မေးမြန်းခန်း

“လူထုနဲ့က မိသားစုလိုဖြစ်နေတဲ့သဘောမျိုး ရှိတယ်”

မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်သည် ပြည်နယ်လွှတ်တော် မော်လမြိုင်မြို့ မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။

၁၉၉၆ တွင် ရန်ကုန်ဆေးတက္ကသိုလ်(၂) မှ ဘွဲ့ရပြီးနောက် ဒေါက်တာတိုးတိုးအောင်သည် မွန်ပြည်နယ်၊ ကျန်းမာရေးဦးစီးဌာနတွင် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ မဝင်ခင်အချိန်အထိ တာဝန်ထမ်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမတ်လောင်း၊ ၄၅ နှစ် အရွယ် ဒေါက်တာတိုးတိုးအောင်က ဒေသတွင်း မဲဆွယ်စည်းရုံးမှု အခြေအနေ၊ အနာဂတ်မျှော်မှန်းချက်၊ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏လှုပ်ရှားမှုနှင့် နိုင်ငံရေးပါတီ စသည့် အကြောင်းအရာများကို Myanmar Now သို့ မကြာသေးခင်က ပြောပြထားသည်။ သတင်းထောက် ဖြိုးသီဟချိုက မော်လမြိုင်မြို့ရှိ ပါတီ၏ ပြည်နယ်ရုံးသို့ သွားရောက်တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

မေး – ပြည်နယ်အစိုးရဝန်ကြီးတစ်ယောက်က ရွေးကောက်ပွဲဝင်ရာမှာ ဘယ်လို အားသာချက်တွေနဲ့ အားနည်းချက်တွေနဲ့ ကြုံရသလဲ။

ဖြေ – ကျွန်တော်က မဲဆန္ဒနယ်မြေမှာရှိတဲ့ ပြည်သူတွေနဲ့ ၄နှစ်လုံးလုံး မထိတွေ့ခဲ့တဲ့ရပ်ကွက် မရှိဘူး။ မဲဆန္ဒနယ်မှာရှိတဲ့ ရပ်ကွက်ကျေးရွာအသီးသီးကို လုပ်မပေးခဲ့ဖူးတဲ့နေရာ မရှိဘူး။ (ပြည်ခိုင်ဖြိုးပါတီ မဖြစ်ခင်) ပြည်ခိုင်ဖြိုးအသင်း ရဲ့အသင်းသား ဘဝကတည်းက လူထုနဲ့နီးစပ်တဲ့ အတွက်ကြောင့် ကျွန်တော်နဲ့ လူထုနဲ့က မိသားစုလိုဖြစ်နေတဲ့သဘောမျိုး ရှိတယ်။ လူထုအကျိုးကို ကိုယ်စားလှယ်ဖြစ်ရင်လည်း လုပ်မယ်။ အစိုးရအဖွဲ့ဝင်ဖြစ်ရင်လည်း ဒီနှုန်းနဲ့ပဲသွားမယ်။ အစိုးရအဖွဲ့ဝင်မဖြစ်ခင်ကလည်း ဒီနှုန်းနဲ့ပဲ သွားခဲ့တယ်။ လူထုက ကျွန်တော့်ကို နားလည်နေပြီ။ ဒီတော့ အစိုးရအဖွဲ့ဝန်ကြီးဖြစ်ရခြင်းက အားသာချက်လို့ မမြင်ပါဘူး။

မေး – မျိုးစောင့်ဥပဒေအောင်ပွဲတွေကို မကြာသေးခင်က မော်လမြိုင်မှာ ခြိမ့်ခြိမ့်သဲသဲ လုပ်သွားတယ်လို့ သိရတယ်။ နိုင်ငံရေးပါတီတချို့က ပါတီဝင်တွေ ပါဝင်ကြတယ်လို့ သိရတယ်။ ဒါကို ဘယ်လိုထင်ပါသလဲ။

ဖြေ – အမျိုးဘာသာသာသနာကို စောင့်ရှောက်တဲ့လူတွေထဲမှာ ကျွန်တော်တို့ပါတီကို လက်ခံတဲ့လူရှိတယ်၊ တခြားပါတီတွေကို လက်ခံတဲ့လူတွေလည်း ရှိမယ်၊ သူရဲ့ရွေးချယ်မှုပါပဲ။ ကျွန်တော်ကတော့ အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့ (မဘသ) ကို နိုင်ငံရေးပါတီတစ်ခုနဲ့ လာဆက်နွှယ်ပြီး မမြင်ပါဘူး၊ သူ့ဘာသာသူ သီးခြားလှုပ်ရှားနေတဲ့ အဖွဲ့လို့ မြင်တယ်။ နိုင်ငံရေးပါတီတွေကလည်း သူ့ပေါ်လစီနဲ့ သွားနေတယ်လို့ပဲ မြင်တယ်။ အခြားပါတီဝင်တွေက သူ့ဘာသာလုပ်တဲ့ ကိစ္စက ကော်မရှင်က ဆုံးဖြတ်လိမ့်မယ်။ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်ကျင့်ထုံးတွေ ရှိတယ်။ အဲဒါနဲ့ ငြိနေရင်တော့ ရွေးကောက်ပွဲ ကော်မရှင်က အရေးယူရမယ့်အပိုင်း ရှိတယ်။ ကျွန်တော်တို့ကတော့ ပါတီစည်းရုံးရေး လုပ်ငန်းတွေကို တိုက်ရိုက် မထိခိုက်တဲ့ကိစ္စတွေကို ဘာမှ ကန့်ကွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရေးပါတီသည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့နဲ့ တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်နေတဲ့ဟာမျိုး မဟုတ်ပါဘူး။

မေး – အောက်ခြေပါတီဝင်တွေကရော မဘသအဖွဲ့မှာ ပါဝင်နေတာမျိုးတွေရှိ ပါသလား။

ဖြေ – ဒါကတော့ ရှိနိုင်တာပေါ့။ ကျွန်တော်တို့ပါတီဝင်တွေ မော်လမြိုင်မှာဆို သုံးသောင်းလောက် ရှိတယ်။ နိုင်ငံရေးပါတီမှာ ပါဝင်လှုပ်ရှားနေတဲ့အတွက် အမျိုးဘာသာသာသနာမှာ ဝင်မပါပါနဲ့လို့ ပြောခွင့်မရှိသလို လှုပ်ရှားပါ လို့လည်း ပြောခွင့်မရှိပါဘူး။ သူ့ရဲ့အခွင့်အရေးပါ။

မေး – အမျိုးသားအကျိုးစီးပွား ဆိုတဲ့ စကားလုံးကို ရှေ့တန်းတင်တဲ့ ပါတီတွေကိုရော ဘယ်လို မှတ်ချက်ပေးလိုပါသလဲ။

ဖြေ – ကျွန်တော်တို့အနေနဲ့ကတော ကိုယ့်နိုင်ငံကိုယ့်လူမျိုး တိုးတက်ရာတိုးတက်ကြောင်း လုပ်ပေးနေတဲ့ ဘယ်လိုစည်းရုံးမှုမျိုးကိုမဆို လက်ခံပါတယ်။ ကျွန်တော်တို့ဆိုရင်လည်း ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက်၊ ကျွန်တော့်နယ်မှာဆိုရင် လည်း တိုးတက်ရာ တိုးတက်ကြောင်းအတွက် စည်းရုံးရေးတွေ လုပ်နေတဲ့အတွက်ကြောင့် ဒီမေးခွန်းကို မှတ်ချက်မပေးလိုပါဘူး။

မေး – ၂ဝ၁ဝ နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲနှစ်ခုမှာ မဲဆွယ်စည်းရုံးရတာ ဘယ်လို ကွာသလဲ။

ဖြေ – ၂ဝ၁ဝ ရွေးကောက်ပွဲကတော့ အစိမ်းပေါ့။ ဘာအတွေ့အကြုံမှမရှိခဲ့ဘူး။ ကျွန်တော်တို့ဝင်ပြိုင်ပြီးတော့ နိုင်တယ်၊ အတွေ့အကြုံတစ်ခုရတယ်။ အဲဒီက အားသာချက်တွေကို ထုတ်သုံးပြီး ၂ဝ၁၅ ရွေးကောက်ပွဲမှာ အားနည်းချက်တွေကို ဖယ်ထုတ်လိုက်တယ်။

မေး – လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်အရွေးခံရရင် ဘာဥပဒေတွေများ ပထမဆုံးတင်သွင်းချင် ပါသလဲ။

ဖြေ – လွှတ်တော်ကပြုထားတဲ့ စည်ပင်သာယာဥပဒေမှာ အဟန့်အတားလေးတွေ ရှိနေတယ်။ ပြည်သူ တိုက်ရိုက် ပူးပေါင်းပါဝင်မယ့်အခန်းကဏ္ဍလေးတွေ ဒီဥပဒေမှာ နည်းနေတာ တွေ့ရတယ်။ စည်ပင် သာယာရေး ကော်မတီနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေလည်း ဒီထဲမှာ ပါဝင်နိုင်မှုအားနည်းနေတာ တွေ့ရတယ်။ ပထမဆုံးလုပ်ချင်တာကတော့ စည်ပင်သာယာဥပဒေကို အများပြည်သူက ဝင်ရောက် လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေ ပေးချင်တယ်။ လူတိုင်းလက်ခံနိုင်မယ့်အချက်တွေ ထည့်ချင်တယ်။ ခြုံပြောရင်တော့ စည်ပင်သာယာဥပဒေကို ပြန်ပြင်ချင်တယ်။

မေး – မဲဆွယ်တဲ့ အခြေအနေ ပြောပြပါဦး။

ဖြေ – ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်းကာလ စပြီဆိုတာနဲ့ ခုချိန်ထိ နေ့စဉ် ရပ်ကွက်ကျေးရွာအသီးသီးကို ဆင်းတယ်။ စည်းရုံးရေးဆင်းတဲ့ပုံစံကတော့ ရပ်ကွက်ကျေးရွာ အသီးသီးမှာရှိတဲ့ ကျွန်တော်တို့ပါတီ အမာခံတွေက အခြေပြုပြီး အဲဒီပါတီအမာခံတွေကတစ်ဆင့် ကျွန်တော်တို့ပါတီကို စိတ်ဝင်စားတဲ့လူတွေ၊ ပါတီကို လေ့လာနေတဲ့လူတွေ၊ ပါတီကို လုံးဝစိတ်မဝင်စားတဲ့လူတွေအားလုံးကို ကျွန်တော်တို့ပါတီရဲ့ မူဝါဒသဘောထား၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြောင်းကို လိုက်ရှင်းပြတဲ့အလုပ်ကို စတင်နေပါတယ်။

မေး – မဲဆွယ်ရာမှာ ဘယ်လို ကတိပေး၊ ဘယ်လို ပြောဆိုစည်းရုံးသလဲ။

ဖြေ – ကျွန်တော်က မော်လမြိုင်သား။ မော်လမြိုင်မြို့ရဲ့အကျိုးကို တခြားမြို့ကလူတွေထက် ပိုပြီးတော့ စိတ်ဝင်စားတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ပြည်သူလူထုအကျိုးကို အရင်ကလည်း လုပ်ခဲ့တယ်၊ အခုလည်း လုပ်နေတယ်၊ နောက်လည်းလုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပါ။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင် အချိန်ကတည်းက ဝါသနာပါပါနဲ့ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့လူဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို ရှင်းပြပါတယ်။ ။

Show More

Related Articles

Back to top button