အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်တာနက် ဆင်ဆာဖြတ်ရန်နှင့် စောင့်ကြည့်ရန် တရုတ်နည်းပညာကို စစ်ကောင်စီသုံး

စစ်ကောင်စီ၏ အင်တာနက် ဆင်ဆာဖြတ်တောက်၊ ကြားဖြတ်စောင့်ကြည့်မှုတွင် တရုတ်နည်းပညာသုံးနေသည်ဟု Justice For Myanmar (JFM) က ထုတ်ပြန်သည်။

စစ်ကောင်စီသည် အင်တာနက် ဆင်ဆာဖြတ်တောက်ခြင်းနှင့် ကြားဖြတ်စောင့်ကြည့်ခြင်းတို့လုပ်နိုင်ရန် တရုတ်နည်းပညာအကူအညီများကို ရယူလုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar (JFM) က ယမန်နေ့ (ဇွန် ၁၉) တွင် ထုတ်ပြန်သည်။

ထိုအင်တာနက်ထိန်းချုပ်ရေးစနစ်သစ်ကို အဆင့်မြှင့်တင်ကာ ပြီးခဲ့သည့် မေလကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီက အသုံးပြုနေ​သည်၊ ပြည်သူများကို ထပ်မံ ဖမ်းဆီးရာတွင် အသုံးပြုနိုင်သည်ဟု JFM က ဆိုသည်။

တရုတ်နည်းပညာများသည် အင်တာနက်ဝန်ဆောင်မှုပေးသူများ (မိုဘိုင်းအော်ပရေတာများအပါအဝင်) နှင့် အင်တာနက် Gateway များကို စောင့်ကြည့်စစ်ဆေးခြင်း၊ ဆင်ဆာဖြတ်ခြင်းတို့ လုပ်နိုင်မည့် လုံခြုံရေးမြှင့်တင်ထားသောကွန်ရက်များကို အသုံးပြုထားသည်ဟု ဆိုသည်။

ထို့ကြောင့် သုံးစွဲသူများ၏ အင်တာနက်အသုံးပြုမှု အသေးစိတ်အချက်အလက်များ၊ ဒေတာပက်ကေ့ချ်များကို ဖမ်းယူစောင့်ကြည့်ကာ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်မည်၊ ဖုန်းမက်ဆေ့ချ် (စာတိုစနစ်) နှင့် အီးမေးအကြောင်းအရာများအထိ ထောက်လှမ်းနိုင်မည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ စနစ်အသစ်သည် တရုတ်နိုင်ငံအခြေစိုက် Geedge Networks ဟုလည်း လူသိများသော သတင်းအချက်အလက်နည်းပညာကုမ္ပဏီ Jizhi (Hainan) ၏ Tiangou Secure Gateway (TSG) နှင့် Cyber ​​Narrator စနစ်များကို အသုံးပြုထားကြောင်း JFM က ဆိုသည်။

TSG သည် အင်တာနက်စောင့်ကြည့်ခြင်းနှင့် ဆင်ဆာဖြတ်ခြင်းနည်းပညာထုတ်ကုန်တစ်ခုဖြစ်သည်။ VPN များအပါအဝင် အက်ပလီကေးရှင်းများကို ၎င်းတို့၏ အပြုအမှုများနှင့် လက္ခဏာများပေါ် မူတည်၍ ပိတ်ပင်နိုင်သည့် Firewall တစ်ခုအဖြစ်လည်း လုပ်ဆောင်နိုင်သည်။

“တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ မြန်မာခရိုနီအပေါင်းပါတွေက စုံစမ်းထောက်လှမ်း​ရေးနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးနည်းပညာတွေကို တရားမဝင်စစ်အုပ်စုထံ ပေးအပ်နေပြီး၊ ဒါက လူသန်းပေါင်းများစွာအပေါ် ထိခိုက်သက်ရောက်မှုတွေရှိလာမှာ ဖြစ်ပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

စစ်ကောင်စီ၏ အင်တာနက်ဆင်ဆာနှင့် စောင့်ကြည့်ထောက်လှမ်းရေးစနစ်များကို တရုတ်ကုမ္ပဏီများ၏ နည်းပညာအကူအညီများလုပ်ဆောင်ချိန် တည်နေရာခြေရာခံစနစ်အတွက် မြန်မာလက်နက်ပွဲစားကုမ္ပဏီဖြစ်သော Mascots Group လည်း ပါ​ဝင်ပတ်သက်နေသည်။

Mascots Group သည် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာဝင်းကျော် ဦးဆောင်သည့် ကုမ္ပဏီငါးခု၏ ကွန်ရက်တစ်ခုဖြစ်သည်။ သူသည် Burbrit Beer ကို ပူးတွဲတည်ထောင်သူဖြစ်လည်းဖြစ်သည်ဟု JFM က ဆိုသည်။

အင်တာနက်စောင့်ကြည့်ခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းစနစ်ကို စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဌာန (ITCSD) တွင် တရုတ်နိုင်ငံမှ နည်းပညာရှင်အဖွဲ့တစ်ဖွဲ့ဖြင့် အကောင်အထည်ဖော်နေကြောင်း သိရသော်လည်း JFM အနေဖြင့် ထိုတရုတ်နည်းပညာအဖွဲ့တွင် Geedge Networks သို့မဟုတ် အခြားကုမ္ပဏီများမှ ပါဝင်ပတ်သက်ခြင်းရှိမရှိကို အတည်မပြုနိုင်ကြောင်း ဆိုထားသည်။

သို့သော် ITCSD အတွက် တည်နေရာခြေရာခံစနစ်တွင် မြန်မာလက်နက်ပွဲစားကုမ္ပဏီ Mascots Group ပါဝင်ပတ်သက်နေကြောင်း ထိုစီမံကိန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး JFM က ပြောသည်။

အဆိုပြုထားသည့် တည်နေရာခြေရာခံစနစ်ကို နောက်ထပ်တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် China National Electronics Import and Export Corporation (CEIEC) ထံမှ ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

CEIEC သည် မြန်မာစစ်တပ်ကို လေကြောင်းရန်ကာကွယ်ရေး ရေဒါစနစ်များ အဓိကပံ့ပိုးပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်ဟု JFM က ဆိုသည်။ ထို့ပြင် ထောက်လှမ်းရေးနည်းပညာ (C4ISR) စနစ်၊ တာဝေးကင်းထောက်ရေဒါနှင့် ပစ်မှတ်စုံတိုက်ခိုက်ရေး ဒရုန်းစနစ်များကို မြန်မာစစ်တပ်ထံ ကာလကြာရှည်စွာ တင်သွင်းပေးနေသည့် ကုမ္ပဏီဖြစ်သည်ဟု JFM က ဆိုသည်။

ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် CEIEC Myanmar အမည်ဖြင့် ကုမ္ပဏီခွဲတည်ထောင်ထားပြီး အုပ်ချုပ်မှုဒါရိုက်တာအဖြစ် Zhang Anwei က တာဝန်ယူထားသည်ဟု JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

CEIEC နှင့် မြန်မာစစ်တပ်ကို အင်တာနက်ဆင်ဆာစနစ်နှင့် စောင့်ကြည့်ထောက်လှမ်းရေးစနစ်များ ထောက်ပံ့နေသည့် Geedge Networks တို့ ဆက်စပ်မှုရှိနေသည်။

CEIEC ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော China Electronics Corporation ကုမ္ပဏီ၏ သိပ္ပံပညာရှင်ချုပ်သည် Geedge Networks တည်ထောင်သူ Fang Binxing ပင်ဖြစ်သည်ဟု JFM က ဖော်ထုတ်ထားသည်။

တရုတ်က စီးပွားဖြစ်ရောင်းချသော “Great Firewall” ဗင်နီဇွဲလားအစိုရထံ ပေးအပ်ခဲ့သည့် CEIEC ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။  

မရတနာမောင်က “ဒီတရုတ်နည်းပညာသစ်တွေက စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထပ်ဆင့်ကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ယင်းတို့မလိုလားသည့် အင်တာနက်စာမျက်နှာများကို ပြည်သူအများ မကြည့်နိုင်ရန် ပိုမို ကြိုးပမ်းလာနေပြီး အင်တာနက်ဝန်ဆောင်မှုပေးနေသည့် အော်ပရေတာကုမ္ပဏီများကိုလည်း ထိုသို့ ဆောင်ရွက်ရန် ဖိအားပေး ခြိမ်းခြောက်နေသည်

VPN သုံးစွဲမှုကို ဆက်သွယ်ရေးအော်ပရေတာများက မထိန်းချုပ်ပါက သတင်းအချက်အလက်များ၊ အင်တာနက်စာမျက်နှာများကို ကြည့်ခွင့်မရစေရန် ပိတ်ပင်နိုင်သည့် Firewall နည်းပညာကို စစ်ကောင်စီက အသုံးပြုလာနိုင်သည်ဟုလည်း နည်းပညာရှင်များက ယုံကြည်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button