော လူငယ် ၃ဝ ကျော်မှာမူ အပြင်တွင် မိုး၊ လေ ကြီးနေသည်ကို သတိပြုမိဟန်မတူဘဲ အုပ်စုဖွဲ့ထိုင်ကာ ကွန်ပျူတာရှေ့တွင် အလုပ်ရှုပ်နေကြသည်။  

ထိုလူငယ်များမှာ software ရေးသူ၊ ပန်းချီ၊  ဒီဇိုင်း၊ ကာတွန်းရေးဆွဲသူ၊ ရွေးကောက်ပွဲပညာပေးအဖွဲ့တွင် လုပ်ကိုင်သူတို့ ဖြစ်ကြသည်။ သူတို့ ဤအခန်းအတွင်း ရောက်နေသည်မှာ ၁၂ နာရီကျော်ပြီ ဖြစ်သည်။ တချို့မှာ ဤနေရာတွင်ပင် ညအိပ်ခဲ့ကြသည်။ တချို့က အိမ်ပြန်ရေချိုး၊ အဝတ်အစားလဲပြီး ပြန်ရောက်ကြသူများဖြစ်သည်။

ထိုသောင်းပြောင်းထွေလာအုပ်စုကို အနီးအနားရှိ စားပွဲဝိုင်းတွင် ထိုင်ကြည့်နေသူမှာ ဖန်တီးရာအဖွဲ့ကို တည်ထောင်ခဲ့သော၊ ဤပွဲဖြစ်မြောက်အောင် ကြိုးပမ်းနေသော David Madden ပင် ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သော ရန်ကုန်အခြေစိုက် ဖန်တီးရာသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ်အား ပံ့ပိုးရာအဖွဲ့ဖြစ်ပြီး၊ IT နည်းပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့များ အပြန်အလှန်ချိတ်ဆက်ပေါင်းစည်းစေကာ တီထွင်ဆန်းသစ်မှုများဖြင့် မြန်မာနိုင်ငံ၏ အပြောင်းအလဲနှင့် ဖွံ့ဖြိုးရေးကို အရှိန်အဟုန်မြှင့်သွားစေရန် ရည်ရွယ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

“နည်းပညာဆိုတာဟာ code လုပ်တာ တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ Hardware ရော၊ ဒီဇိုင်းရေးဆွဲသူတွေရော၊ ဖန်တီးနိုင်စွမ်းရှိတဲ့ အနုပညာရှင်တွေရော ပါပါတယ်” ဟု သူက Myanmar Now ကို ပြောသည်။

“ဒီ ၄၈ နာရီ ကြာမယ့်ပွဲဆိုရင် ရွေးကောက်ပွဲအတွက် မဲပေးတဲ့ ပြည်သူတွေကို ပညာပေးတဲ့အဖွဲ့တွေက အနုပညာရှင်တွေနဲ့ ပေါင်းပြီး လုပ်နေကြတာ” ဟု သူက ဆိုသည်။

မေး –  David, ရှင်က နည်းပညာအဖွဲ့အစည်းအများအပြားလည်း ထူထောင်ဖူးတယ်။ တစ်ကမ္ဘာလုံး စည်းရုံးလှုံ့ဆော်တဲ့ ဝက်ဆိုက် Avaaz.org, အမေရိကန်အခြေစိုက် ဒစ်ဂျစ်တယ်ဗျူဟာလုပ်ငန်း Purpose, ရန်ကုန်အခြေစိုက် ပါရမီလမ်း ဈေးကွက်အေဂျင်စီတို့ကို တွဲဖက်တည်ထောင်တာတွေ လုပ်ခဲ့ဖူးတယ်၊ ကမ္ဘာ့ အီး−ဂါးဗားမင့်န်ဖိုရမ်က ရွေးချယ်တဲ့ “အင်တာနက်ဖြင့် နိုင်ငံရေးပြောင်းလဲစေရန် လုပ်ဆောင်နေသော ထိပ်တန်းပုဂ္ဂိုလ် ၁ဝ ဦး”  ထဲမှာလည်း တစ်ဦးအပါအဝင် ဖြစ်တယ်၊ အဲဒီလို နည်းပညာနဲ့ ပတ်သက်ရင် အတွေ့အကြုံ အများကြီးရှိတဲ့သူတစ်ဦးက မြန်မာပြည်မှာ ဘာတွေဆောင်ရွက်နေပါသလဲ။  

ဖြေ –  (ရယ်လျက်) ဟာ… ဒီအချိန်ဟာ မြန်မာနိုင်ငံသမိုင်းအတွက် အင်မတန်မှ အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ နှစ်ကာလအတော်ကြာ တံခါးပိတ်ထားတဲ့ မြန်မာနိုင်ငံဟာ အခုမှ ပွင့်လင်းလာတာပါ။ အခုမှ ဆက်သွယ်ရေးကောင်းကောင်း ချိတ်ဆက်မိတာ။ တကယ်ချိတ်ဆက်မိတော့လည်း မယုံနိုင်လောက်အောင် လျင်မြန်တဲ့နှုန်းနဲ့ သွားနေပါပြီ။

ဒါဟာ နည်းပညာကိုသုံးပြီး နိုင်ငံကို တိုးတက်အောင်လုပ်ဖို့ အခွင့်ကောင်းရတဲ့ အချိန်ပါပဲ။ နည်းပညာတွေက ဘာတွေလုပ်နိုင်တယ်၊ ဘယ်လိုလူတွေရဲ့ ဘဝတွေကို အကျိုးပြုနိုင်တယ်ဆိုတဲ့ အတွေ့အကြုံတွေကို ကျွန်တော်က ကံကောင်းထောက်မစွာ တွေ့မြင်ဖူးပါတယ်။ အဲဒီလိုအကျိုးပြုမှုမျိုး မြန်မာပြည်မှာလည်း ဖြစ်လာမယ်ဆိုရင် သိပ်ကောင်းမှာပါ။

မေး –  David က မြန်မာပြည်ကို ပထမဦးဆုံးအကြိမ် ရောက်လာတာ ဘယ်တုန်းကလဲ။

ဖြေ –  နာဂစ်တိုက်ပြီးမကြာမီမှာ ပထမဦးဆုံးအကြိမ် ရောက်ပါတယ်။ အဲဒီကတည်းက ဒီနိုင်ငံကို ချစ်ခဲ့ ခင်ခဲ့တာပါ။ လွန်ခဲ့တဲ့ သုံးနှစ်က ပြန်ရောက်လာပါတယ်။ မြန်မာပြည်ဟာ ထူးခြားတဲ့နိုင်ငံပါ။ ကျွန်တော် ဒီရောက်နေတာဟာ ကျွန်တော့်အတွက် ကံကောင်းတာပါပဲ။  

မေး –  ဖန်တီးရာကို မတည်ထောင်ခင်မှာ စခဲ့တဲ့ Code for Change အကြောင်း ပြောပြပေးပါ။  

ဖြေ –  တယ်လီဖုန်းကုမ္ပဏီတွေ ဝင်မလာခင်ကတည်းက ဒီလိုနည်းပညာတွေကို ထိပ်ဆုံးက အသုံးပြုမယ့် လူတစ်စုအတွက် ဘယ်လိုအကူအညီမျိုး ပေးရမလဲလို့ တွေးရင်းနဲ့ Code for Change ဆိုတာ ပေါ်ပေါက်လာတာပါ၊ ဒီနည်းပညာတွေရဲ့ စွမ်းရည်ကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ဖို့အတွက် ပဏာမခြေလှမ်းတစ်ခုပေါ့။  မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော hackathon တွေကို ကျင်းပနိုင်ခဲ့ပြီး မြန်မာပြည်က လူငယ်တွေ ဘယ်လောက်အလားအလာရှိသလဲဆိုတာ မြင်ခဲ့ရပါတယ်။ ဒီမှာ နည်းပညာနဲ့ ပတ်သက်လို့ ပင်ကိုစွမ်းရည်ထူးတဲ့သူတွေ ရှိပါတယ်။ ၂ဝ၁၄ မတ်လမှာ ကျင်းပခဲ့တဲ့ hackathon မှာ လူဦးရေ ၇၆ ယောက်ပါဝင်ပြီး စက်တင်ဘာပွဲမှာတော့ အယောက် ၁၆ဝ လျှောက်တဲ့အထဲမှာ ၁၁၇ ယောက် ပါဝင်ပါတယ်။ ပထမအကြိမ်မှာ လူမှုအဖွဲ့အစည်းတွေ၊ ဒုတိယအကြိမ်မှာ အငယ်စားစီးပွားရေးလုပ်ငန်းတွေက သူတို့တွေ့ရတဲ့ အခက်အခဲတွေကို တင်ပြတယ်၊ ပါဝင်သူတွေက အဖွဲ့ခွဲပြီး နည်းပညာအရ အဖြေရှာကြပါတယ်။ အဲဒီနောက်မှာတော့ ဒီလိုမျိုး နည်းပညာအကျိုးအရ ဖြစ်ပေါ်လာတဲ့ ဆန်းသစ်ပြောင်းလဲခြင်းတွေအတွက် အမြဲတမ်းနေရာတစ်နေရာရှိရင် ကောင်းမှာပဲလို့ တွေးမိတယ်။ အဲဒီနေရာဟာ “ဖန်တီးရာ” ပါပဲ။

အခုဆို အဲဒီလိုပွဲမျိုး တစ်ချိန်လုံးလုပ်ဖြစ်တယ်။ လတိုင်းမှာ နည်းပညာပိုင်း၊ အနုပညာပိုင်း၊ hardware ပိုင်း၊ ဒစ်ဂျစ်တယ်မီဒီယာပိုင်းကျွမ်းကျင်သူတွေအတွက် တွေ့ဆုံပွဲတွေ ရှိတယ်။ အမျိုးသမီး coder တွေအတွက် Geek Girls Myanmar တို့၊ ရန်ကုန်က ဂူဂဲလ် developer အဖွဲ့တွေလည်း ဖန်တီးရာကို သုံးပါတယ်။  

မေး –  အမျိုးသမီးဆိုလို့ ကမ္ဘာတစ်ဝန်း နည်းပညာလောကမှာ အမျိုးသမီးရှားပါးတဲ့ကိစ္စက ပြဿနာတက်နေပါတယ်။ မြန်မာပြည်ရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။  

ဖြေ –  စိတ်ဝင်စားစရာတစ်ချက်က မြန်မာပြည်က နည်းပညာလောကမှာ အမျိုးသမီးတော်တော်များများ အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ ကွန်ပျူတာတက္ကသိုလ်လို ပညာသင်တဲ့ နေရာတွေမှာဆိုရင် ဒါရိုက်တာနဲ့ ရာထူးကြီး မဟာဌာနအဖွဲ့ဝင် အတော်များများဟာ အမျိုးသမီးတွေပါ။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဦးဆောင်သူတွေကို မေးရင်လည်း သူတို့ဆီက ပရိုဂရမ်မာအများအပြားဟာ အမျိုးသမီးတွေလို့ ပြောပါတယ်။  

ဒါပေမယ့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ထင်သာမြင်သာ သိပ်မရှိဘူး၊ ပြီးတော့ နည်းပညာကုမ္ပဏီကြီးတွေမှာလည်း ရာထူးကြီးခေါင်းဆောင်နေရာမှာ သူတို့ကို သိပ်မမြင်ရဘူး။ ဒါကတော့ မြန်မာပြည်မှာတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းက နည်းပညာလောကမှာ ဖြစ်နေတာပါ။ Hackathon ရယ်၊ ဖန်းတီးရာရယ်က ရတဲ့ အတွေ့အကြုံတွေအရဆိုရင်တော့ အင်မတန်ထက်မြက်တဲ့ အမျိုးသမီးတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။
ဒီအချက်ကတော့ တစ်ကမ္ဘာလုံးရဲ့ နည်းပညာလောကအသိုင်းအဝိုင်းက နပန်းလုံးနေရတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ပေါ့။

မေး –  မြန်မာပြည်တိုးတက်စေဖို့ ဘယ်လိုနည်းပညာက အရေးပါသလဲ။  

ဖြေ –  လူအတော်များများက ဒစ်ဂျစ်တယ်ခုန်လွှားခြင်းဆိုတဲ့ အမြင်သဘောထားအကြောင်းကို ပြောကြတယ်။ အဲဒါက ဘာကိုဆိုလိုသလဲဆိုတော့ မြန်မာနိုင်ငံဟာ ရှေးနည်းပညာစနစ်တွေ မရှိခဲ့တဲ့အတွက် အခုနောက်ဆုံး နည်းပညာများဆီ တန်းသွားလို့ရတယ် ဆိုတာပါပဲ။ နည်းပညာဆိုတာ အင်မတန်မှ မောင်းနှင်အားကောင်းတဲ့အတွက် အလုပ်တွေကို ပိုပြီးတော့ လျင်လျင်မြန်မြန်၊ အကျိုးရှိရှိ၊  ထိထိရောက်ရောက် ပြီးမြောက်စေပါတယ်။ မြန်မာပြည်က ကျောင်းတွေမှာ ယုံကြည်အားထားရတဲ့ မြန်နှုန်းမြင့်ကြိုးမဲ့အင်တာနက်ကို ဈေးချိုချိုနဲ့ ရမယ်ဆိုရင် ဒီကကျောင်းသားတွေဟာ အွန်လိုင်းကနေသင်ယူလို့ရတဲ့ ကမ္ဘာအသစ်တစ်ခု ရလိုက်သလို ဖြစ်သွားမယ်။ ကျန်းမာရေးနဲ့ ဆေးဝါးကိစ္စတွေကို ကြည့်မယ်ဆိုလည်း နည်းပညာကြောင့် ဘယ်လောက်တိုးတက်လာသလဲဆိုတာ အားလုံးအမြင်ပါပဲ။ ဘယ်အခန်းကဏ္ဍမဆို နည်းပညာဟာ ကြီးပွားတိုးတက်ရေးကို အရှိန်မြှင့်စေပါတယ်။ အခုအချိန်မှာ ဒါဟာ မြန်မာပြည်မှာ အင်မတန်လိုအပ်နေတာပါ။  မြန်မာပြည်ဟာ အမီလိုက်စရာတွေ အများကြီးရှိနေတဲ့အချိန်မှာ မြန်မြန်အမီလိုက်အောင် နည်းပညာက လုပ်ပေးနိုင်ပါတယ်။  

မေး –  မြန်မာနိုင်ငံဟာ ရှေးနည်းပညာစနစ်တွေ မရှိခဲ့ဘူးလို့ ဆိုပေမယ့် တစ်ခုတော့ရှိပါတယ်။ ဇော်ဂျီနဲ့ ယူနီကုတ်ကျတော့ ဘယ်လိုလုပ်မလဲ။  

ဖြေ –  ယူနီကုတ်က တစ်ကမ္ဘာလုံးရဲ့ စံချိန်စံညွှန်းနဲ့ ညီပါတယ်။ နိုင်ငံတကာကုမ္ပဏီကြီးတွေကလည်း ယူနီကုတ်ပဲ သုံးပါတယ်။ မြန်မာနိုင်ငံဟာ ယူနီကုတ်ကို အမြန်ဆုံးပြောင်းသင့်ပါတယ်။ မပြောင်းရင်တော့ ဘောလုံးကို ခြေထောက်မှာ သံကြိုးနဲ့ချည်ပြီး အပြေးပြိုင်ပွဲ ဝင်ပြိုင်တဲ့သူလို ဖြစ်နေလိမ့်မယ်။ မြန်မြန်ပြောင်းလေ ကောင်းလေပါ။  

မေး –  ကမ္ဘာတစ်ဝန်း နည်းပညာလောကမှာတော့ အောင်မြင်မှုမရှိခြင်းဆိုတာကို အတွေ့အကြုံရတယ်၊ ဂုဏ်သိက္ခာတစ်မျိုးလို့ မြင်ကြတယ်။ အရှေ့တောင်အာရှနဲ့ မြန်မာပြည်မှာတော့ ဒါကို အရှက်တွေ့စရာ၊ ကြောက်စရာ၊ ဘယ်နည်းနဲ့မဆိုရှောင်စရာလို့ မြင်ကြတယ်။  

ဖြေ –  မအောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကနေ သင်ယူခြင်း၊ သင်ခန်းစာရခြင်းဆိုတာဟာ နည်းပညာလောကနဲ့ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများမှာ တကယ်လိုအပ်ပါတယ်။ ရှေ့လာမယ့်နှစ်များမှာ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ ပိုများလာပြီဆိုရင် တချို့လုပ်ငန်းတွေက မလွဲမသွေ မအောင်မြင်ဘူးဆိုတာ ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီအသိုင်းအဝိုင်းက ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလိမ့်မယ်။ ကျွန်တော်ကတော့ သူတို့ ဝမ်းသာအားရ ကြိုဆိုကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး –  မြန်မာပြည်က အခုမှစတဲ့ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ တွေ့ရတဲ့ အကြီးမားဆုံးသော အခက်အခဲတွေက ဘာတွေဖြစ်မလဲ။  

ဖြေ –  အရင်တုန်းကတော့ အကြီးမားဆုံးသော အခက်အခဲက ဈေးကွက်မရှိတာပဲ။ ဒါကြောင့်မို့လို့ မိုဘိုင်းဈေးကွက်ပွင့်လာတာဟာ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတာပေါ့။ အခုဆို မိုဘိုင်းသုံးသူ လူဦးရေသန်းချီပြီး ရှိနေတဲ့အပြင် သူတို့ဟာ အင်တာနက်ပါ ပုံမှန်သုံးကြတယ်။ သုံးစွဲသူတွေပေါ်လာပြီဆိုတော့ ဒီဈေးကွက်ပြဿနာဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်နေပြီ။ နည်းပညာဆိုင်ရာနယ်ပယ်ကကြည့်ရင် အခုထက်ထိလည်းရှိနေတဲ့ ပြဿနာအကြီးကြီးကတော့ အင်တာနက်ပဲ။ အလုပ်လုပ်တဲ့၊ ကုန်ထုတ်လုပ်တဲ့ စွမ်းအားအတွက် မြန်ဆန်ပြီး ယုံကြည်အားထားရတဲ့ အင်တာနက်ရှိဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။ နည်းပညာပိုင်းဆိုင်ရာလောကမှာဆို ပိုတောင် အရေးပါပါတယ်။ အင်တာနက် ကောင်းကောင်းဟာ developer တစ်ယောက်အတွက် အကောင်းဆုံးသောလက်နက်တွေထဲက တစ်ခုပါပဲ။ မိုဘိုင်းဈေးကွက်ပွင့်လာတဲ့အပေါ် အရမ်းကို စိတ်လှုပ်ရှားကြပေမယ့် ISP လို့ခေါ်တဲ့ အင်တာနက်ကို ဝန်ဆောင်မှုပေးတဲ့ဈေးကွက်ကတော့ ပြောင်းလဲမှု သိပ်မရှိခဲ့ဘူး။ စီးပွားရေးလုပ်ငန်းလုပ်နေသူတစ်ယောက်အတွက် ကြိုးမဲ့စနစ်နဲ့ချိတ်ရတဲ့ အင်တာနက်ကွန်နက်ရှင် ကောင်းကောင်းရဖို့ဆိုတာ အခုအချိန်မှာ အရမ်းခက်ခဲပြီး အရမ်းလည်း ဈေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းသေးတွေအတွက် အများနဲ့ ယှဉ်ပြိုင်နိုင်ခွင့်ရအောင် ထောက်ကူပေးမယ့် ISP ဈေးကွက် တကယ်ပွင့်လာတာကို မြင်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်နှုန်းမြင့်အင်တာနက် မရှိသေးသရွေ့  မြန်မာနိုင်ငံဟာ နည်းပညာရဲ့ စွမ်းရည်အပြည့်အစုံကို အသုံးချနိုင်ဦးမှာ မဟုတ်ဘူး။  

မိုဘိုင်းအင်တာနက်နဲ့ မလုံလောက်ပါဘူး။ ဒီအရှေ့တောင်အာရှနယ်ပယ်ဒေသမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံဆို business process outsourcing (လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုတွေအတွက် ပြင်ပကုမ္ပဏီကို တာဝန်ပေးခြင်း) တွေကို သူတို့နိုင်ငံရဲ့စီးပွားရေးမှာ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါမျိုးက မိုဘိုင်းကနေ လုပ်လို့မရဘူး။ ဈေးချိုချိုသာသာနဲ့ သုံးခွင့်ရမယ့် ကျယ်ပြောတဲ့ ဖိုင်ဘာကွန်ရက်ရှိဖို့ လိုအပ်ပါတယ်၊ အင်မတန်အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ အဆင့်မြင့်ပညာရေးဆုံးရှုံးခဲ့ရခြင်းရဲ့ နောက်ဆက်တွဲရလဒ်တွေပါပဲ။ အခန်းကဏ္ဍစုံက ဒီဝေဒနာကို ခံစားနေရပေမယ့် နည်းပညာလိုနေရာမျိုးမှာ ပိုပြီးသိသာတယ်။  

မေး –  David  ရန်ကုန်ကို ဒီတစ်ခေါက် ပြန်ရောက်စအချိန်နဲ့ ယှဉ်ရင် နည်းပညာအသုံးပြုကြတာတွေက ဘယ်လောက်ထိတောင် ပြောင်းလဲသွားပြီလဲ။

ဖြေ –  ပြီးခဲ့တဲ့ ၁၂ လ ကျော်ကျော်တုန်းကဆို MPT တစ်ခုပဲ ရှိသေးတာ။ ရန်ကုန်လိုနေရာမျိုးမှာတောင်မှ တယ်လီဖုန်းဆင်းကတ်တွေက သိပ်ဈေးကြီးတုန်းပဲ။ အခုတော့ ဆင်းကတ်ပေါင်း သန်းချီပြီးရှိနေပြီဆိုတာ တကယ့်အံ့မခန်းပါပဲ။ လာမယ့်နှစ်တွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အွန်လိုင်းရောက်လာပြီဆိုရင် ပြောင်းလဲမှုက ပိုပြီးတောင် မြန်ဆန်လာလိမ့်မယ်။ ဒီမှာအရေးကြီးတာက နည်းပညာရဲ့ အကျိုးကျေးဇူးကို ရအောင်ယူဖို့ပဲ။ နည်းပညာဆိုတာ Facebook တင်၊  Viber တင် မဟုတ်ပါဘူး။ လူတွေကိုအကျိုးပြုတဲ့၊ နည်းပညာကိုသုံးပြီး ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ၊ အပလီကေးရှင်းတွေ ထွက်လာတဲ့အခါမှာ ဘဝတွေပြောင်းလဲသွားကြတာကို တွေ့မြင်ရမှာပါ။

Show More

Related Articles

Back to top button