သတင်း

VPN အကြောင်းပြ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများ ငွေညှစ်နေ

မြန်မာနိုင်ငံတွင် မဖြစ်မနေ သုံးနေကြသည့် VPN ကို အကြောင်းပြုပြီး ဒေသတချို့ရှိ စစ်ဆေးရေးဂိတ်များတွင် ရဲနှင့် စစ်သားတို့က ခြိမ်းခြောက် ငွေတောင်းနေကြသည်။

အင်တာနက်သုံးစွဲသူ၏ တစ်ကိုယ်ရေလုံခြုံရေးကို အကာအကွယ်ပေးမည့် VPN ဆော့ဝဲ အသုံးပြုခွင့် ပိတ်ပင်ရန် စစ်ကောင်စီက အကြီးအကျယ်ကြိုးပမ်းနေချိန်တွင် ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ စစ်ဆေးရေးဂိတ်တချို့တွင် ရဲနှင့် စစ်သားများက လက်ကိုင်ဖုန်းများကို စစ်ဆေးနေပြီး VPN ဆော့ဝဲ ဖုန်းတွင် ထည့်သွင်းထားသည်ကို တွေ့ပါက ငွေညှစ်လေ့ရှိသည်ဟု ဒေသခံတချို့က ဆိုသည်။

ယမန်နေ့ (ဇွန်လ ၁၂ ရက်) ညနေပိုင်းတွင် မန္တလေးတိုင်း ကျောက်ဆည်မြို့ မြို့လည်ကောင် မီးပွိုင့်တွင် လက်နက်ကိုင် အရပ်ဝတ်များ အပါအဝင် ရဲနှင့် စစ်သားတို့က အလားတူ ပြုမူနေသည်ဟု ကျောက်ဆည်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဖုန်းစစ်ပြီး VPN တွေ့လို့ ငွေ ၃၀၀,၀၀၀ တောင်းတာပါ။ မပေးရင် ဖုန်းထားခဲ့ဆိုလို့ အိမ်ကို ဖုန်းဆက်ပြီး ပိုက်ဆံလှမ်းတောင်းတာ တွေ့ခဲ့ရတယ်၊ အရပ်ဝတ်တွေရော စစ်သားတွေရောပါ” ဟု ထိုဖြစ်ရပ်ကို တွေ့ခဲ့ရသည့် အမျိုးသမီးက ဆိုသည်။

ထို့အတူပင် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းကလည်း မန္တလေး ၂၆ လမ်း ၇၁ လမ်း ကျုံးဘေးတွင် အသက် ၂၀ အရွယ် လူငယ်အမျိုးသား ၂ ဦး၏ ဖုန်းများစစ်ဆေးပြီး VPN တွေ့ရှိသည်ဆိုကာ ငွေ ၂၀၀,၀၀၀ တောင်းခံ ပြန်လွှတ်လိုက်ကြောင်း မန္တလေး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အမျိုးသားက ပြောသည်။

“မြေပြင်မှာတော့ တကယ်ပေးနေရတယ်၊ ဖုန်းတွေစစ် ငွေတွေညှစ်နေတယ်၊ ဒါကိုသိလို့ တင်တဲ့သူတွေကိုတော့ သတင်းအမှားဆိုပြီး လိုက်ဖမ်းနေတယ်” ဟု ယင်းက ဆိုသည်။

“ကျွန်တော့်မိတ်ဆွေတစ်ဦးလည်း ဆိုင်ကယ်ဖမ်းခံရင်း ပေးခဲ့ရတယ်။ မော်တော်ပီကယ် (ယာဉ်ထိန်း) တွေကိုက ဖုန်းတွေပါ စစ်ပြီးတောင်းတာ”

အလားတူ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တွင်လည်း ရဲနှင့် စစ်သားတို့က VPN အကြောင်းပြု ငွေတောင်းခဲ့သည်ဟု အသက် ၃၀ အရွယ် ကာယကံရှင် အမျိုးသားက ပြောသည်။

“ဆိုင်ကယ်လိုင်စင်စစ်သလိုနဲ့ ဖုန်းပါစစ်တယ်၊ ပြီးတော့ VPN သုံးတယ်ဆိုပြီး ဖမ်းထားတယ်၊ ပိုက်ဆံပေး VPN ဆော့ဝဲ ဖျက်ရင် ပြန်လွှတ်ပေးမယ်ပြောလို့ ငွေတစ်သိန်းပေးလိုက်ရတယ်” ဟု ထိုအမျိုးသားက ပြောသည်။

ထိုသို့ လုံခြုံရေးအကြောင်းပြ စစ်ဆေးစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ငွေကြေးလှူဒါန်းမှုများနှင့် နိုင်ငံရေးဆက်နွှယ်သည့် အကြောင်းအရာများကို တွေ့သဖြင့် ဖမ်းဆီးခံရပြီး သိန်းရာနှင့်ချီ လာဘ်ထိုးခဲ့ရသူ ရှိသည်ဟုလည်း ကာယကံရှင် မိသားစုနှင့် နီးစပ်သည့် ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

“နိုင်ငံခြားမှာနေတုန်းက လှူထားတာတွေ့တာ အဲဒါကို မေ့ပြီးမဖျက်မိတာ၊ ခုစစ်တော့တွေ့လို့ အဖမ်းခံရတာ၊ ၆ လလောက် ထောင်ထဲနေရပြီး ငွေသိန်း ၂၀၀ ကျော်လောက် ကုန်သွားတယ်” ဟု ၎င်းက ဆိုသည်။

VPN နှင့် လှုမှုကွန်ရက်သုံးစွဲမှုကြောင့် ဘိုကလေးမြို့နယ် ဒေသခံလူငယ် ၁၀ ဦး ဖမ်းဆီးခံထားရပြီး ရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း DVB သတင်းဌာနကလည်း ရေးသားဖော်ပြထားသည်။

ပဲခူးတိုင်းအနောက်ဘက်ခြမ်း ပြည်မြို့တွင်လည်း ရဲတပ်ဖွဲ့ဝင်များက VPN စစ်ဆေးပြီး ဒေသခံများထံမှ ဒဏ်ငွေ ကျပ် ၅၀,၀၀၀ ​တောင်းခံသည်ဟု ပဲခူးတိုင်းသတင်းများကို အထူးပြုရေးသားသည့် မြေလတ်အသံသတင်းဌာနက ဖော်ပြသည်။

VPN အကြောင်းပြု နှိပ်ကွပ်မှုသည် တစ်နိုင်ငံလုံးအနေဖြင့် မဟုတ်ဘဲ တိုင်းဒေကြီးပြည်နယ်တချို့၌သာ ဖြစ်ပွားနေပြီး နေပြည်တော်နှင့် ရန်ကုန်မြို့ကြီတွင် ထိုသို့ အနိုင်ကျင့်မှု မကြုံရသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“နေပြည်တော်မှာက လိုင်စင်စစ်၊ ဦးထုတ်စစ်ပြီး ငွေတောင်းတာများတယ်၊ ခုထိတော့ VPN ဆော့ဝဲစစ်တာ မရှိသေးဘူး၊ ဒါပေမဲ့ ခုလို စစ်တယ်ကြားတော့ စိုးရိမ်တဲ့သူတွေက ဖုန်းထဲမှာ မထားတော့ဘဲ ဖျက်ပစ်ကြတယ်” ဟု နေပြည်တော်ဒေသခံ  အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက VPN အသုံးပြုနိုင်မှု အင်တာနက်ကုမ္မဏီမှများတစ်ဆင့် ဟန့်တားနေသော်လည်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဘဲ နေပြည်တော်ရှိ ဆက်သွယ်ရေးဝန်ကြီးဌာနများအပါအဝင် ဌာနများ၌ VPN ဆော့ဝဲကို အသုံးပြုနေဆဲဖြစ်ကြောင်း ဝန်ကြီးဌာန သတင်းရင်းမြစ်များက ပြောသည်။

“ကျွန်မတို့ဆီမှာ VPN နဲ့ပက်သက်ပြီး တရားဝင်စာလည်း မထွက်ဘူး၊ ဝန်ထမ်းတွေကိုယ်တိုင် သုံးလို့ရတဲ့ VPN က ခုထိသုံးနေတုန်းပဲ၊ မြေပြင်မှာ စစ်သားနဲ့ ရဲတွေက ထွက်လာတဲ့ သတင်းတွေကို ပုံမှားရိုက်ပြီး ပိုက်ဆံရှာနေတာနေမယ်” ဟု နေပြည်တော် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း အသုံးပြုနေကြရသည့် VPN App များ။

VPN သုံးပါက ထောင် ၃ နှစ်ထိ ချနိုင်ရန် စစ်ကောင်စီပြင်ထား

စစ်တပ်အာဏာသိမ်းပြီးစတည်းက အင်တာနက်သုံးစွဲမှုကို ကန့်သတ်ပိတ်ပင်ရန် စစ်ကောင်စီက အစဉ် ကြိုးပမ်းခဲ့သည်။ အာဏာသိမ်းပြီး ၉ ရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို အဆောတလျင် ရေးဆွဲခဲ့သည်။

ထိုဥပဒေမူကြမ်းတွင် ယခင်က ပုဒ်မ ၈၉ ခုပါဝင်သည်။ အင်တာနက်စာမျက်နှာများတွင် တည်ဆဲဥပဒေနှင့် ဆန့်ကျင်သည့် အရေးအသားများ ဖြန့်ဝေခြင်း၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်၊ အယုံအကြည်ပျက်စေရန်၊ အကြည်ညိုပျက်စေရန်၊ အသင်းအဖွဲ့ကွဲစေရန် အကောင့်တုများဖြင့် ရေးသားဖော်ပြခြင်း၊ နိုင်ငံလုံခြုံရေး တည်ငြိမ်ရေးပျက်ရန် ဆိုက်ဘာအရင်းအမြစ်များ အသုံးပြု၍ လုပ်ဆောင်ခြင်းတို့သည် ပြစ်မှုမြောက်သည်ဟု ထိုဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။

ထိုဥပဒေမူကြမ်းကို အကြိမ်ကြိမ်ပြင်ဆင်ခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပုဒ်မပေါင်း ၁၁၅ ခုအထိ တိုးလာသည်ကို တွေ့ရသည်။ ထိုမူကြမ်းတွင်လည်း အများပြည်သူသတင်းအချက်လက် သိရှိခွင့်နှင့် အင်တာနက်သုံးစွဲခွင့်ကို ကန့်သတ်နိုင်သည့် ပုဒ်မများပါဝင်လာသည်။

အထူးခြားဆုံးအချက်တစ်ချက်အဖြစ် ပုဒ်မ ၉၀ တွင် Virtual Private Network (VPN) အသုံးပြုခွင့်ကို ပိတ်ပင်ထားသည်ကိုတွေ့ရသည်။

ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ VPN နည်းပညာ သို့မဟုတ် အလားတူနည်းပညာသုံး၍ ကွန်ရက်ထူတောင်ခြင်း၊ ကွန်ရက်သို့ ဝင်ရောက်ချိတ်ဆက်ခြင်း၊ အသုံးပြုခြင်းတွေ့ရှိပါက ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်၊ ငွေဒဏ် သိန်း ၅၀ ချမှတ်နိုင်သည်ဟု ပုဒ်မ ၉၀ တွင် ဖော်ပြသည်။

လတ်တလောတွင် ထိုဥပဒေမူကြမ်း မည်သည့်အခြေအနေတွင် ရောက်ရှိနေသည်ကို အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီသည် အမျိုးသားဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းနိုင်ရန် အပူတပြင်းလုပ်ဆောင်နေသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

ထို ဥပဒေတွင် VPN သုံးပါက ထောင်ချနိုင်သည့် ပုဒ်မလည်း ပါဝင်နိုင်သည်ဟု ယုံကြည်ရသည်။

VPN သည် အင်တာနက်အသုံးပြုသူ၏ IP address ကို အသစ်ဖန်တီးပေးကာ သုံးစွဲသူ၏ တစ်ကိုယ်ရေလုံခြုံရေးကို အကာအကွယ်ပေးသည့် နည်းပညာသုံး ဆော့ဝဲဖြစ်သည်။ VPN သုံးစွဲမှုကို အစိုးရနှင့် ဆက်သွယ်ရေးကုမ္ပဏီများက တားမြစ်လိုလျှင် လူသုံးများသည့် အခမဲ့ VPN များ၏ ဆာဗာများက ဖန်တီးပေးသည့် IP address များကို ပိတ်ပင်နိုင်သည်။

အလားတူ VPN လမ်းကြောင်းများထုတ်လွှင့်၊ ထိန်းချုပ်သည့် နေရာဖြစ်သော VPN port ကိုလည်း Firewall ကို အသုံးပြု၍ ပိတ်ပင်နိုင်သေးသည်။ VPN အသုံးပြုမှုလမ်းကြောင်း ပုံစံများကိုလည်း စိစစ်ထုတ်ကာ VPN သုံးစွဲမှုများကို ပိတ်ပင်နိုင်သည်။

အင်တာနက်လိပ်စာ (IP address) များသည် VPN သုံးစွဲမှုအပေါ် အခြေခံ၍ ပေါ်ပေါက်လာပြီး ထို IP address များကို ကန့်သတ်လိုက်ခြင်းဖြင့် VPN မသုံးနိုင်စေရန် အော်ပရေတာများက တားဆီးနိုင်သည်။ ထိုအချက်ကို အခွင့်ကောင်းယူ၍ စစ်ကောင်စီက VPN များကို ပိတ်ပေးရန် ဆက်သွယ်ရေးအော်ပရေတာများကို ဖိအားပေးနေသည်။

စစ်ကောင်စီက ယင်းတို့ပိတ်ပင်လိုသည့် အင်တာနက်စာမျက်နှာများ၊ သတင်းအဓိကထား တင်ဆက်နေသည့် အင်တာနက်စာမျက်နှာများကို အများပြည်သူ မဖတ်နိုင်စေရန် ဆက်သွယ်ရေးကုမ္ပဏီများနှင့် နေပြည်တော်တွင် ဆွေးနွေးနေသည်ဟုလည်း သိရသည်။

VPN သုံးစွဲမှုကို အော်ပရေတာများ မထိန်းချုပ်ပါက သတင်းအချက်အလက်များ၊ အင်တာနက်စာမျက်နှာများကို ကြည့်ခွင့်မရစေရန် ပိတ်ပင်နိုင်သည့် Firewall နည်းပညာကို စစ်ကောင်စီက အသုံးပြုလာနိုင်သည်ဟုလည်း နည်းပညာရှင်များက ယုံကြည်နေသည်။

မြန်မာနိုင်ငံအတွင်း လူသုံးများသည့် Facebook အပါအဝင် အင်တာနက်စာမျက်နှာအများအပြားကို ဗိုလ်ချုပ်ကြီးများက ပိတ်ပင်ထားရာ အသုံးပြု ကြည့်ရှုလိုပါက VPN မဖြစ်မနေ လိုအပ်မည် ဖြစ်သည်။

Show More

Related Articles

Back to top button