သတင်း

VPN အကြောင်းပြ ငွေညှစ်သည့်မီးပွား နေပြည်တော်အထိ ကူးလာ

လက်ကိုင်ဖုန်းအတွင်း VPN ထည့်ထားသူတို့ကို အနိုင်ကျင့် ငွေညှစ်မှုကို စစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်တွင်လည်း တွေ့လာရသဖြင့် ဒေသခံတို့ အထူး ဂရုစိုက်နေရသည်။

ဒေသတချို့တွင် လက်ကိုင်ဖုန်းအတွင်း VPN ထည့်ထားသူထံမှ စစ်ကောင်စီလက်အောက်ခံတို့ ငွေညှစ်နေမှုသည် စစ်ဗိုလ်ချုပ်များရုံးစိုက်ရာ နေပြည်တော်အထိ ကူးစက် ရောက်ရှိလာသည်ဟု ဒေသခံများက ပြောသည်။

လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ညဘက် ဧည့်စာရင်းစစ်စဉ် လက်ကိုင်ဖုန်းများကိုပါ တောင်းယူ စစ်ဆေးနေပြီး VPN တွေ့သည့်အတွက် ငွေ ၅၀,၀၀၀ တောင်းသည်ဟု ကြုံခဲ့ရသူက ပြောသည်။

“အရင်ကလည်း ဧည့်စာရင်းစစ်ပြီးရင် ပြီးသွားတာ၊ ခုက ဖုန်းတွေပါ စစ်ပြီး ဓားပြတိုက်သလိုပဲ ပိုက်ဆံတောင်းတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက ပြောသည်။

မေ ၁၆ ရက်နေ့ကလည်း ပျဉ်းမနား ဆင်းရုပ်အနီးတွင် ဆိုင်ကယ်များကို တားဆီးစစ်ဆေးနေသည့် ယာဉ်ထိန်း၊ ရဲတပ်ဖွဲ့၊ စစ်သားများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါရှိသည့်အဖွဲ့ကမူ VPN ထည့်သွင်းထားသည့် ဖုန်း ၄ လုံးကို သိမ်းသွားသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသူ အမျိုးသားက ပြောသည်။

“အရင်လို လိုင်စင်စစ်တယ်ပဲ ထင်တော့ အကုန်စုံတယ်ဆိုပြီး ရပ်ပေးလိုက်တာ၊ ပြီးတော့ ဖုန်းပါ စစ်ပြီး VPN တွေ့လို့ ဖုန်းပါ သိမ်းသွားတယ်၊ ပိုက်ဆံပေးမယ်ပြောလည်း မရဘူး” ဟု သူက ဆိုသည်။

စနေ၊ တနင်္ဂနွေ နေ့များတွင် နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေး၊ ဇဗ္ဗူသီရိမြို့နှင့် အေလာမြို့တို့ရှိ လူစည်ကားရာဈေးများ၊ လမ်းမများတွင် အဓိကထားစစ်ဆေးသည်ဟု ဒေသခံတို့က ပြောသည်။

VPN စစ်ဆေးမှုသည် နေပြည်တော်တွင် နေထိုင်သည့် သာမန်ပြည်သူများသာမက ဌာနဆိုင်ရာဝန်ထမ်းအများအပြားကိုပါ ရိုက်ခတ်မှုရှိနေသည်။ ဖုန်းအသုံးပြုမှု ပိုမို နားလည်တတ်ကျွမ်းသူတို့က အပြင်ထွက်လျှင် ဖုန်းထဲမှ VPN ကို ဖျက်သွားကြသည်။

“ခုက ဉာဏ်ရှိသလိုပဲ လှည့်ပတ်ပြီး သုံးနေရတာ၊ အပြင်ထွက်ရင်တော့ ဖျက်ပြီး၊ အိမ်ပြန်ရောက်မှ ပြန်ဒေါင်းသုံးရတာပေါ့၊ ဝန်ထမ်းဆိုပြီး သွားပြောလည်း ရမှာမဟုတ်လောက်ဘူး၊ အဲဒါမို့ ကိုယ်ဘာသာပဲ ဆင်ခြင်လိုက်တာ” ဟု နေပြည်တော် ဝန်ကြီးဌာနတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများအပါအဝင် တစ်နိုင်ငံလုံးတွင် VPN အသုံးပြု၍ ငွေကြေးတောင်ခံမှုများရှိနေသော်လည်း စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအပါအဝင် တိုင်းဒေသကြီးတချို့၌ VPN သုံးစွဲသူတို့ကို စစ်ကောင်စီ လက်နက်ကိုင်တို့က ငွေခြိမ်းခြောက် တောင်းခံနေကြသည်။

ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ VPN နည်းပညာ သို့မဟုတ် အလားတူနည်းပညာသုံး၍ ကွန်ရက်ထူထောင်ခြင်း၊ ကွန်ရက်သို့ ဝင်ရောက်ချိတ်ဆက်ခြင်း၊ အသုံးပြုခြင်းတွေ့ရှိပါက ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်၊ ငွေဒဏ် သိန်း ၅၀ ချမှတ်နိုင်သည်ဟု ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

သို့သော် ယင်းဥပဒေမူကြမ်းသည် မည်သည့်အခြေအနေတွင် ရောက်ရှိနေသည်ကို အတည်မပြုနိုင်သေးဘဲ ယနေ့အချိန်ထိလည်း တရားဝင်ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီလက်အောက်ခံတို့၏ အနိုင်ကျင့်ခြင်းကို ခံနေရသည်ဟု နေပြည်တော်မှ အွန်လိုင်းလူမှုကွန်ရက် သုံးစွဲသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဖုန်းစစ်တယ်၊ ပိုက်ဆံတောင်းတယ်။ တရားဝင်ဥပဒေ ထုတ်ထားပြီးပြီလား၊ ထုတ်တယ်ဆိုရင် ‌ပြည်သူကို သိ‌အောင်ပြောလေ” ဟု သူက မကျေမနပ် ပြောဆိုသည်။

“ဒီနိုင်ငံမှာနေရင် ဒါမသုံးရဘူး၊ သုံးရင် ဘယ်ဥပဒေနဲ့ ဖမ်းမယ် ဖုန်းသိမ်းမယ်။ ငွေဒဏ်ဘယ်လောက်၊ ထောင်ဒဏ်ဘယ်လောက်ဆိုတာ ချမှတ်ပြီး တရားဝင်ကြေညာပြီးတော့ ဖမ်းချင်ဖမ်းလေ“

မြန်မာနိုင်အတွင်း လူကြိုက်များသည့် Facebook အပါအဝင် အင်တာနက်စာမျက်နှာအများအပြားကို ဗိုလ်ချုပ်ကြီးများက ပိတ်ပင်ထားရာ အသုံးပြု ကြည့်ရှုလိုပါက VPN မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။

စစ်ကောင်စီသည် အင်တာနက်ဆင်ဆာဖြတ်တောက်ခြင်းနှင့် ကြားဖြတ်စောင့်ကြည့်ခြင်းများကို အရှိန်မြှင့်ရန် ကြိုးပမ်းလာနေသည်၊ အင်တာနက်အသုံးပြုသူများကို စုံစမ်းထောက်လှမ်းရန် တရုတ်နိုင်ငံက နည်းပညာနှင့် စက်ပစ္စည်းများ အကူအညီပေးနေသည်ဟု Justice For Myanmar အဖွဲ့က ယနေ့ (ဇွန် ၁၉ ရက်) တွင် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၏ Geedge Networks ကုမ္ပဏီထုတ် Taingou Secure Gateway (TSG) နည်းပညာကို သုံးပြီး VPN များအပါအဝင် အချို့ App များကို ပိတ်ပင်ရန် ကြိုးပမ်းနေသည်ဟုလည်း ထိုအဖွဲ့က ဆိုသည်။

Geedge Networks သည် စစ်ကောင်စီကို Cyber Narrator သုံးနိုင်ရန်လည်း အကူအညီပေးနေသည်၊ Cyber Narrator သည် VPN အသုံးပြုမှု အပါအဝင် အင်တာနက်အသွားအလာများကို စောင့်ကြည့်ရန်၊ ခွဲခြားသုံးသပ်ရန်တို့ကို ထောက်လှမ်းရန် ရေးဆွဲထားသည့် အင်တာနက်ထောက်လှမ်းရေး ကွန်ရက်တစ်ခုဖြစ်သည်ဟုလည်း ထိုအဖွဲ့က ဆိုသည်။

စစ်ဗိုလ်ချုပ်များက VPN ကို ပစ်မှတ်ထားနေခြင်းမှာ ပြည်သူများ သတင်းကြည့်ရှုရာတွင် လွန်စွာအသုံးတည့်သည့် Facabook ကို ပိတ်ပင်လိုခြင်းနှင့် ဆက်စပ်နေသည်။

စစ်တပ်၏ ဝါဒဖြန့်မှုများကို Facabook က ဆင်ဆာဖြတ်မှုကြောင့်လည်း အာဏာသိမ်းစစ်ကောင်စီက Facabook ကို အဆင့် ၃ ဆင့်ဖြင့် တန်ပြန်စစ်ဆင်ရန် စီစဉ်ခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာပြည်အတွင်း VPN အားကိုးဖြင့် Facabook အသုံးပြုမှုကို ကန့်သတ်နေသည်ဟု ပြောခဲ့သည်။

“မိမိတို့အနေဖြင့် ကန့်သတ်နိုင်ရေး လုပ်ဆောင်နေကြောင်း၊ ကန့်သတ်နေသည်မှာ နည်းနှစ်နည်းရှိကြောင်း၊ ပထမနည်းမှာ ကန့်သတ်နိုင်ရေး လုပ်ဆောင်ချိန် အားလုံးသိသည့်အတိုင်း ကျော်၍ခွ၍ ရသည့်နည်းများဖြစ်သည့် VPN ခံပြီး ကျော်နေရသည်များရှိကြောင်း၊ သို့သော် ဆက်လက်ပြီး မလုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆောင်ရွက်နေခြင်းများရှိကြောင်း၊ သို့သော် အပြည့်အဝ အောင်မြင်မှုများမရရှိသေးကြောင်း” သူက ပြောသည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

အခြားအဆင့်နှစ်ခုမှာ စစ်ကောင်စီ၏ ဌာနတချို့ ပူးပေါင်းပြီး Facabook ကို အစားထိုးနိုင်မည့် အွန်လိုင်းလူမှုကွန်ရက် ထူထောင်ရန်၊ Facebook တွင် ကြော်ငြာထည့်နေသူများထဲမှ မြန်မာနိုင်ငံနှင့် သက်ဆိုင်နေသည့် ကုမ္ပဏီများကို ကန့်သတ်ရန်တို့ ဖြစ်သည်ဟု သူက ဆိုသည်။

VPN သုံးသူတို့ကို လတ်တလော နှိပ်ကွပ်နေမှုမှာ အဆိုပါ အဆင့် ၃ ဆင့် အကောင်အထည်ဖော်ရန် ကြိုးစားပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Related Articles

Back to top button