အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NLD ကို ဝန်းရံခဲ့သည့် ဝက်လက်မှ လင်မယား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရ 

စစ်ကိုင်းတိုင်းအလယ်ပိုင်း ဝက်လက်မြို့နယ်၊ ရှားကွဲကျေးရွာတွင် ဒလန်ဟု အများက သတ်မှတ်ခံထားရသူ အသက် ၄၀ ကျော်အရွယ် ဇနီးမောင်နှံသည် ယမန်နေ့ (ဇန်နဝါရီ ၁၇) ည ၈ နာရီခန့်တွင် အသတ်ခံလိုက်ရသည်။

ဦးသန့်ဇော်ဦး၊ ဒေါ်လဲ့တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ဝန်းရံခဲ့သူများဖြစ်နေသဖြင့် မလုပ်ကြံမီ အချိန်ယူ စုံစမ်းခဲ့ကြောင်း မြို့နယ်အရှေ့ခြမ်းတွင် လှုပ်ရှားနေသည့် ဖောင်းဒိုင်းအမည်ရ ပြောက်ကျားတပ်ဖွဲ့က Myanmar Now ကို ပြောသည်။

“မလုပ်ခင် ကျွန်တော်တို့စောင့်ကြည့်တာ ၂ လလောက်ရှိပြီ။ ကိုယ့်ထဲက သစ္စာဖောက်တော့ အရေးတော်ပုံမအောင်မချင်း ဝင်ရှုပ်တဲ့လူဆိုရင်တော့ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ ဖြူနီစိမ်း ခွဲခြားနေမှာ မဟုတ်ဘူး” ဟု ထိုအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရှားကွဲကျေးရွာသည် အိမ်ခြေ ၂၇၀ ခန့်ရှိပြီး ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး မြို့နှင့် ၉ မိုင်ခန့်သာ ကွာဝေးသည်။ ထိုရွာမှ သတ်ဖြတ်မှုနှင့် ပတ်သက်၍ ဝက်လက်မြို့မရဲစခန်း၊ မြို့နယ်စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားအပြီး စစ်ရောက်စီတပ် ရောက်လာခြင်း မရှိသေးကြောင်း ရှားကွဲကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“မနေ့ညက ၈ နာရီကျော်ကျော်လောက် ကျွန်မတို့ သေနတ်သံကြားတော့ ထွက်ပြေးကြတာ။ ဖောင်း ဖောင်း ဖောင်းနဲ့။ မနက်လင်းမှပဲ ဒီလို ဒလန်ရှင်းတယ်ဆိုတာ သိရတာ”ဟု ၎င်းက ပြောသည်။

ဇန်နဝါရီ ၁၁ တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရှားကွဲကျေးရွာအတွင်း ဝင်မွှေခဲ့ပြီး ရွာသူ/သား ၇၀ ခန့်ကို ဖမ်းဆီးပြီး ထိုအထဲမှ အမျိုးသား ၂၀ ခန့်ကို ရိုက်နှက်နှိပ်စက်ခဲ့ခြင်းမှာ ယခုအသတ်ခံလိုက်ရသော ဇနီးမောင်နှံ၏ သတင်းပေးမှုကြောင့်ဟု ထိုရွာသူအမျိုးသမီးက ယူဆထားသည်။

“သူတို့က အရင်တုန်းက နီတယ်။ ပြောရရင် သာကူးပေါ့။ အရင်တုန်းကျတော့ ကျွန်မတို့နဲ့လည်း ပေါင်းတယ်။ နောက်ပိုင်းကျတော့ သူ့လုပ်ရပ်တွေ သိလာတော့ ခွာလိုက်တာ။ စစ်ကောင်စီခန့်တဲ့ ဥက္ကဋ္ဌနဲ့ ပူးပေါင်းပြီးတော့ လုပ်တာ။ သူတို့ အမြင်ကပ်တဲ့သူဆို အကုန်ဖမ်းခိုင်းတယ်၊ ရိုက်ခိုင်းတယ်။ အိမ်တွေကို ဝင်မွှေခိုင်းတယ်” ဟု ၎င်းက ပြောသည်။

“သူ အဲလိုလုပ်တယ်ဆိုတာ သူ့ဖုန်းထဲက ဓာတ်ပုံတွေနဲ့ မှတ်တမ်းတွေနဲ့ အတိအကျကို တွေ့သွားတော့ ရွာကလူတွေလည်း သူ့ကို သိပ်အဆက်အစပ်မလုပ်ကြတော့ဘူး”

စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်၊ ဒေါ်ကေသီစိုးမိသားစုသည်လည်း ဩဂုတ်လပိုင်းမှစ၍ တိမ်းရှောင်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

ဦးမျိုးမြင့်၏ နေအိမ်ကို အောက်တိုဘာ ၁၉ ညဦးပိုင်းတွင် ဖောင်းဒိုင်းအဖွဲ့ကပင် ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီကို လက်နက်ကိုင် ခုခံမှု များပြားသည့် စစ်ကိုင်းတိုင်းအတွင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းသည် ၎င်းတို့ကဲ့သို့ ပြောက်ကျားအဖွဲ့များ အားကောင်းသည့်‌ဒေသဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် ဆက်စပ်နေသည့် Mytel တာဝါတိုင်တို့ကို ဖျက်ဆီးနေကြောင်း ဖောင်းဒိုင်းအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။

“ဒလန်ရှင်းရင်လည်း မလာဘူး။ Mytel တိုင်ခွဲရင်လည်း လာကြည့်လေ့မရှိဘူး၊ သူတို့နယ်တွေ မဟုတ်တော့။ သူတို့ မိုင်းကြောက်လို့လား မသိဘူး၊ သုံးလလောက်ရှိပြီ သူတို့ ဒီတိုင်း မလာရဲဘူး” ဟု ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကြောင်းကြီးနဲ့ လာတာပဲရှိတာ။ မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်တပ်ကတော့ သေချာပေါက် မလာရဲဘူး”

ရှားကွဲရွာအနီး တပ်စွဲသော စစ်ကောင်စီတပ်မှ ၂ ဦး မြွေကိုက်ခံရသဖြင့် သေဆုံးသည်ဟု လင်းယုန်ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၀ ညနေပိုင်းက သတင်းထုတ်ပြန်ထားသည်။

အထက်ပါ ရွာခံအမျိုးသမီးကလည်း စစ်သားများ ရွာမှ ပြန်ထွက်သွားကြခြင်းမှာ ထိုဖြစ်ရပ်ကြောင့် ဖြစ်နိုင်သည်ဟု ပြောသည်။

“သူတို့လာတော့ ကျွန်မတို့ သောင်ပြင်တွေမှာ ၅ ညအိပ် ၆ ရက်ကြာတယ် နေသွားတာ။ အဲဒါတောင် သူတို့တွေ မြွေကိုက်လို့ ပြန်ပြေးသွားတာ၊ ဟိုလိုဆိုရင် ပြန်မှာတောင်မဟုတ်ဘူး” ဟု သူက ပြောသည်။

“နှင်းကျတဲ့ဆီမှာ ဒုက္ခတွေခံပြီးနေကြရတာ၊ မပြန်ရဲဘူး။ ချုံတွေထဲ တိုးနေရ၊ နှင်းကျခံအိပ်ရ အဲလိုမျိုးတွေ။ ဒုက္ခတော်တော်ရောက်တယ်”

ဝက်လက်မြို့နယ်အတွင်း ပြောက်ကျားတပ်ဖွဲ့များ၏ မိုင်းခွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီခန့် မြို့နယ်ဥက္ကဋ္ဌဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဗိုလ်ကြီးမိုးဇော်လတ်ဆိုသူ သေဆုံးခဲ့သေးသည်။

စစ်ကောင်စီက သံချပ်ကာယာဉ်၊ လက်နက်ကြီး၊ လေတပ် သုံး၍ စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေသော်လည်း ဒေသလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက ပြောက်ကျားနည်းသုံး၍ ၆ လနီးပါး ကြာလာသည်အထိ ခုခံအန်တုနေဆဲဖြစ်သည်။

အနှစ် ၇၀ ကျော် လေ့ကျင့်တည်ဆောက်လာသည့် ခေတ်မီလက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံပြည်သူများက နည်းလမ်းမျိုးစုံ၊ လက်လုပ်လက်နက်မျိုးစုံသုံး၍ ရင်ဆိုင်နေခြင်းဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button