
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူက မြို့နယ်အတွင်း မူးယစ်ဆေးဝါး အလွယ်တကူရရှိနေမှု ပြဿနာကို အရေးယူ ဖြေရှင်းပေးရန် အစိုးရကို တိုက်တွန်းလိုက်သည်။
ချင်းတောင်တန်းနှင့်ထိစပ်နေသည့် ထိုမြို့တွင် လူငယ် အများအပြား ဆေးစွဲနေကြသည်အထိ ဖြစ်နေပြီး ဒေသတွင်း မူးယစ်ရာဇာများကို နှိမ်နင်းနိုင်ခြင်း မရှိသေးကြောင်းလည်း သူက ဝေဖန်လိုက်သည်။
မန္တလေး တက္ကသိုလ်ဆင်း ချင်းတိုင်းရင်းသူ ဒေါ်အေးအေးမူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ကာလ ကြာရှည်စွာ လုပ်ကိုင်နေသူလည်း ဖြစ်သည်။ မကြာသေးမီက Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် တွေ့ဆုံစဉ် ၄၆ နှစ် အရွယ် ဒေါ်အေးအေးမူက မူးယစ်ဆေး၊ လူငယ်များ နှင့် ကလေး မြို့ဒေသအကြောင်း ပြောပြထားသည်။
မေး – ဒီဒေသရဲ့ မူးယစ်ဆေးပြဿနာက ဘယ်လောက်အထိ အခြေအနေ ဆိုးနေပြီလဲ။
ဖြေ – ကလေးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေကို သွားရောက်တိုင်းမှာ သူတို့ရဲ့အခက်အခဲတွေ၊ လူငယ်တွေရဲ့အခြေအနေတွေကို မေးတိုင်းမှာ အိမ်ထောင်ရှင်၊ မိဘတွေတိုင်းက သူတို့ စိတ်ဓာတ်အကျဆုံးကိစ္စကတော့ သူတို့ရွာရဲ့ လူငယ် ၇ဝ ရာခိုင်နှုန်းလောက်က မူးယစ်ဆေး သုံးစွဲတယ်ဆိုတာပဲ။ ဒါဟာ ကျွန်မတို့ မြန်မာနိုင်ငံအတွက် တော်တော် စိတ်မကောင်းစရာပါ။
မေး – မူးယစ်ဆေး လွယ်လွယ်ရနေကြတာ ဘာကြောင့်လဲ။
ဖြေ – ကလေးမြို့ဟာ အချက်အချာကျတဲ့မြို့လို ဖြစ်နေတာ။ အိန္ဒိယဘက် ကိုသွားလို့ရတဲ့ လမ်းက နှစ်လမ်း ဖြစ်နေတာ။ နယ်စပ်ဂိတ်တွေ မလုံခြုံ တာကြောင့်လည်း ပါတာပေါ့နော်၊ မူးယစ်ဆေးတွေ လွယ်လွယ်နဲ့ ခိုးသွင်းလို့ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ မူးယစ်ဆေးက လွယ်လွယ်နဲ့ ကိုယ့်မြို့ထဲကို ရောက်လာတယ်။ ကိုယ့်မြို့မှာ နေထိုင်ကြသူထဲ မူးယစ်ဆေး ရောင်း ဝယ်ဖောက်ကားကြတဲ့လူတွေ တော်တော်များများ ရှိနိုင်တယ်၊ ရှိလည်းရှိနေတယ်လို့ သိရတယ်။ ရွာတွေမှာက အဓိကဖျက်ဆီးလို့ အလွယ်ဆုံးက လူငယ်တွေ ဖြစ်နေတယ်။ မူးယစ်ဆေးနဲ့စီးပွားရေးလုပ်ချင်တဲ့ လူတွေအတွက်တော့ လူငယ်တွေကို စည်းရုံသိမ်းသွင်းဖို့က အလွယ်ဆုံးဖြစ်နေတယ်။ လူငယ်တွေက
အလုပ်လက်မဲ့တွေကလည်းများတော့ မူးယစ်ဆေးကို ကယ်ရီလုပ်ရင်းနဲ့ ပျံ့နှံ့သွားတာလည်း တော်တော်များများ ပါနိုင်ပါတယ်။
မေး – မူးယစ်ဆေး အဓိက ဖြန့်ဖြူးနေသူတွေကို ဖမ်းလို့ မမိနိုင်သေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ – တကယ် မသိတာလား၊ သိပြီးတော့ မလုပ်နိုင်တာလားပေါ့။ လျှို့ဝှက်ချက်တော့ အများကြီး ရှိနိုင်ပါတယ်။ ရဲတွေအနေနဲ့ကတော့ မသိနိုင်စရာ အကြောင်း မရှိပါဘူး။ ဒါဟာ သူတို့ရဲ့ အဓိက အလုပ်ပဲလေ။ ရောင်းဝယ် ဖောက်ကား နေတဲ့ အဓိကပုဂ္ဂိုလ်တွေကို သူတို့ မသိဘဲ လုံးဝ မဖြစ်နိုင်ပါဘူး။ အမှုတစ်ခုကို လိုက်ဖို့ဆိုရင် သူတို့ ပညာတွေ သင်ထားတာပဲ၊ တော်တော်များများတော့ သူတို့ သိနိုင်ပါတယ်၊ ဖမ်းဆီးဖို့ရာအတွက် အခက်အခဲ ဖြစ်နေတာလားပေါ့။ နိုင်ငံတော်ကနေ စီမံကိန်းကောင်းကောင်း ချပြီးတော့ ပြည်သူလူထုနဲ့ ပေါင်းပြီးတော့ ဒီကိစ္စကို တိုက်ဖျက်ဖို့ လိုမယ် ထင်ပါတယ်။ ဌာနဆိုင်ရာတွေကိုပဲ မျက်နှာလွှဲထားလို့တော့ မဖြစ်တော့ဘူး ထင်ပါတယ်။
မေး – မူးယစ်ဆေးစွဲသူတွေကို ဖမ်းဆီးထောင်ချနေတာ ဒီပြသ၁နာ ဘယ်လောက်အထိ ပြေလည်နိုင်မလဲ။
ဖြေ – မပြေလည်နိုင်ပါဘူး။ ဒီလောက်တောင် သူတို့ဖမ်းပြီးပြီလေ။ အဓိကဖြန့်နေသူတွေကို မဖမ်းဆီးဘဲ မူးယစ်ဆေးသုံးစွဲနေသူတွေကိုပဲ ဖမ်းနေတာ ကြာပါပြီ။ ဒါပေမဲ့ (မူးယစ်ဆေး သုံးသူ အရေအတွက်) လုံးဝ လျော့သွားတာ မရှိပါဘူး။ ဒါဟာထိရောက်တဲ့ နည်းလမ်း မဟုတ်ပါဘူး။
မေး – လူငယ်တွေ အတွက် အပျော်အပါး အစီအစဉ် ရွေးချယ်စရာ နည်းပါးတာဟာ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းနဲ့ သက်ဆိုင်ပါသလား။
ဖြေ – အပန်းဖြေစရာတို့၊ အားကစားတို့ ကျွန်မတို့ဒေသမှာ မြှင့်တင်စရာတွေ အများကြီး လိုအပ်ပါတယ်။ ပညာပေးလည်း အစိုးရပိုင်းကနေ လုပ်ပေးတာမျိုး သိပ်မရှိသေးဘူး၊ အစိုးရသစ်မှာ အဓိက စိန်ခေါ်မှုကြီးတစ်ခုပေါ့ ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရသစ် မဖွဲ့ခင်ကတည်းက လူငယ်တွေအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို ပြောပါတယ်။ အားကစားတို့ ဂီတတို့နဲ့ လုပ်မလား၊ ဒါကို ဘယ်လို အကောင်းဆုံး ဖြေရှင်း ရမလဲဆိုတာ အချိန်ယူပြီး အဖြေရှာရဦးမှာပါ၊ အလုပ်လက်မဲ့ပြသ၁နာကြောင့် လည်း ဖြစ်နိုင်တာပေါ့။
မေး – မူးယစ်ဆေး သုံးစွဲခြင်းနဲ့ ရောင်းဝယ်ဖောက်ကားခြင်း ဆန့်ကျင်ရေး ပညာပေး အစီအစဉ်တွေ ဘယ်လို ဆောင်ရွက်သွားသင့်သလဲ။
ဖြေ – နိုင်ငံတော်အစိုးရအနေနဲ့ ချမှတ်ပြီး စနစ်တကျ အကောင်အထည် မဖော်ဘူး ဆိုရင်တော့ ဒီလိုပညာပေးဖို့ကို ကိုယ့်မြို့နယ်မှာကိုယ် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။
မေး – မနှစ်က ရာသီဥတုဖောက်ပြန်ပြီး ကလေးမြို့မှာ ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရပါတယ်။ ဒီနှစ်မှာလည်း ဒီဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားဘူးလို့ မပြောနိုင်ပါ ဘူး။ ရေဘေး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ ရှိပါသလား။
ဖြေ – ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာပါတယ်။ သူနဲ့လည်း ကြိုတင် ကာကွယ်ရေးအနေနဲ့ ဆွေးနွေးထားတာ ရှိပါတယ်။ အုပ်ချုပ်ရေးပိုင်းတွေလည်း ဒါနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေကြပါတယ်။ ဥပမာအားဖြင့် ကယ်ဆယ်ရေးကို ဘယ်နေရာမှာ ထားမလဲ။ ရေကြီးတဲ့အချိန်မှာ အိမ်ခြေပေါင်း ၁,၅ဝဝ အတွက် စားနပ်ရိက္ခာတွေ အဆင်သင့်လုပ်ထားဖို့။ လှေလည်း ၈ စင်း လောက် ထားရှိဖို့၊ ပြီးတော့ သဘာဝ ဘေးအန္တရာယ် ကြုံရင် ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ သင်တန်းမျိုး ပေးဖို့ ပြောသွားပါတယ်။ ဝန်ကြီးကတော့ အမြန်ဆုံး စီစဉ်ဖို့တော့ (အုပ်ချုပ်ရေးပိုင်းကို) ပြောသွားပါတယ်။