မေးမြန်းခန်း

“ဒီတိုက်ပွဲ ဒီအဆင့်မှာတင်ပဲ ဖြတ်ဖို့တော့ လိုနေပြီ” − အင်တာဗျူး

အာဏာသိမ်းစစ်အုပ်စုဝင် အဆက်ဆက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရနေမှု အဆုံးသတ်ရေးမှာ နွေဦးတော်လှန်ရေး၏ အစိတ်အပိုင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုများကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် အချက်အလက်စုဆောင်းနေသူများထဲတွင် NUG လည်း ပါဝင်သည်။

စစ်ကောင်စီမိသားစုဝင်များကို အရေးယူပိတ်ဆို့မှု၊ တရားစွဲဆိုမှု၊ ပြည်သူများအတွက် တရားမျှတမှုတို့နှင့် ပတ်သက်ပြီး ဦးမိုးဇော်ဦးက ပြောပြထားသည်။

မေး − စစ်အာဏာသိမ်းတာ ၁ နှစ်ပြည့်ကာလ ရောက်ပါပြီ။ အာဏာသိမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးရဲ့ အနှစ်သာရဟာ ဘယ်အရာများ ဖြစ်နိုင်ပါသလဲ။ 

ဖြေ − ဒီနွေဦးတော်လှန်ရေးရဲ့ သဘောတရားက ဘာလဲဆိုရင် မတရားလုပ်တဲ့သူဟာ ပြစ်ဒဏ်စီရင်မှုကို မခံရဘူးဆိုရင် တစ်ချိန်မှာ ဒီလိုမျိုး မတရားမှုတွေက ထပ်လည်းဖြစ်လာနိုင်တယ်ပေါ့။ အာဏာသိမ်းတာတွေက ဘာလို့ဆက်ဖြစ်လဲ။ အာဏာသိမ်းတဲ့ ခေါင်းဆောင်တွေဟာ သူတို့အာဏာသိမ်းတဲ့အတွက်ကြောင့် သူတို့ ဘာမှ အပြစ်လဲ မခံရဘူး။ တရားမျှတမှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု ဘာမှ မရှိတဲ့အတွက်ကြောင့် သူတို့က နောက်တစ်ကြိမ်လည်း အာဏာက သိမ်းအုံးမှာပဲ။ ခု ဒီအတိုင်း ပြဿနာဖြစ်ပြီး ပြေလည်သွားမယ်ဆိုရင်လည်း နောက်တစ်ကြိမ် လိုအပ်ရင်လည်း အာဏာသိမ်းဖို့အတွက် ဘယ်တော့မှ ဝန်လေးမှာ မဟုတ်ဘူး။ မတရားလုပ်တဲ့သူဟာ ဘာမှ အပြစ်ဒဏ်ခံရခြင်း မရှိဘဲနဲ့ ဒီအတိုင်း လွတ်သွားတယ်ဆိုတာမျိုး အဖြစ်ခံလို့ မရတော့ဘူး။ 

မေး − ဒီတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘာအစီအစဉ်တွေရှိသလဲ။ 

ဖြေ − အာဏာသိမ်းတယ်ဆိုတာက ကျွန်တော်တို့ အခုခေတ်မှမဟုတ်ဘူး။ ၁၉၆၂ မှာလည်း အာဏာသိမ်းခဲ့တယ်။ သိမ်းတဲ့ စစ်ခေါင်းဆောင်ဟာ ဘာမှ အရေးယူမခံရဘူး။ သူ့သားသမီးတွေ၊ သူ့မြေးတွေကလည်း ဆက်လက်ကြီးပွားချမ်းသာနေတယ်။ သူတို့မြေးတွေကလည်း အခုထက်ထိ ကျွန်တော်တို့ကို စော်ကားမော်ကားတွေ ပြောနေတုန်းပဲ။ သူတို့ကို ဘာမှ အရေးယူမှု မရှိခဲ့လို့ သူတို့ အခုထက်ထိ ကျွန်တော်တို့ကို စော်ကားခွင့်ရှိနေတာပေါ့နော်။ အဲဒီလိုပဲ ၁၉၈၈ ခုနှစ်မှာလည်း အာဏာသိမ်းပြန်ရော။ ၁၉၈၈ မှာ အာဏာသိမ်းတဲ့အတွက်ကြောင့် အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင်တွေဟာ ဘာတွေ အရေးယူခံရသလဲ၊ ဘာမှ အရေးယူမခံရပြန်ဘူး။ သူတို့သားသမီးတွေ၊ မြေးတွေက ကြီးပွားချမ်းသာကြတယ်။ သူတို့မြေးလောက်က ကျွန်တော်တို့ကို ပြောနေဆိုနေ စော်ကားနေတာကို ကျွန်တော်တို့ ဒီတိုင်းပဲ ကြည့်နေရတယ်။ ခုထပ်ပြီးတော့ ၂၀၂၁ မှာ အာဏာသိမ်းပြန်ပြီ။ မတရားလုပ်တဲ့သူတွေ လူ့အခွင့်အရေး ချိုးဖောက်မယ်၊

သတ်မယ်၊ ဖြတ်မယ်၊ ပစ္စည်းတွေလုမယ်၊ မုဒိမ်းကျင့်မယ်၊ လူတွေရဲ့ ဘဝတွေကို ဖျက်ဆီးပစ်မယ်၊ လုပ်ချင်တာ လုပ်မယ်၊ ပြီးရင် သူတို့က အေးဆေး သက်သက်သာသာပဲ။

 

တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေနဲ့ ကြီးပွားချမ်းသာပြီးတော့ သူတို့ရဲ့ သားသမီးတွေကို အကောင်းဆုံးကျောင်းတွေ နိုင်ငံခြားကျောင်းတွေမှာ ထားမယ်၊ အကောင်းဆုံးအိမ်တွေမှာ နေမယ်၊ အကောင်းဆုံးသော အခွင့်အရေးတွေကို ခံစားမယ်။ ဒီလိုမျိုးဖြစ်နေသရွေ့ကတော့ ကျွန်တော်တို့တိုင်းပြည်မှာ အဆိုးသံသရာက လည်နေဦးမှာပဲ။ ဒီ Impunity (ပြစ်ဒဏ်ကင်းလွတ်ခွင့်) ကိုတော့ ကျွန်တော်တို့ ဖြတ်ပစ်ရမယ်။ ဒါကိုက ကျွန်တော်တို့ နွေဦးတော်လှန်ရေးရဲ့ အနှစ်သာရသဘောလို့ ကျွန်တော်ကတော့ မြင်တယ်။ ဒီလိုမျိုး အသွင်ကူးပြောင်းရေးကာလအတွက် တရားမျှတမှုကို မရှာဖွေနိုင်ဘူးဆိုရင်၊ ဒီ မတရားလုပ်တဲ့သူတွေက မတရားလုပ်ခဲ့တဲ့ ပြစ်ဒဏ်ခံရမှုကို မရှိဘူးဆိုလို့ရှိရင် ဒါတွေက ဆက်ဖြစ်နေအုံးမှာပဲ။ အဲဒါကြောင့် ကျွန်တော်တို့က အရေးယူဆောင်ရွက်မှုတွေ၊ တစ်သီးပုဂ္ဂလ တစ်ယောက်ချင်းအရေးယူမှုတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကို အရေးယူမှုတွေ ဒါတွေကို လုပ်နေတယ်ဆိုတာက ဘာမှ ပုဂ္ဂိုလ်ရေးမဟုတ်ဘူး။ 

မတရားလုပ်တဲ့သူက မတရားလုပ်တဲ့ပြစ်ဒဏ်ကို ခံကိုခံရမယ်ဆိုတဲ့ အခြေခံယူဆချက်နဲ့ လုပ်နေတာဖြစ်တယ်။ ဒါကိုလည်း ကျွန်တော်တို့က ဆက်ပြီးတော့ ကိုင်စွဲသွားရမယ်။ 

 

မေး −   နိုင်ငံခြားရေးဝန်ကြီးဌာနက ဘာတွေများ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါသလဲ။ 

ဖြေ − လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တော်တော် ဆိုးဆိုးရွားရွားကို ဖြစ်နေတာပဲ။ ခုနောက်ပိုင်းဆိုရင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ ကိစ္စတွေကို သူတို့က ထမင်းစားရေသောက် လုပ်လာတာတွေရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေကို စုဆောင်းတာတွေ၊ တကယ်တရားစွဲဆို အရေးယူနိုင်တဲ့ အခြေအနေရောက်တဲ့ Evidence (သက်သေအထောက်အထား) ဖြစ်အောင်လည်း ကြိုးစားရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတိုင်း မီဒီယာမှာ တက်လာတဲ့ သတင်းတစ်ခုကို ကောက်ယူလို့ မရဘဲနဲ့ တကယ့်ဖြစ်ပျက်ခဲ့တဲ့ သက်သေအနေနဲ့ ဘယ်သူရှိသလဲ၊ ဒီသက်သေရဲ့ ထွက်ဆိုချက်က ဘယ်လိုရှိသလဲ၊ ဗီဒီယိုတို့ဘာတို့ကအစ သူ့စံချိန်စံညွှန်း သတ်မှတ်ချက်တွေနဲ့ သက်သေအဖြစ်နဲ့ အသုံးပြုလို့ရအောင် ရှာဖွေရတယ်။ ရှာဖွေပြီးရင်လည်း ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဌာနတွေ၊ လူ့အခွင့်အရေးကော်မရှင်မှာဆိုရင်လည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော လူ့အခွင့်အရေး ရှာဖွေစုံစမ်းမှုဆိုင်ရာ ယန္တရားဆိုတာ ရှိတယ်၊ သူတို့ကိုလည်း အချက်အလက်တွေ ပြန်ပို့ပေးရတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အပြည်ပြည်ဆိုင်ရာ တရားစီရင်ခွင့်ပေါ့ ဒါကို အသုံးပြုပြီးတော့ တချို့နိုင်ငံတွေ တရားစွဲလို့ ရတယ်။  

မေး − အပြည်ပြည်ဆိုင်ရာ တရားစီရင်ခွင့်နဲ့ ကြိုးစားနေတဲ့ အခြေအနေကိုလဲ ရှင်းပြပါဦး။ 

ဖြေ − နိုင်ငံတကာတရားရုံးတွေပေါ့၊ ကျွန်တော်တို့က ဒီတရားရုံးတွေနဲ့ ထိတွေ့ဆောင်ရွက်နေတဲ့ အပိုင်းကလည်း တစ်ပိုင်းပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ကိုယ်တိုင် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ ကြိုးစားနေတာလည်းရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ခွင့်ဆိုတဲ့ အခွင့်အရေး၊ အဲဒီ Universal Jurisdiction ကို လက်ခံထားတဲ့  နိုင်ငံတစ်နိုင်ငံမှာ တရားစွဲလိုက်တာနဲ့ ကျန်တဲ့ နိုင်ငံအားလုံးကို သက်ရောက်မှုရှိတယ်။ ဥပမာအားဖြင့် ဖမ်းဝရမ်းထုတ်ထားတယ်ဆိုရင် တရားစွဲဆိုခံထားရသူတစ်ယောက်က အဲဒီနိုင်ငံတွေထဲက တစ်နိုင်နိုင်ငံကို ရောက်သွားမယ်ဆိုရင် သူ့ကို ဖမ်းလို့ရတယ်။ ဖမ်းပြီးတော့ သက်ဆိုင်ရာ နိုင်ငံကို လွှဲပြောင်းပေးအပ်လို့ရတယ်။ ဒီလိုမျိုး ဖြစ်ပျက်ခဲ့ဖူးတဲ့ သာဓကတွေ သမိုင်းမှာလည်း ရှိခဲ့တယ်ပေါ့။ ဒါက ကိုယ်ကိုယ်တိုင်လည်း လုပ်လို့ရတဲ့ အရေးယူဆောင်ရွက်မှု ဖြစ်တဲ့အတွက်ကြောင့် အခုစပြီးတော့ ဆောင်ရွက်နေပါတယ်။

မေး − ဘယ်နိုင်ငံတွေမှာ စတင်တရားစွဲဆိုဖို့ ကြိုးစားနေပြီလဲ။ 

ဖြေ − ဩစတြေးလျမှာ အခု စပြီးပေါ့။ ဩစတြေးလျမှာကတော့ တစ်ခုရှိတာက ဒီလိုမျိုး အရေးယူဆောင်ရွက်ဖူးတဲ့ ဖြတ်ထုံးတို့၊ ဘာတို့တော့ မရှိသေးဘူး။ ဒါက သူတို့နိုင်ငံမှာ ပထမဆုံး စပြီး လုပ်ရမယ်ဆိုတော့ သူတို့နိုင်ငံက ဥပဒေအဖွဲ့တွေကိုယ်တိုင်ကလည်း ကျွန်တော်တို့ကို မေတ္တာနဲ့ ကူညီပြီးတော့ ဆောင်ရွက်ပေးနေတယ်။ သို့သော်ငြားလည်း သူတို့ကိုယ်တိုင်ကလည်း ဒါက ပထမဦးဆုံးဖြစ်တဲ့ အတွေ့အကြုံဆိုတော့ အခု နည်းလမ်းတွေ ရှာဖွေနေတယ်။ ဥပမာအားဖြင့် ဒီ Case (အမှု) တည်ဆောက်တဲ့အခါမှာ ဘယ် Case က အကောင်းဆုံးဖြစ်မလဲပေါ့။ ကရင်နီပြည်နယ်မှာ ဖြစ်တဲ့ Case လား၊ စစ်ကိုင်းတိုင်းကလား၊ ထန်တလန်မှာ ဖြစ်ခဲ့တာ စသဖြင့် ဒီအထဲမှာ ဘယ်ကိစ္စက ပိုပြီး Strong ဖြစ်သလဲ (အားကောင်းသလဲ)၊ ဒါမျိုးတွေကတော့  ညှိနှိုင်းဆောင်ရွက်နေတာ။ ဒါကို ရခဲ့ပြီဆိုရင် ဒီ့ပြင်နိုင်ငံတွေမှာလည်း လုပ်သွားဖို့ အစီအစဉ်ရှိတယ်။

အခု လောလောဆယ် အာဂျင်တီးနားမှာလည်း ဒီသဘောလုပ်နေတာရှိတယ်။ အာဂျင်တီးနားမှာဆိုရင်တော့ သူတို့ရဲ့ Federal Board ကိုယ်တိုင်က အမှုကို လက်ခံလိုက်ပြီ။ ရိုဟင်ဂျာပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာပါပဲ။ လက်ရှိ နွေဦးတော်လှန်ရေးကာလမှာ ဖြစ်တဲ့ကိစ္စတွေကိုတော့ Case အနေနဲ့ တည်ဆောက်ဖို့ ကြိုးစားမှာပေါ့လေ။ တစ်ချိန်တည်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကလည်း သူတို့လုပ်နိုင်တာကို လုပ်ဖို့အတွက်ကို အချက်အလက်အထောက်အထားအားဖြင့်ဖြစ်စေ စသဖြင့် တတ်နိုင်သမျှ ကျွန်တော်တို့ အကူအညီပေးတဲ့ဟာတွေလည်း ရှိတယ်။ အနိမ့်ဆုံးအားဖြင့်ကတော့ အချက်အလက်အထောက်အထားတွေက သေသေချာချာကို စနစ်တကျ စုဆောင်းထားတယ်။ တစ်ချိန်ချိန်မှာတော့ ဒီကိစ္စတွေအားလုံးကို ကျူးလွန်တဲ့သူတွေဟာ သူတို့ရဲ့ ကျူးလွန်မှုအတွက်ကို တာဝန်ယူရလိမ့်မယ်။  

မေး − ဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမှာ ပါဝင်နေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အရေးယူ ပိတ်ဆို့နိုင်ဖို့အတွက်ရော နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေတာ ရှိပါသလား။ 

ဖြေ − နိုင်ငံတကာက အရေးယူဆောင်ရွက်မှုတွေပေါ့၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံများပေါ့နော်။ သူတို့ကနေပြီးတော့ အရေးယူမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဆောင်ရွက်လာတာကို တွေ့ရမှာပေါ့လေ။ အစုအဖွဲ့အနေနဲ့ သူတို့အရေးယူခဲ့တာတွေရှိတယ်။ နောက်ပိုင်းမှာ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီးတော့ နာမည်စာရင်းနဲ့ကို ဘယ်သူ့ကို ဘယ်သူ့ကို အရေးယူတယ်ပေါ့နော်။ ဗီဇာပိတ်တာကအစ ခရီးသွားလာခွင့်ပိတ်တာတို့၊ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို သူတို့နိုင်ငံတွေထဲမှာ ထိန်းချုပ်ထားတာကအစ ဒါမျိုးတွေလုပ်လာတယ်။ နောက်တစ်ဆင့်က အဲဒီသူတွေကို ပံ့ပိုးကူညီတဲ့အဖွဲ့အစည်းတွေပေါ့။ ပထမဦးဆုံးကတော့ MEC တို့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေကို အရေးယူတာ နောက်တစ်ခါ အဲဒီစီးပွားရေးလုပ်ငန်းစုတွေကို ထောက်ပံ့ကူညီတဲ့ကုမ္ပဏီတွေကို အရေးယူတာမျိုးတွေ ခု ဆောင်ရွက်လာတယ်။ လူပုဂ္ဂိုလ်အားဖြင့်ဆိုရင် မိသားစုအဖွဲ့ဝင်တွေကို ထည့်သွင်းလာတယ်ပေါ့။ တဖြည်းဖြည်းနဲ့ သက်ဆိုင်ရာ နိုင်ငံတွေက အရေးယူမှုတွေ တိုးမြှင့်လာတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ခုနက ကျွန်တော်ပြောခဲ့သလိုပါပဲ သူတို့မှာ အချက်အလက်အထောက်အထားကတော့ လိုတယ်။ သူတို့ ဒီအတိုင်းတော့ လုပ်လို့မရဘူး။ မိသားစုဆိုရင်လည်း မိသားစုက ဘယ်လိုထောက်ပံ့ပေးနေတာမျိုးတွေရှိသလဲ၊ ဘယ်မှာနေသလဲ၊ နောက်ဆုံး သူတို့ရဲ့ မှတ်ပုံတင်တို့ ဘာတို့ Date of Birth (မွေးဖွားသည့်နေ့) တို့ ဘာတို့ကအစ လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေပြီး သူတို့ကို ပေးရတာမျိုးတွေ ရှိတယ်။ ဒီအရေးယူမှုတွေကတော့ ဒီထက်ပိုပြီးတော့ ပိုပြီး များပြားလာမယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာကလဲ သူတို့ရဲ့ အကြမ်းဖက်မှုတွေက ရပ်မှမရပ်တာ။ ဒီလိုမျိုး အရေးယူဆောင်ရွက်မှုတွေရဲ့ အဓိကရည်ရွယ်ချက်က ဒီလိုအကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ အဓိက ရည်ရွယ်တယ်။  

မေး − အာဏာသိမ်းစစ်ကောင်စီကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေသလိုပဲ တစ်ဖက်မှာရော စစ်ကောင်စီနဲ့ တိတ်တဆိတ်တွေ့ဆုံ ညှိနှိုင်းတာမျိုးတွေ ရှိနေပြီလား။

ဖြေ − ခုလောလောဆယ်အခြေအနေမှာ လုပ်ဖို့ အကြောင်းကို မရှိဘူး။ သူတို့အနေနဲ့က ကမ်းလှမ်းတာလည်း လုံးဝမရှိဘူး။ သူတို့ကိုယ်တိုင်လည်း သတင်းစာရှင်းလင်းပွဲတွေမှာ စစ်ကောင်စီက ပြောနေတာ ရှိတာပဲ၊ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ သူတို့က ပြောင်းပြန်ပြောတာပေါ့နော်၊ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့အတွက် သူတို့အနေနဲ့က တွေ့ဆုံ ဆွေးနွေးစရာမရှိဘူးပေါ့။ ကျွန်တော်တို့က အမျိုးသားညီညွတ်ရေးအစိုးရဆိုတာက အစိုးရတစ်ရပ်အနေနဲ့ ဆောင်ရွက်နေသော်ငြားလည်း ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေအားလုံးက ဒီတော်လှန်ရေးနဲ့ အရေးတော်ပုံနဲ့ ဆက်စပ်ပတ်သက်တဲ့ ပါဝင်ပတ်သက်သူများအားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုဆိုတဲ့ ယန္တရားကတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီပေါ့လေ။ အတိုင်ပင်ခံကောင်စီမှာ အစုအဖွဲ့အားလုံးလဲ ပါဝင်တဲ့အခါကျတော့ ဒီမှာ မူဝါဒတွေ တိုင်းပြည်ရဲ့ အရေးကြီးတဲ့မူဝါဒတွေကို အဲဒီမှာ ဆွေးနွေးညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုမျိုးသတင်းတွေ တက်လာပြီဆိုလို့ရှိရင် လုံးဝမယုံပါနဲ့။ ကျွန်တော်တို့ ပြည်သူလူထုကို အသိမပေးဘဲနဲ့ ဒီလိုကိစ္စတွေကို လုံးဝ လုပ်မှာမဟုတ်ဘူးဆိုတာကိုတော့ ဒါကို ပြတ်ပြတ်သားသား ကျွန်တော်တို့ ပြောလို့ရပါတယ်။ 

မေး − စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အရေးယူပိတ်ဆို့နိုင်ဖို့ဟာ နွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါတယ်လို့ ထင်ပါသလား။ 

ဖြေ − ကျွန်တော်တို့ရဲ့ အဖေ၊ အမေတွေ ခေတ်တုန်းကလည်း ခံခဲ့ရပြီးပြီ။ ကျွန်တော်တို့ခေတ် ၁၉၈၈ တုန်းကလည်း ခံခဲ့ရပြီးသွားပြီ။ အခု generation Z လို့ ပြောတဲ့ ကျွန်တော်တို့ရဲ့ သား၊ သမီးတွေ ခေတ်မှာလည်း ခံခဲ့ရပြီ။ နောက်မျိုးဆက်မှာတော့ မခံရစေချင်တော့ဘူးပေါ့။

ဒီနေ့ ဒီတိုက်ပွဲ ဒီအဆင့်မှာတင်ပဲ ဖြတ်ဖို့တော့လိုနေပြီ။ မဟုတ်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ နောက်ထပ်မျိုးဆက်ကလည်း အာဏာသိမ်းတဲ့ ခု နောက်ထပ်ခေါင်းဆောင်များရဲ့ သား၊ သမီးတွေ၊ မြေးတွေရဲ့ စော်ကားတာကို ဆက်ပြီး ခံနေရဦးမယ်။

 

စော်ကားတယ်ဆိုတာက တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို သုံးစွဲပြီးတော့ လုပ်ချင်ရာလုပ်ပြီးတော့ သူများကို အထင်သေးပြီးတော့ ပြောချင်ရာပြောတဲ့ဒဏ်ကို ဒီလိုမျိုး လူတွေအကုန်လုံးက ထပ်ပြီး ခံစားနေရမယ်ဆိုရင် မဟုတ်တော့ဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က အရေးတော်ပုံတစ်ခုအနေနဲ့ တော်လှန်ရေးတစ်ခုအနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေးလဲ မဟုတ်ဘူး။ အရေးယူဆောင်ရွက်မှုတွေဟာ အာဃာတတွေနဲ့မဟုတ်ဘူး။ လုပ်ကိုလုပ်ရမဲ့ အလုပ်တစ်ခုအနေနဲ့ လုပ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button